ဂျွန်ချစ်ငြိမ်း
တောင်ကြီးမြို့တွင် ပုဂ္ဂလိက အမှိုက်သိမ်းဆည်းရေး လုပ်ကိုင်နေသည့် မွှေးကုမ္ပဏီ၏ ဝန်ဆောင်ခနှုန်း များလွန်းသည်ဟုဆိုကာ မြို့ပေါ် ၂၂ ရပ်ကွက်လုံးရှိ ဒေသခံများက လက်မှတ်ရေးထိုး ကန့်ကွက်ထားသည် ဟု ကာယကံရှင်များက မဇ္ဈိမကို ပြောသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့စွဲဖြင့် ရပ်ကွက်အသီးသီးမှ အုပ်ချုပ်ရေးမှူးများက လက်မှတ်ရေးထိုး ကန့်ကွက်ထားခြင်းဖြစ်ပြီး မြို့နယ် စည်ပင်သာယာရေး ကော်မတီသို့ ပေးပို့ထားသည်ဟု ကန်ရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ က ဆိုသည်။
"သူတို့ သက်မှတ်ထားတဲ့ ဈေးနှုန်းတွေက များနေတယ်၊ ထိုက်တန်တဲ့ဈေးနှုန်း ဆိုရင်တော့ ပေးဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။ အဆိုပါ ကုမ္ပဏီကို မြို့နယ် စည်ပင်သာယာရေး ကော်မတီက လုပ်ကိုင်ခွင့်ပေးစဉ်ကပင် ပွင့်လင်းမြင်သာမှုမရှိခဲ့ဟု ကန့်ကွက်သူတို့ က ဝေဖန်သည်။
တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးကမူ ကုမ္ပဏီ၏ သတ်မှတ်သည့်ဈေးနှုန်းကို အများလက်ခံသည့် ပမာဏဖြစ်ရန် ညှိနှိုင်းပေးမည်ဟု မဇ္ဈိမကိုပြောသည်။ ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကလည်း အများလက်ခံသည့်နှုန်းနှင့် အကောင်းဆုံးဝန်ဆောင်မှု ပေးမည်ဟု ဆိုသည်။
ကုမ္ပဏီက ပျဉ်ထောင်အိမ် (တစ်ထပ်) ကို တစ်လ အမှိုက်သိမ်းဆည်းခ ကျပ် ၁၀၀၀၊ ပျဉ်ထောင် ( နှစ်ထပ်) ကို ကျပ် ၂၀၀၀၊ ၂ထပ်တိုက်ကို ကျပ် ၂၅၀၀ စသဖြင့် နှုန်းထားများ ခွဲခြားကောက်ခံခြင်းဖြစ်ပြီး တောင်ကြီးမိုတယ်ကို တစ်လလျှင် ကျပ်တစ်သောင်း၊ လက်ဖက်ရည် ဆိုင်ကြီးများကို တစ်လလျှင် ကျပ်နှစ်သောင်းကောက်မည်ဟု ထုတ်ပြန်ထားသည်။
No comments:
Post a Comment