Wednesday, November 26, 2014

သုံးလအတွင်း MPT ဆင်းမ်ကတ် သုံးသန်းခွဲကျော်ရောင်းချခဲ့

စ, ချိုကို

စက်တင်ဘာလမှ စတင်၍ MPT ၏ မိုဘိုင်းဆင်းမ်ကတ်များကို ကျပ် ၁၅၀၀ ဖြင့် ဖုန်းအရောင်းဆိုင်များတွင် စတင်ရောင်းချ ပေးခဲ့ရာ၌ နိုဝင်ဘာ တတိယပတ်အထိ ဆင်းမ်ကတ်အရေအတွက် သုံးသန်းခွဲကျော် ရောင်းချပေးခဲ့သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ စီးပွားရေး ဒါရိုက်တာ ဦးစောထူးသာက ပြောသည်။

၂၀၁၄ စက်တင်ဘာမှ ဒီဇင်ဘာလအထိ မိုဘိုင်းဆင်းမ်ကတ် ငါးသန်းကျော်အထိ ရောင်းချပေးသွားမည်ဟုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားပြီး နောက်ပိုင်း လက်ရှိ အချိန်ထိ ကတ်အရေအတွက် သုံးသန်းခွဲကျော် ရောင်းချပေးထားခြင်းဖြစ်သည်။

ဦးစောထူးသာက “အရင်ကြေငြာထားတဲ့အတိုင်း နောက်လမှာ ဆင်းမ်ကတ် တစ်သန်းခွဲလောက် ဆက်ရောင်းမယ်။ နောင်နှစ်တွေမှာလဲ ဒီလိုပဲ ဆက်တိုက်ဆက်တိုက် ချထားပေးတဲ့ ပုံစံမျိုးနဲ့ ရောင်းပေးသွားမယ်” ဟုပြောသည်။

ယင်းအပြင် MPT ဆင်းမ်ကတ်များ ရောင်းချပေးမည့် Brand Shop ဆိုင်များကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး တိုက်ရိုက်အရောင်း ကိုယ်စားလှယ်ဆိုင်များကိုလည်း တိုးမြှင့်ခန့်အပ် ထားသည်ဟု ၎င်းက ဆိုသည်။

ဦးစောထူးသာက “လက်ရှိတော့ Brand Shop ဆိုင်တွေကို လည်း ဖွင့်ဖို့ပြင်ဆင်နေတယ်။ တိုက်ရိုက် အရောင်း ကိုယ်စားလှယ်ဆိုင်တွေ ကိုလည်း တစ်နိုင်ငံလုံး ခန့်အပ်ထားတာ ၃၅ ခုအထိ ရှိလာပါပြီ” ဟု ပြောသည်။

၂၀၁၃ ခုနှစ်မှ စတင်၍ MPT ၏ဆင်းမ်ကတ်များကို ကျပ် ၁၅၀၀ ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး များတွင် မဲဖောက်သည့် စနစ်ဖြင့် ရောင်းချပေး ခဲ့ရာတွင် ပြင်ပမှောင်ခိုဈေးကွက်၌ ဆင်းကတ်ဈေးမှာ ကျပ်တစ်သိန်း ၀န်းကျင်အထိ ရှိနေခဲ့သည်။

သို့သော်အခြား နိုင်ငံတကာအော်ပရေတာများဖြစ်သော အူရီးဒူနှင့် တယ်လီနော တို့ကလည်း ၎င်းတို့၏ မိုဘိုင်းဆင်းမ်ကတ်များကို ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင် သြဂုတ်နှင့် စက်တင်ဘာလများတွင် စတင်ရောင်းချ ပေးခဲ့ရာ မိုဘိုင်းဈေးကွက်တွင် ဆင်းမ်ကတ်မှောင်ခို ဈေးနှုန်းများလည်း ကျဆင်းလာခဲ့သည်။

ဟင်္သာတမြို့ရှိ မိုဘိုင်းဖုန်အရောင်းဆိုင်မှ ဒေါ်သီတာက “တယ်လီနောတို့၊ အူရီးဒူးတို့က နယ်မြို့တွေမှာသုံးလို့ မရသေးဘူး။ ဒါ့ကြောင့် နယ်တွေမှာတော့ MPT ကတ်ကိုပဲ ၀ယ်သုံးနေကြရတယ်။ ခုဆို ဆင်းမ်ကတ်က ကျပ် ထောင်ဂဏန်းလောက်အထိ ကျလာတယ်ဆိုတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ဖုန်းခေါ်ဆိုခတွေကိုလည်း ထပ်မံလျော့ချပေးစေချင်ပါတယ်” ဟု ပြောသည်။

MPT က မိုဘိုင်းဖုန်းခေါ်ဆိုခများနှင့် အင်တာနက်အသုံးပြခ ကောက်ခံမှု ပုံစံများကိုပြောင်းလဲ ကောက်ခံရန်စီစဉ်နေပြီး ပြောင်းလဲကောက်ခံမည့် အချိန်ကိုမှု တရားဝင်ပြောကြား၍ မရသေးဟု မြန်မာ့ဆက်သွယ်ရေး မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဆင်းမ်ကတ်ချထာပေးမှု တစ်နိုင်ငံလုံးအနေဖြင့် ဆင်းမ်ကတ် တစ်ဆယ့် ငါးသန်း ကျော်ခန့် ရှိနေပြီး အခြားအော်ပရေတာများ ကလည်း ဆင်းမ်ကတ်အရေအတွက် သန်းနှင့် ချီ၍ ရောင်းချပေးခဲ့ပြီဖြစ်သည်။

ပြည်တွင်း မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ တယ်လီနော၊ အူရီးဒူးတို့ ၀န်ဆောင်မှု ပေးနေပြီး ရတနာပုံ တယ်လီပို့ကလည်း ၀န်ဆောင်မှု ပေးမည်ဖြစ်သည်။

No comments: