ရွှေဟင်္သာ
ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIO) ၏ လိုင်ဇာ ဌာချုပ် စခန်းရှိ စစ်ရေး လေ့ကျင့်ရေး ကျောင်းအား ယနေ့ နေလည်၌ အစိုးရ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့မှုကြောင့် သင်တန်း တက်ရောက် နေသည့် ဗိုလ်လောင်း ပွဲချင်းပြီး (၂၀) ဦး အပါအဝင် ၊ စုစုပေါင်း (၂၂) ဦး ကျဆုံးကာ (၁၅) ဦး ဒဏ်ရာ ရခဲ့ကြောင်း တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဦးလနန်နှင့် စစ်ရုံးချုပ်မှ ဗိုလ်မှူးကြီး ဇော်တောင် တို့က ရွှေဟင်္သာ သတင်းဌာနအား နိုဝင်ဘာလ (၁၉) ရက်နေ့၌ အတည်ပြု ပြောသည်။
“ကနေ့ နေ့လည် ၁၂ နာရီ ၃၆ မိနစ်မှာ လိုင်ဇာ ဌာနချုပ်ရဲ့ အထက်ဘက် တောင်ကုန်းမှာ ရှိတဲ့ ဗိုလ်လောင်း လေ့ကျင့်ရေး သင်တန်း ကျောင်းကို အစိုးရ တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တယ်၊ အဲဒီမှာ သင်တန်းကျောင်း ဆရာ အပါအဝင် သင်တန်းသား စုစုပေါင်း (၂၂) ဦး ကျဆုံးပြီး (၁၅) ဦး ဒဏ်ရာ ရခဲ့တယ်” ဟု ဦးလနန်က ရွှေဟင်္သာသတင်း ဌာနအား ပြောကြား ခဲ့သည်။
လိုင်ဇာ ဌာနချုပ် အနီး ခါယာတောင်တွင် တပ်စွဲ ထားသည့် အစိုးရ ခမရ (၃၈၇) တပ်မှ ပစ်ခတ် ခဲ့သည့် လက်နက်ကြီး ဖြစ်ကြောင်း ဦးလနန်က ပြောသည်။
ထို့ပြင် ထပ်မံ ၍လည်း ယနေ့ မနက် (၄) နာရီ၌ KIA မိုင်းတောင် ရှေ့တန်း စခန်းအား အစိုးရ ခလရ (၆) တပ်ရင်းမှ စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲ ခဲ့၍ လည်းကောင်း၊ မနက် (၉) နာရီ ဝန်းကျင်၌ KIA တပ်ရင်း (၄၃၅) တပ်ဖွဲ့အား ခမရ (၃၈၄) တပ်ရင်းမှ လက်နက်ကြီး လက်နက်ငယ် များဖြင့် ပစ်ခတ် ခဲ့သဖြင့်လည်း နာရီဝက်ခန့် တိုက်ပွဲ ဖြစ်ခဲ့ကြောင်းနှင့်၊ မနက် (၁၀) နာရီ ဝန်းကျင် တွင်လည်း KIA တပ်ရင်း (၁၁) ရဲဘော် နှစ်ဦးအား အစိုးရမှ ခြုံခို တိုက်ခိုက် ခဲ့၍ ရဲဘော် တစ်ဦး ကျဆုံး ခဲ့ရကြောင်း ဦးလနန်က ရွှေဟင်္သာ သတင်းဌာနအား အတည်ပြု ပြောသည်။
နှစ်ဖက် အကြား တိုက်ပွဲများ ငြိမ်သက် နေရာမှ ယခုကဲ့သို့ လက်နက်ကြီးဖြင့် KIO ဘက်သို့ ပစ်ခတ်၍ အစိုးရတပ် တပ်မှ စတင် တိုက်ခိုက်ခြင်းမှာ ယခု နောက်ပိုင်း၌ အကြီးမားဆုံး ဖြစ်၍ အထိအခိုက် အကျအဆုံး အများဆုံး ဖြစ်ပွား ခဲ့ခြင်းလည်း ဖြစ်သည်။
ထိုသို့ ပစ်ခတ် ခဲ့သည့် လက်နက်ကြီးမှာ ၁၀၅ မမ တာဝေးပစ် အမြှောက် သို့မဟုတ် ၇၆ မမ အမြှောက် ဖြစ်နိုင် သည်ဟု KIO မှ ယူဆ နေကြောင်း KIO စစ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ် တဦး ဖြစ်သည့် ဗိုလ်မှူးကြီး ဇော်တောင် ကလည်း ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။
“လက်နက်ကြီး ကတော့ ၁၀၅ မမ မဟုတ်ရင် ၇၆ မမ တစ်ခုခုတော့ ဖြစ်နိုင်ခြေ ရှိတယ်၊ လေ့ကျင့်ရေး လုပ်နေ တုန်း၊ သင်တန်းသား လေးတွေ စစ်ရေးပြ နေတုန်း ကျပေါက်တော့တယ်” ဟု ဗိုလ်မှူးကြီး ဇော်တောင်ကလည်း ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၁၉) ရက်နေ့၌ ပြောကြား ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၁၆) ရက်နေ့နှင့် (၁၇) ရက်နေ့ များ၌လည်း KIO တပ်မဟာ (၃) ဧရိယာ၌ အစိုးရ တပ်ရင်း (၃၁၇) နှင့် KIO တပ်ရင်း (၁၂) နှင့် တပ်ရင်း (၂၇) တို့အကြား တိုက်ပွဲ ဖြစ်ပွား ခဲ့ကြကာ ကချင် လွတ်လပ်ရေး အဖွဲ့ ဗိုလ်ဖောင်ဂျေး လဒွဲ ကျဆုံး ခဲ့ရသေးသည်။
ယခု KIO တပ်ဖွဲ့နှင့် အစိုးရ တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွား နေသည့် ဒေသ များ၌ ဗန်းမော် အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) တပ်ရင်းများ၊ကချင်ပြည်နယ် မိုးကောင်း အခြေစိုက် စကခ (၃) လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားလျက် ရှိကြောင်းနှင့် စကခ (၃) စကခ မှူးမှာ ဗိုလ်မှူးချုပ် ခွန်သန့်ဇော်ထူး ဖြစ်ကြောင်း KIO စစ်ရုံးချုပ်မှ ဗိုလ်မှူးကြီး ဇော်တောင်က ပြောသည်။

No comments:
Post a Comment