Friday, February 6, 2015

ထားဝယ်သပိတ်နှင့် မော်လမြိုင်သပိတ်တို့ ဖေဖော်ဝါရီ ၉ရက်တွင် ကျိုက္ခမီ၌ ဆုံမည်

ခင်မြတ်မြတ်ဝေ၊ အောင်ကိုဦး

ထားဝယ် ကျောင်းသားသပိတ်စစ်ကြောင်နှင့် မော်လမြိုင် ကျောင်းသားသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၉ရက်တွင် မော်လမြိုင် ကျိုက္ခမီလမ်းဆုံတွင် ပေါင်းဆုံ၍ ရန်ကုန်သို့ ဆက်လက်ချီတက်မည်ဟု ထားဝယ်ကျောင်းသား သပိတ်ခေါင်းဆောင် ကိုမင်းလွင်က မဇ္ဈိမကို ပြောသည်။

"မနက်ဖြန်ကို ရွှေတောင်စာ စေတီ ဘုရားဝင်ကြီးကနေ သပိတ်စထွက်မယ်။ ၆ရက်နေ့ကနေ ၈ရက်နေ့ အထိကို ထားဝယ်မြို့ပေါ်မှာ ကျောင်းသားတွေကို စည်းရုံးလှုံ့ဆော်မှုပဲလုပ်မှာပါ။ ၉ရက်နေ့ကျရင်တော့ မော်လမြိုင်က သပိတ်စစ်ကြောင်းနဲ့ ပေါင်းမယ် ရန်ကုန်ကို ချီတက်သွားမယ်" ဟု ၎င်းကဆိုသည်။

မော်လမြိုင် ကျောင်းသားသပိတ်စစ်ကြောင်းသည်လည်း ဖေဖော်ဝါရီ ၉ရက်တွင် စတင်ထွက်မည်ဖြစ်ကာ ထိုနေ့တွင်ပင် ထားဝယ်သပိတ်နှင့် ပေါင်းစည်းမည်ဟု မော်လမြိုင်ကျောင်းသား သမဂ္ဂ ခေါင်းဆောင် ကိုဖုန်းမြတ်မိုးက မဇ္ဈိမသို့ပြောသည်။

"ထားဝယ်သပိတ်နဲ့ ပေါင်းဖို့ရှိတယ်။ ဘယ်လိုလုပ်မယ် ဆိုတာတော့ အစည်းအဝေး လုပ်နေတုန်းပါ"ဟု ၎င်းကဆိုသည်။

အလားတူ အစောဆုံးထွက်လာသည့် မန္တလေးကျောင်းသားသပိတ်သည် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့သို့ ရောက်ရှိနေပြီသည်။

ဧရာဝတီတိုင်း ကျောင်းသားသပိတ်သည်လည်း ဖေဖော်ဝါရီ ၅ရက်တွင် ပန်းတနော်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

ကျောင်းသားခေါင်းဆောင်များ၊ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER)၊ အစိုးရ နှင့် လွှတ်တော်တို့ ဖေဖော်ဝါရီ ၁ရက်က အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရန် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ တွေ့ဆုံဆွေးနွေးရာ ပြေလည်မှု မရသေးသဖြင့် ဖေဖော်ဝါရီ ၃ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနရုံးတွင် ဆက်လက်ဆွေးနွေးရန် စီစဉ်ခဲ့သည်။ သို့သော် ဆွေးနွေးမည့် အချိန်တွင် ကျောင်းသားများဘက်က သတ်မှတ်လူဦးရေထက်များရာမှ ညှိနှိုင်းမရဘဲ ပြည်ထောင်စုနေ့အတွက် အစည်းအဝေးများ ရှိသည်ဟု အကြောင်းပြ၍ ပြည်ထောင်စုနေ့ နောက်ပိုင်းမှသာ ပြန်လည်တွေ့ဆုံဆွေးနွေးရန် သမ္မတ၏ သဘောဆန္ဒပြဖြင့် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းခဲ့သည်။

ယင်းသို့ ဆွေးနွေးပွဲ ရွှေ့ဆိုင်းပြီးနောက်တွင် ရပ်နားထားသည့် ကျောင်းသားသပိတ်များနှင့် ထွက်ရန် ပြင်ဆင်နေသည့် ကျောင်းသားသပိတ် အားလုံး သပိတ်ကို စတင်ချီတက်ခဲ့ကြခြင်းဖြစ်သည်။

No comments: