Wednesday, February 4, 2015

အစိုးရ၏ ဆွေးနွေးပွဲ ရွှေ့ဆိုင်းမှုကြောင့် ကျောင်းသားသပိတ် အရှိန်မြှင့်

စနေလင်း

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို အစိုးရက ဖေဖော်ဝါရီလ ၁၂ ရက်နောက်ပိုင်း မှ သာ ကျင်းပနိုင်မည်ဟု ပြောဆို၍ ရွှေ့ဆိုင်းလိုက်မှုကြောင့် ယာယီရပ်နားထားသော ကျောင်းသား သပိတ်များကို ပြန် လည် အရှိန် မြှင့်တင်သွားမည်ဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်များက ယနေ့ ကြေညာလိုက်သည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရာတွင် ဆွေးနွေးညှိနှိုင်းသော ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် အဖြေရှာရေး မူဝါဒကို ဆုပ် ကိုင် ထားသော်လည်း အစိုးရက တဖက်သတ် ဆွေးနွေးပွဲ ရပ်ဆိုင်းလိုက်ကြောင်း၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်း တွင်မှ တွေ့ဆုံဆွေးနွေးမည်ဟု အစိုးရက ပြောဆိုထားသော်လည်း တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံး ပြန်လည် ကျင်းပရန် တောင်း ဆို ကြောင်း ယနေ့ နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနရုံးရှေ့တွင် ကျင်းပသော သတင်းစာ ရှင်းလင်း ပွဲတွင် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန္ဒစစ် အောင်က ပြောသည်။

“အစိုးရရဲ့ သဘောထားကိုက ကျနော်တို့တောင်းဆိုတာကို မဖြေရှင်းပေးခင်ကတည်းက ကျနော်တို့သပိတ်ကို ရပ်ခိုင်းထား တာ ကို ကြည့်လိုက်တာနဲ့ သူတို့သဘောထားက စိတ်စေတနာမရှိတာပေါ်လွင်နေပြီ။ ကျနော်တိုက မယုံကြည်ခဲ့လို့မန္တလေး ကနေ ရန်ကုန်အထိ ဆက်လမ်းလျှောက်နေတဲ့ သပိတ်စစ်ကြောင်းကို မရပ်ဘဲ ဆက်လုပ်ခဲ့တာ။ ဒီနေ့ကျနော်တို့ သဘော ထား မပါဘဲနဲ့ ဆွေးနွေးပွဲ ရွှေ့ဆိုင်းတာကလည်း သူတို့ရဲ့ သဘောထားကို ထပ်သက် သေပြနေပြီ။ အဲဒါကြောင့် အခု ရပ် နား ထားခဲ့တဲ့ ကျန်တဲ့သပိတ်စစ်ကြောင်းတွေ သပိတ်မှောက်လမ်း လျှောက်တာစလုပ်တော့မယ်။ သပိတ်ကို ထပ်တိုး လုပ် မယ်” ဟု ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် တဦးဖြစ်သူ ကိုမင်းသွေးသစ်က ဆိုသည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ရာတွင် ပြည်သူလူထုကို ယုံကြည်သောကြောင့် လမ်းပေါ် ထွက် လာခဲ့ ခြင်းဖြစ်ပြီး ပြည်သူလူထု၏ ၀န်းရံမှုများဖြင့် အတားအဆီးများကို ကျော်ဖြတ်လာနိုင်ခဲ့ခြင်းကြောင်း၊ ရန်ကုန်အထိ ချီတက် လမ်းလျှောက်ခဲ့စဉ် ပြည်သူလူထုများကို စည်းရုံဟောပြော၍ ပြည်သူ့လူထုအားဖြင့် ဆက်လက်ချီတက် သပိတ် မှောက် သွားမည်ဟု ကျောင်းသားခေါင်းဆောင်များက ဆိုကြသည်။

ယနေ့ ဆွေးနွေးပွဲ မရပ်ဆိုင်းခင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက သမ္မတဦးသိန်းစိန်၏ ဆွေးနွေးပွဲ ရွှေ့ဆိုင်းကြောင်း ညွှန် ကြား စာကို ဖတ်ပြခဲ့ပြီး ဆွေးနွေးပွဲ တက်ရောက်လာသော ကျောင်းသား ခေါင်းဆောင် ၁၅ ဦးသည် သပိတ် မှောက် ကျောင်းသားများကို အမှန်တကယ် ကိုယ်စားပြုခြင်း ရှိ၊ မရှိ မေးခွန်းထုတ်ခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ ၁၅ ဦးကော်မတီက ဦးဆောင်မှုအသိအမှတ်ပြုသလား၊ မပြုသလားဆိုတာကို အခုရပ်နားထားတဲ့ သပိတ် စစ်ကြောင်း အားလုံးကို ရန်ကုန်အထိချီတက်ဖို့ ဒီ ၁၅ ဦးကော်မတီရဲ့ ဦးဆောင်မှုနဲ့ သက်သေပြမယ် ” ဟု တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုပိုင်ရဲသူက ပြောဆိုသည်။

သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “ဆွေးနွေးပွဲကျင်းပမယ့် ပုံသဏ္ဍာန်၊ သတ်မှတ်ချက် တွေနဲ့ ပတ်သက်ပြီး အငြင်း ပွား နေတာကြောင့် ဆွေးနွေးပွဲပုံသဏ္ဍန်တွေကို အကျေအလည် ညှိနှိုင်းဆွေးနွေးဖို့ လိုတယ်။ ကိုယ်စားပြုမှု တောင်းရ ခြင်း က အရေးကြီးပါတယ်။ ဆန္ဒပြကျောင်းသားတွေ တောင်းဆိုထားတာတွေကို အားလုံး ဖြည့်ဆည်း ဆောင် ရွက် ပေးပြီး တဲ့အချိန်မှာ သပိတ်မှောက်ဆန္ဒပြတာတွေ၊ လမ်းလျှောက်တာတွေ ဆက်ပြီး ရှိနေဦးမယ် ဆိုရင် အဲဒီ အချိန် ရောက်မှ ဒီဆန္ဒပြ ကျောင်းသားတွေနဲ့ ကျနော်တို့နဲ့ မဆိုင်ပါဘူး၊ သူတို့ ဆန္ဒပြတာ တာဝန်မယူနိုင်ပါဘူး ဆိုတာတွေ ဖြစ်လာ မှာ စိုးတဲ့ အတွက်ပဲ ဖြစ်ပါတယ်” ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ တက်ရောက်ရန် နေပြည်တော်သို့ လာရောက်သော ကျောင်းသား ခေါင်းဆောင် များနှင့် NNER ကိုယ်စားလှယ် များသည် အစိုးရ၏ နေပြည်တော်စည်ပင် ဧည့်ရိပ်သာတွင် တည်းခိုခွင့် မပြုခဲ့ ၍ လမ်းမ ပေါ်တွင် ညအိပ်ခဲ့ရကြောင်း သိရှိရ သည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ပညာရေးဝန်ကြီးဌာနရုံးတွင် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ မကျင်းပခင် သပိတ် မှောက်ကျောင်းသားကိုယ်စားလှယ်များနှင့် NNER မှ ကိုယ်စားလှယ်များနှင့်အတူ လိုက်လာသော ကျောင်းသား များ ကို ပညာရေးဝန်ကြီးဌာနရုံးအတွင်းသို့ ပေးမ၀င်ခဲ့၍ ကျောင်းသားများက ဆွေးနွေးပွဲ မတက်ရောက်ဘဲ ၀န်ကြီးရုံးရှေ့ တွင်သာ မတ်တပ်ရပ်စောင့်ဆိုင်းခဲ့ကြကြောင်း၊ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ အစိုးရဘက်နှင့် ကျောင်းသား ကိုယ်စား လှယ်များနှင့် ညှိနှိုင်းမှုအဆင်မပြေခဲ့ဘဲ နောက်ဆုံးတွင် အစိုးရက အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့နောက်ပိုင်းသို့ ရွှေ့ဆိုင်းသည်ဟု ကြေညာခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး တွေ့ဆုံ ဆွေးနွေးပွဲ တက်ရောက်လာသည့် မြန်မာနိုင်ငံ ပညာရေး ပြုပြင် ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ( NNER) မှ ဒေါက်တာသိန်းလွင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အရေး ယူမည်ဟု ကြေညာခဲ့ရာ NNER ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ အစိုးရက ကျောင်းသားများကို မေးခွန်း ထုတ်ခဲ့ ကြောင်း သိရှိရသည်။

ဒေါက်တာသိန်းလွင်ကမူ NNER သည် စုပေါင်းဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှုများအတွက် အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက်နေသော အဖွဲ့ဖြစ်ကြောင်း၊ ကျောင်း သားများ၏ သပိတ် မှောက်မှုသည် မှန်ကန်သော လုပ်ရပ်ဖြစ်သောကြောင့် NNER က ပူးပေါင်း ပါဝင်ရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော်ကို အမျိုးသားဒီမိုကရေစီပါတီက ထုတ်ပယ်တယ်ဆိုတာ ကျနော်နဲ့ ပါတီတို့အကြားက ကိစ္စသာဖြစ်တယ်။ ကျနော် က NNER မှာ ဆက်ရှိနေမယ်။ ကျောင်းသားတွေနဲ့ ဆက်တွဲဖက်နေ ဦးမှာဖြစ်တယ်။ ဆွေးနွေးပွဲကို ဖြစ်စေချင်ခဲ့တယ်။ ပညာရေး ပြုပြင်ပြောင်းလဲဖို့ ဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းကမှန်တယ် လို့လဲ ယူဆထားခဲ့တယ်။ အခုလို ဆွေးနွေးပွဲကိုရွှေ့ဆိုင်း လိုက်တာကို စိတ်တိုင်းမကျဖြစ်ရတယ် ” ဟု ဒေါက်တာသိန်းလွင်က ရှင်းပြသည်။

မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ချီတက်နေသော ပင်မသပိတ်မှောက်ကျောင်းသားများ စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၃ ရက် နေ့တွင် မကွေးမြို့သို့ ရောက်ရှိနေပြီး ဧရာဝတီတိုင်းသပိတ်မှောက်ကျောင်းသားများ စစ်ကြောင်းသည် ပုသိမ်မြို့မှ ရန်ကုန် မြို့သို့ ယနေ့ စတင်ချီတက်လာကြောင်း သိရှိရသည်။

No comments: