သျှမ်းသံတော်ဆင့်
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင် လင်းခေး မြို့နယ်တွင် ဒေသတွင်း သံဃာ တော်များ ဦးဆောင် မှုဖြင့် ကိုယ့်အား ကိုယ်ကိုး တံတားဖွင့်ပွဲ ယနေ့ မနက်တွင် ကျင်းပကြောင်း စုံစမ်း သိရှိ ရသည်။
“ လင်းခေးမြို့နယ်ထဲက ဆရာတော် သံဃာတော်တွေရယ် မြို့ခံပြည်သူလူထု တွေရယ် နောက်ပြီး တော့ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး အထွေထွေ အုပ်ချုပ်ရေးမှူးတွေဖွင့်ပွဲတက်ရောက်တယ်။ ဆရာတော်က နံနက် ၉ နာရီမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်တယ်။ ဖွင့်ပွဲတက်ရောက်လာတဲ့လူထု ၅၀၀၀ လောက်ရှိပါတယ်။ အရမ်းစည်ကားပါတယ်” ဟု ပွဲဝင်ပရိသတ်တဦးဖြစ်သည့် စိုင်းဟတ် ကပြော သည်။
လင်းခေးမြို့နယ်၏ မြောက်ဘက် ၁ မိုင်ခန့်အကွာရှိဟွေလစ်ချောင်းခြောက်ကူးရန် တံတား ဖြစ်ပြီး ဝမ့်စစ်အုပ်စု ၊ ဟိုင်းကွေ့အုပ်စုနှင့် နောင်လုံအုပ်စု မှ ဒေသခံရွာသားများ သွားလာ မှု လွယ်ကူရေး အတွက် ရည်ရွယ်ကြောင်း ကူညီဆောင်ရွက်သူ လုံးစိုင်းက ပြောဆိုပါသည်။
“ ဒီတံတားကြီးဖြစ်လာအောင် ဆရာတော် ဦးရာဇ၀ဏ္ဏ (ဟိုနားကျောင်း) က ဦးဆောင် ပြီးတော့ ဒေသတွင်းနဲ့ လင်းခေးမြို့နေ ပြည်သူလူထုတွေ ပါဝင်ကုသိုလ်ယူကြတယ်။ R.C ကွန်ကရစ်တံတား ပေါ့။ ပေ ၁၀၀ ရှည်ပါတယ်။ အကျယ်က ၁၈ ပေ။ ဆောက်လုပ်ရေးမှာ တာဝန်ယူတာက စိုင်းမိုးဝင်း အောင်ပါ။ တံတားရှိတော့ သွားလာရလွယ်သွားတာပေါ့။ ဒီက ဟွေလစ်ချောင်းခြောက်က အရမ်း နက်တာကိုး” ဟု လုံးစိုင်းက ပြောသည်။
တံတားဖွင့်ပွဲကို ဖေဖော်ဝါရီ ၃ ရက်မှ ၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း၊ ပွဲကာလအတွင်း ဒေသခံလူထုမှ စုပေါင်း၍ စတုဒီတာ ထမင်းဟင်း တနေ့ ၃ ကြိမ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဖဖော်ဝါရီ ၇ ရက်နေ့သည် သျှမ်းပြည်အမျိုးသားနေ့လည်းဖြစ်သည်နှင့်အညီ အထိမ်း အမှတ် အဖြစ် လိုင်စင်မဲ့ကား၊ ထော်လာဂျီ ဆိုင်ကယ်များအပါအဝင် အဖိုးတန်ပစ္စည်းပေါင်း ၂၀ ခန့် စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၀၀ ခန့်ကို လည်း မဲဖောက်ပေးမည်ဖြစ်ကြောင်း ပွဲဝင်ပရိသတ် မောဝ်ရွှေပီက ပြောသည်။
ဆရာတော် ဦးရာဇ၀ဏ္ဏကလည်း “ ဒီဟွေလစ်ချောင်းခြောက်ကိုဖြတ်သန်းသွားလာရတာ အရမ်းကို ခက်ခဲတယ်။ မိုးတွင်းဆိုရင်ပိုဆိုးပါတယ်။ တောင်ကျရေကြောင့် ချောင်းကူးမရလို့ ဈေးမဆင်းရ ကုန်မရောင်းကြရပါဘူး။ ဒါကြောင့် ဒီဟာကို တတ်နိုင်သလောက် လုပ်သွားမယ်ဆိုပြီး ၂၀၁၃ နှစ်ကုန် သျှမ်းနှစ်သစ်ကူးကတည်းက စိတ်ကူးရခဲ့ပါတယ်။ ငွေကြေးလည်း မြို့သားရွာသားတွေရဲ့ ကိုယ်ထူကိုယ်ထပေါ့နော်။ အခုဆောက်လုပ်ပြီးစီးသွားတာ ကျပ်သိန်းပေါင်း ၁၃၀၀ ကျော်ပါတယ်” ဟု သျှမ်းသံတော်ဆင့်အားမိန့်တော်မူသည်။
အဆိုပါ ခိုခမ်း (ဟွေလစ်) တံတားသည် လင်းခေးမြို့နယ် ဝမ့်စစ်အုပ်စု ၊ ဟိုင်းကွေ့အုပ်စုနှင့် နောင်လုံအုပ်စုမှ ဒေသခံ ၁၀ ရွာကျော်မှရွာသားများ လင်းခေးမြို့သို့သွား လာဆက်သွယ်မှုလွယ်ကူ စေရန် ရည်ရွယ်၍ တနှစ်ကြာအချိန်ယူတည်ဆောက်ခဲ့ပါသည်။ အဆိုပါ အုပ်စုသုံးခုမှ ဒေသခံများ သည် လင်းခေးမြို့၏ အဓိကထုတ်ကုန်ဖြစ်သော ကွမ်းသီး၊ ကြံ၊ နှမ်း၊မြေပဲတို့ကို အဓိကစိုက်ပျိုး ပါသည်။

No comments:
Post a Comment