ထင်လင်းအောင်
ပြည်တွင်း ဆန်စက်လုပ်ငန်းရှင်များကို ချေးငွေများ ထုတ်ချေးပေးနိုင်ရန် မြန်မာ့ဆန်စက် ကုမ္ပဏီနှင့် တရုတ်နိုင်ငံ မြန်မာ့ဆန်စက် ကုမ္ပဏီနှင့် တရုတ်နိုင်ငံ China CAMC Enginnering ကုမ္ပဏီတို့က ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်ဟု မြန်မာ့ဆန်စက် ကုမ္ပဏီ ဒါရိုက်တာ ဦးနေလင်းဇင်က မဇ္ဈိမကိုပြောသည်။
မြန်မာ့ဆန်စက် ကုမ္ပဏီသည် ပြည်တွင်း ဆန်ပို့ကုန်တိုးမြှင့်ရေး လုပ်ဆောင်နိုင်ရေးအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရန် China CAMC Engineering ကုမ္ပဏီနှင့် နားလည်မှုလက်မှတ် MoU ရေးထိုးခြင်းကို ဇန်နဝါရီ ၃၀ ရက်က ရေးထိုးခဲ့သည်။ ထို့ကဲ့သို့ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ရာတွင် ဆန်စက်လုပ်ငန်းများ ကို ချေးငွေထုတ်ပေးနိုင်ရန် အစီအစဉ်ကိုလည်း ထည့်သွင်း သဘောတူထားခြင်းဖြစ်သည်ဟု ဆိုသည်။
ဦးနေလင်းဇင်က 'China CAMC Engineering ကုမ္ပဏီအနေနဲ့ နိုင်ငံခြားဘဏ်တွေကနေတစ်ဆင့် ချေးငွေယူပြီး ပြည်တွင်းဆန်စက်တွေကို တစ်ဆင့်ချပေးနိုင်ဖို့ ညှိနှိုင်းထားတာတွေရှိတယ်။ အဲဒီကုမ္ပဏီက ထိုင်းနိုင်ငံကို ရောက်ခဲ့တဲ့ အချိန်တုန်းကလည်း ဘန်ကောက်ဘဏ်နဲ့ ညှိနှိုင်းထားတဲ့အပြင် ပြည်တွင်းမှာ ဘဏ်ဖွင့်ခွင့် ရထားတဲ့ တရုတ်ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်'ဟု ပြောသည်။
၎င်းချေးငွေချထားပေးနိုင်ရေးကိုမူ အစီအစဉ်တစ်ခုအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း လက်ရှိကာလအတွင်း ပြည်တွင်း၌ ဆန်စက်တည်ဆောက်ရေး ကိစ္စကိုသာ ကနဦးစီမံကိန်းအဖြစ် ဆောင်ရွက်မည်ဟု ဆိုသည်။ ချေးငွေကိစ္စများကို နောက်ပိုင်းတွင် လုပ်ဆောင်သွားမည့် စီမံကိန်းအဖြစ် ဆောင်ရွက်ထားခြင်းဖြစ်သည်ဟု ဆက်လက်ပြောသည်။
ဦးနေလင်းဇင်က 'ရင်းနှီးမြှုပ်နှံမှု လိုအပ်တဲ့ ပြည်တွင်းဆန်စက်သမားတွေကို ချေးငွေချပေးနိုင်ဖို့က နောက်ဆက်တွဲ စီမံကိန်းအဖြစ် သေသေချာချာ လုပ်ဆောင်သွားဖို့ သဘောတူထားပြီးဖြစ်ပါတယ်'ဟု ဆက်လက်ပြောသည်။
သို့ရာတွင် ချေးငွေအစီအစဉ်ကိုမူ ဘဏ်များက မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်းကို ချပေးကာ အသင်းမှတစ်ဆင့် လုပ်ငန်းရှင်များကို ချပေးမည့် နှစ်ဆင့်ချေးငွေ (two step loan) နှင့် ဘဏ်များက China CAMC Enginnering ကုမ္ပဏီကို ချပေးကာ ၎င်းကုမ္ပဏီကတစ်ဆင့် လုပ်ငန်းရှင်များကို ချပေးမည့် ချေးငွေ နှစ်မျိုးအနက် မည်သည့်ပုံစံဖြင့် ဆောင်ရွက်မည်ကို ညှိနှိုင်းဆဲဖြစ်သည်ဟု ဆိုသည်။
ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသောင်းဝင်းက 'ချေးငွေကိစ္စကတော့ တစ်ဖက်က ဆန်စက်သမားတွေနဲ့လည်း ညှိရဦးမှာ'ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့ဆန်စက် ကုမ္ပဏီနှင့် တရုတ်နိုင်ငံ China CAMC Enginnering ကုမ္ပဏီတို့သည် ၎င်းတို့၏ ပထမဆုံး စီမံကိန်းအနေဖြင့် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအကြားရှိ ဆားမလောက်ဒေသတွင် ကန်ဒေါ်လာ ခုနစ်သန်းခန့် ကုန်ကျမည့် ဆန်စက်ကို တည်ဆောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
No comments:
Post a Comment