အောင်ကိုဦး
အမျိုးသား ပညာရေး ဥပဒေ သပိတ်မှောက် စစ်ကြောင်းအတွင်း စစ်ဖက်ရေးရာ လုံခြုံရေး (စရဖ)မှ ကျောင်းသား အသွင်ယူထားသူ တစ်ဦးကို သပိတ်စစ်ကြောင်းအတွင်း တွေ့ရှိ၍ ကျောင်းသားများက ရေနံချောင်း ရဲတပ်ဖွဲ့ထံ ဖေဖော်ဝါရီ ၁ ရက် ည ၁ဝ နာရီခန့်က သွားရောက်အပ်နှံရာ ရဲတပ်ဖွဲ့က စစ်ဆေးပြီး စရဖ တပ်သား တစ်ဦးဖြစ်ကြောင်း အတည်ပြုသည်။
''စိစစ်ပြီး အရေးယူသွားမှာပါ။ ကျွန်တော်တို့ လုံခြုံရေး ယူထားပါတယ်။ အခုလည်း တပ်နဲ့ဆက်သွယ်ပြီးမှ အတည်ပြုတာပါ။ ကျောင်းသားအတွင်း ထပ်မံရှိမရှိ စိစစ်ပေးသွားမယ်''ဟု ရေနံချောင်း ရဲစခန်း မှ ဒု-ရဲမှူး အောင်သန်းဝင်းက ပြောသည်။
၎င်းတပ်သားကို အရေးယူနိုင်ရန် တပ်မတော်ဘက်သို့ လွှဲပြောင်းပေးမည်ဟုလည်း ၎င်းက မဇ္ဈိမကို ပြောသည်။
ဗကသများ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုမိုးထက်နေ က ''ဒီလိုမျိုးလုပ်တာတော့ မကောင်းဘူး။ အခုလို လုပ်တာကို ရှုတ်ချပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းစွာ လုပ်ဆောင်နေတာကို အခုလို သူလျှိုထည့်တာကတော့ သူတို့ အကြံအစည် တစ်ခု ရှိနေလို့ပါ။ ကျွန်တော်တို့ သတိထားလုပ်ဆောင် သွားဖို့လိုပါတယ်။ အခု သူ့ကို ရဲအပ်တယ် ဆိုတာက ကျွန်တော်တို့ သူ့ကို ဘာမှမလုပ်ဘူးဆိုတာ သိစေဖို့နဲ့ ဥပဒေအတိုင်း အရေးယူပေးဖို့အပ် တာပါ'' ဟု ပြောသည်။
ဖေဖော်ဝါရီ ၁ ရက် ညက ကျောင်းသားထုအတွင်း စရဖ အသွင်ယူသူ တပ်သားကို ကျောင်းသားအဖွဲ့များက တွေ့ရှိ၍ ကျောင်းသားများ တည်းခိုနေရာ ရေနံချောင်းမြို့၊ အိုးဘိုရပ်ကွက်ရှိ စပ္ပာယ်ရုံကျောင်းတိုက်တွင် ထိန်းသိမ်းထားပြီး ရေနံချောင်းမြို့နယ် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးရန် ကျောင်းသားများ၊ ဆရာတော်များနှင့် ရပ်မိရပ်ဖများ၊ အိုးဘိုရပ်ကွက် အုပ်ချုပ်ရေးမှူးတို့နှင့် အတူ ဖေဖော်ဝါရီ ၁ ရက်၊ ည ၁ဝ နာရီတွင် သွားရောက်အပ်နှံခဲ့သည်။
No comments:
Post a Comment