Tuesday, February 3, 2015

ကျောက်မီးသွေးစက်ရုံ အကြိုတိုင်းတာမှုကို ငရုတ်ကောင်းဒေသခံ ၂၀၀ ကျော် ၀ိုင်းဝန်းတားမြစ်

ဆလိုင်းသန့်စင်

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းဒေသ၌ တည်ဆောက်ရန် လျာထားသည့် ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းအတွက် အေ၀မ်းစွမ်းအင်ကုမ္ပဏီက အကြိုသုတေသနတိုင်းတာမှု လုပ်ငန်းများ ပြုလုပ်သည့်အပေါ် ဒေသခံများက ၀ိုင်းဝန်းတားမြစ်မှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်မီးသွေး စက်ရုံတည်ဆောက်ခွင့် ရရှိထားသည့် အေ၀မ်းစွမ်းအင်ကုမ္ပဏီက ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ နံသပု ကျေးရွာ၌ ယမန်နေ့က စက်ရုံ တည်ဆောက်မှု ဖြစ်နိုင်ချေ ရှိ၊ မရှိ အကြို တိုင်းတာမှုများ ပြုလုပ်ခဲ့ရာ စီမံကိန်းကို သဘောမတူသည့် နံသပုကျေးရွာ ဒေသခံ ၂၀၀ ကျော်က တားမြစ် ကန့်ကွက်ခဲ့သောကြောင့် တိုင်းတာမှု လုပ်ငန်းများ ပြီးဆုံးအောင် မလုပ်နိုင်ခဲ့ဘဲ ရပ်ဆိုင်းခဲ့ရသည်။

“အေ၀မ်း ကုမ္ပဏီအဖွဲ့တွေက ကျမတို့ရွာနားက ကမ်းစပ်သောင်ခုံပေါ်မှာ တိုင်းတာတာတွေ လုပ်နေကြတော့ ကျမတို့ ရွာကအဖွဲ့တွေ သွားပြောကြတယ်။ တိုင်းတာမှုတွေကို လူထုဆန္ဒ မမေးဘဲ မလုပ်ဖို့၊ လုပ်မယ်ဆိုလည်း ရပ်ရွာ လူထု သဘောတူမှ ဆက်လုပ်ဖို့ ပြောဆိုပြီး ၀ိုင်းတားကြတယ်။ သွားတားကြတာ လူ ၂၀၀ ကျော်လောက် ရှိမယ်။ အဲဒီလို တားလိုက်တော့ ကုမ္ပဏီဘက်ကလည်း သူတို့လုပ်ငန်းတွေနားပြီး ပြန်သွားကြတယ်” ဟု တားမြစ်ရာတွင် ပါဝင်ခဲ့သူ နံသပုကျေးရွာမှ ဒေါ်စံကော့က ဧရာဝတီကို ပြောသည်။

ငရုတ်ကောင်း ဒေသ၌ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ အေ၀မ်းစွမ်းအင် ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ Japan Consortium Group ကုမ္ပဏီတို့ ပူးပေါင်း၍ လျှပ်စစ် ၃၀၀ မဂ္ဂါဝပ် ထုတ်လုပ်မည့်စက်ရုံ ၂ ရုံ တည်ဆောက်ရန် လျာထားပြီး အိန္ဒိယ အခြေစိုက် Ta Ta (တာတာ) ကုမ္ပဏီကလည်း ၂၇၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် စက်ရုံ ၂ ရုံ တည်ဆောက်ရန် မြန်မာအစိုးရနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးထားသည်။

ယခုတိုင်းတာမှုမှာ စီမံကိန်း တည်ဆောက်ရန် ဖြစ်နိုင်ချေရှိ၊ မရှိ သုတေသန စစ်တမ်း ပြုလုပ်ခြင်းသာဖြစ်ပြီး ဒေသခံများ စိုးရိမ်နေသကဲ့သို့ စက်ရုံတည်ဆောက်ရန် မြေတိုင်းခြင်းမဟုတ်ကြောင်း အေ၀မ်းစွမ်းအင် ကုမ္ပဏီမှ စီမံခန့်ခွဲမှုဒါရိုက်တာ ဦးကျော်ကျော်က ပြောသည်။

“တိုင်းတာက စီမံကိန်းလုပ်လို့ဖြစ်၊ မဖြစ် ပထမဦးဆုံး ရှေ့ပြေး Survey (သုတေသနစစ်တမ်း) ပြုလုပ်တာပါ။ နေရာ တည်ရှိမှု၊ မြေမျက်နှာပြင် အနေအထား၊ လူနေအိမ်တွေ၊ သစ်တောတွေ၊ စိုက်ခင်းတွေကို စစ်တမ်း လုပ်တာပါ။ ဒီ Survey ကြောင့် စက်ရုံလုပ်မယ် ဆိုတာ မဟုတ်ပါဘူး။ ကြားထဲမှာ လုပ်စရာအဆင့်တွေ အများကြီး ကျန်နေပါသေးတယ်” ဟု သူက ဆိုသည်။

ငရုတ်ကောင်း ဒေသခံများအနေဖြင့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းများအပေါ် သိရှိနားလည်စေရန် ဂျပန်နိုင်ငံရှိ ကျောက်မီးသွေး စက်ရုံများ လေ့လာနိုင်ရေးအတွက် အေ၀မ်းစွမ်းအင် ကုမ္ပဏီနှင့် ဂျပန်နိုင်ငံရှိ မစ်ဆူဘစ်ရှီ ကုမ္ပဏီတို့ ပူးပေါင်း၍ စီစဉ်ပေးသွားမည် ဖြစ်ကြောင်း စီမံခန့်ခွဲမှုဒါရိုက်တာ ဦးကျော်ကျော်က ဆိုသည်။

“ကျနော်တို့ ဒီကနေ့မှာလည်း နံသပုရွာက ဒေသခံတွေနဲ့တွေ့ဆုံပြီး စီမံကိန်းအကြောင်းကို အတတ်နိုင်ဆုံး ရှင်းပြ ပေးသွားမှာပါ။ ဒါ့အပြင် ငရုတ်ကောင်းဒေသခံတွေ ဂျပန်နိုင်ငံက ကျောက်မီးသွေး စက်ရုံတွေကို လေ့လာနိုင်ဖို့ တရွာကို ၅ ဦးနှုန်းလောက်ပေါ့လေ၊ လေ့လာရေးပို့ပေးဖို့ စီစဉ်နေပါတယ်” ဟု သူက ရှင်းပြသည်။

ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ပါက သဘာဝပတ်ဝန်းကျင်များ ပျက်စီးနိုင်ခြင်း၊ ကျေးရွာများ ရွှေ့ပြောင်းရခြင်း၊ လယ်ယာဥယျာဉ်မြေများ သိမ်းဆည်းခံရ၍ အလုပ်လက်မဲ့ ဖြစ်နိုင်မည့် အခြေအနေများ ပေါ်ပေါက်လာနိုင်ခြင်းတို့ကို ငရုတ်ကောင်းဒေသခံများက စိုးရိမ်နေကြပြီး ၎င်းတို့တတ်နိုင်သည့် နည်းလမ်းများဖြင့် စီမံကိန်း အပေါ် ကန့်ကွက်မှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။

လတ်တလောတွင် “ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ အလိုမရှိ” ဟူသော စာရွက်များကို ငရုတ်ကောင်း ကမ်းခြေ တလျှောက်ရှိ ကျေးရွာပေါင်း ၂၀ ကျော်တွင် ကပ်ထားကြပြီး “ကျွန်ုပ်တို့ ကျေးရွာကို ရွှေ့ပြောင်းပေးခြင်း မပြုနိုင်ပါ” ဟူသော မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များကိုလည်း ကျေးရွာထိပ်တွင် ချိတ်ဆွဲ ထားကြောင်း သိရသည်။

“ကျောက်မီးသွေးစက်ရုံ အလိုမရှိ၊ ရွာကို ပြောင်းမပေးနိုင် ဆိုတဲ့ စာတမ်းတွေ ကမ်းခြေတလျှောက် ရွာတိုင်းမှာ ကပ်ကြတယ်။ အိမ်တွေမှာ ကပ်တယ်၊ ရွာထဲ လမ်းတလျှောက်မှာလည်း ကပ်ထားကြတယ်။ ကျနော့်အိမ်မှာရော၊ ကျနော်တို့ တရွာလုံးရော အဲဒီလိုစာတွေ ကပ်ထားတယ်။ ဒါက ငရုတ်ကောင်းကို ရောက်လာသမျှလူတွေ သိရှိအောင် ကျနော်တို့ သဘောထားကို ပြထားတာပေါ့” ဟု ငရုတ်ကောင်းမြို့ ကြွေချိုင်ရွာမှ ဒေသခံ ကိုမြင့်သောင်းက ပြောသည်။

မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်မည့် ကျောက်မီးသွေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၂ ရုံ တည်ဆောက်ရန် အတွက် ဂျပန်နှင့် အေ၀မ်း ကုမ္ပဏီတို့က ၃၀ ရာခိုင်နှုန်း ထည့်ဝင်မည် ဖြစ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းကို ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်များမှ ချေးငွေများ ရယူ တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ဓာတ်အားပေးစက်ရုံ အတွက် အသုံးပြုမည့် ကျောက်မီးသွေးများကို အင်ဒိုနီးရှားနှင့် သြစတြေးလျ နိုင်ငံများမှ သင်္ဘောဖြင့် မှာယူ အသုံးပြုမည် ဖြစ်ပြီး ဓာတ်အားပေး စက်ရုံနှင့်အတူ တန်ချိန် ၈ သောင်း အထိ တင်ဆောင်နိုင်မည့် ပင်လယ်ကူး ကုန်တင်သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်း တခုကိုပါ ပူးတွဲ တည်ဆောက်သွားမည်ဟု အေ၀မ်းစွမ်းအင်ကုမ္ပဏီက ထုတ်ဖော်ပြောဆိုထားသည်။

စက်ရုံ တည်ဆောက်ရန်အတွက် မြေဧက ၂၀၀ ကျော် အသုံးပြုမည်ဖြစ်ပြီး ပြောင်းရွှေ့ရမည့် ကျေးရွာများနှင့် လယ်ယာ၊ ဥယျာဉ်ခြံမြေများအတွက်လည်း လျော်ကြေးပေးအပ်သွားမည် ဖြစ်ကြောင်း၊ အဆင့်မြင့် နည်းပညာသုံး ကျောက်မီးသွေး စက်ရုံဖြစ်သည့်အတွက် ဒေသခံများနှင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရန် ရာနှုန်းပြည့် တာဝန်ယူကြောင်း အေ၀မ်း ကုမ္ပဏီဘက်က ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် နည်းပညာအခက်အခဲနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဥပဒေတို့၏ အားနည်းချက် များကြောင့် ကျောက်မီးသွေး စက်ရုံများ တည်ဆောက်ပါက ဆိုးကျိုးများစွာ ဖြစ်လာနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့များနှင့် ပညာရှင်များက ဝေဖန်ပြောဆိုနေကြသည်။

ဧရာဝတီတိုင်း၌ နာမည်ကျော်ကြား ထင်ရှားသည့် ဂေါ်ရင်ဂျီကျွန်းနှင့် ဂေါ်ရင်ဂျီကမ်းခြေ တည်ရှိရာ ငရုတ်ကောင်း ဒေသတွင် မြို့ပေါ် ရပ်ကွက် ၂ ခုနှင့် ကျေးရွာပေါင်း ၆၈ ရွာရှိပြီး လူပေါင်း ၃၅၀၀၀ ကျော် အခြေချ နေထိုင်ကြောင်း ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးရုံး၏ စာရင်းများအရ သိရသည်။

No comments: