Monday, December 29, 2014

စည်ပင်ရွေးကောက်ပွဲ အနိုင်အရှုံးစာရင်း ဒီဇင်ဘာ ၂၉ညနေမှ တိတိကျကျ ထုတ်ပြန်မည်

ဇေယျာချမ်းအေး

နှစ်ပေါင်း ၆၀ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကို ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ ၂၇ရက်က ကျင်းပခဲ့အပြီး မဲရုံတစ်ရုံးချင်းစီအလိုက် မဲရေတွက်မှု စာရင်းများကို ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ် လောင်းများထံ ရွေးကောက်ပွဲ ကော်မရှင်က အချိန်နှင့် တပြေးညီ ပေးပို့နိုင်ခြင်း မရှိသေးဟု ကိုယ်စားလှယ်လောင်းများက မဇ္ဈိမကို ပြောသည်။

မူလက ညနေ ၄နာရီနောက်ပိုင်းမှ စတင်ကာ မဲရုံတစ်ရုံးချင်းစီအလိုက် မဲရရှိမှုစာရင်းများကို ရရှိနိုင်မည်ဟု ကိုယ်စားလှယ်လောင်းများက ခန့်မှန်းခဲ့သော်လည်း ညနေ ၅နာရီခွဲအချိန်အထိ မဲရုံတစ်ရုံချင်းစီထံမှ တိကျသော စာရင်းများရရှိရန် အခက်အခဲတွေ့နေရသည်ဟု အနောက်ပိုင်းခရိုင်မှ ဗဟိုကော်မတီဝင်အဖြစ် ဝင်ရောက်ယှဉ် ပြိုင်သည့် ဦးဝင်းချိုက မဇ္ဈိမကိုပြောသည်။

ထိုသို့အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ခြင်းမရှိသည့် အခြေအနေအပေါ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကော်မရှင်တွင် စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များရှိနေသည်ဟု မဇ္ဈိမကို ဝန်ခံပြောကြားထားသည်။

ရွေးကောက်ပွဲ အနိုင်အရှုံးစာရင်းကို ဒီဇင်ဘာ ၂၇ရက် ညနေ ၄နာရီနောက်ပိုင်း ၄၈နာရီအတွင်း ထုတ်ပြန်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥပဒေတွင် ဖော်ပြထားခြင်းကြောင့် ဒီဇင်ဘာ ၂၉ ညနေပိုင်းရောက်မှသာ တိကျသော အနိုင်အရှုံးစာရင်းကို ထုတ်ပြန်နိုင်မည်ဟု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

မဲရေတွက်မှု စာရင်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် မဲမသမာမှုဖြစ်ပွားရန် ရာခိုင်နှုန်း ပို မိုများပြားလျက်ရှိပြီး မဲပေးခွင့်ရှိသူများထဲမှ ထက်ဝက်ခန့်သည့် မဲရုံများသို့ ဆန္ဒမဲလာရောက်ပေးခြင်း မပြုခဲ့ကြောင်း အနောက်ပိုင်းခရိုင်မဲရုံများထံမှ စုံစမ်းသိရှိရသည်။

မြောက်ပိုင်းခရိုင်မှ ဗဟိုကော်မတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် နော်လှလှစိုးက “အန်တီတို့ အခုအချိန်အထိ ဘာမှ အတိအကျ မပြောနိုင်သေးပါဘူး။ မဲရုံအလိုက်မဲစာရင်းတွေရဖို့ ညဘက်အထိလုပ်သွားရဖို့ရှိပါတယ်။ ကိုယ်စားလှယ်တစ်ယောက်ကို မဲရုံရာကျော်အတွက် စာရင်းလိုက်ကောက်ရတာ ဖြစ်တဲ့အတွက် အခုလိုကြန့် ကြာနေရတာဖြစ်ပါတယ်” ဟု ရှင်းလင်းပြောဆိုသည်။

No comments: