Mizzima
ကမ္ဘာ့စင်မြင့်ထက် နှစ် ၅ဝ နောက်ကျ ကျန်ခဲ့သော မြန်မာ့စီးပွားရေးအခြေအနေသည် ငါးနှစ်အတွင်း အမီ လိုက်နိုင်ရန် အလားအလာရှိသည်ဟု အေအင်န်ဇက်ဘဏ် (Australia and New Zealand Bank- ANZ ဘဏ်) က ပြုစုရေးသားသော သုံးသပ်ချက်စာတမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် စီးပွားရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံခွင့်များကို ဖွင့်လှစ်ပေးပြီး ဒေသအလိုက် ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်လျက် ရှိသောကြောင့် နောက်ကျနေသည့် စီးပွားရေးအခြေအနေသည် အချိန်တိုအတွင်း အမီလိုက်နိုင်ဖွယ် ရှိသည်ဟု ဖေဖော်ဝါရီ ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဘဏ်က ထုတ်ဝေသော Myanmar-Asia’s Uncut Gem စာတမ်းတွင် မြန်မာနိုင်ငံသည် စီးပွားရေးအချက်အချာ နိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကြားတွင် တည်ရှိခြင်း၊ လူဦးရေများပြားပြီး လုပ်ခလစာနည်းပါးခြင်း အစရှိသော အခွင့်အလမ်းများရှိနေသည်ဟု ဆိုသည်။ ယင်းအခွင့်အလမ်းများကို အသုံးချနိုင်ပါက မြန်မာနိုင်ငံ၏ ဂျီဒီပီသည် နှစ်စဉ် ၁ဝ ရာခိုင် နှုန်းအထိ မြင့်တက်သွားနိုင်သည်ဟု ခန့်မှန်း ထားသည်။
အခြားတစ်ဖက်တွင်လည်း နှစ်ပေါင်း ၅ဝ ကြာ စီးပွားရေးဖွံ့ဖြိုးမှု နှောင့်နှေးခဲ့သော နိုင်ငံဖြစ်ခဲ့ခြင်းကြောင့် စိန်ခေါ်မှုများဖြစ်သော ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ခေတ်မီဖွံ့ဖြိုးမှုအားနည်းခြင်း၊ ခိုင်မာ သောဥပဒေနှင့် နည်းပညာများမရှိခြင်းနှင့် ကျွမ်းကျင်လုပ်သားဦးရေ နည်းပါးခြင်း အစ ရှိသော အားနည်း ချက်များနှင့် ရင်ဆိုင်ရသည်ဟု သုံးသပ်ထားသည်။
ANZ ဘဏ်မှInternational and Institutional Banking၏ အမှုဆောင် အရာရှိချုပ် Andrew Ge’czy က အာရှ၏ ကုန်ထုတ်လုပ်မှု အချက်အချာသည် အာရှမြောက်ပိုင်းမှ မဟာမဲခေါင်ဒေသနှင့် မြန်မာနိုင်ငံသို့ မကြာမီကူးပြောင်းလာနိုင်မည်ဟု ဆိုသည်။
ထိုသို့ မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှု ပြုပြင်ပြောင်းလဲရေးအတွက် အထူးအခွင့်အရေးကောင်းများရှိ သော်လည်း ယင်းအချင်းအရာများကို ပွင့်လင်းမြင်သာမှုရှိသော အဖွဲ့အစည်းများမရှိဘဲ ရရှိနိုင်မည် မဟုတ် ကြောင်း ၄င်းက ပြောသည်။
ANZ ဘဏ်မှ တောင်အာရှ၊ အာဆီယံ နှင့် ပစိဖိတ်ဒေသဆိုင်ရာ Chief Economist ဖြစ်သူ Glenn Maguire ကလည်း လာမည့် ၂ဝ၃ဝ တွင် ကမ္ဘာ့စားသုံးသူ ထက်ဝက်ခန့် နေထိုင်ရာဒေသများသည် မြန်မာနိုင်ငံမှ လေးနာရီကြာခရီးစဉ်အတွင်းသာ ရှိလိမ့်မည်ဟု ခန့်မှန်းရာ မြန်မာနိုင်ငံသည် အာရှတိုက်၏ အဓိကထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုတို့ စုဝေးရာ အာရှ၏ အသည်းနှလုံးဖြစ်လာနိုင်ရန် အလွန်အလား အလာရှိကြောင်း ထင်မြင်သုံးသပ်သည်။
ထို့အပြင် လာမည့်ဒီဇင်ဘာလ၌ စတင်ဆောင်ရွက်မည့် အာဆီယံအသိုက်အဝန်းနှင့် ကုန်သွယ်ရေးဒေသမှ လူဦးရေ သန်း ၆ဝဝ အပြင် အာရှမှ စားသုံးသူအသစ်များထံမှလည်း အကျိုးအမြတ်များ ရရှိလာနိုင်မည် ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အချိန်ကိုက်ပြည့်စုံမည်ဆိုပါက စိုက်ပျိုးရေးနှင့် သဘာဝ သယံဇာတကို အားထားနေရသော အနေအထားမှ ကုန်ထုတ် နိုင်ငံအဖြစ်သို့ အာရှတွင် အလျင်မြန်ဆုံး ပြောင်းလဲနိုင်သောနိုင်ငံအဖြစ် ရောက်ရှိလာမည်ဟု ANZ ဘဏ်မှ တာဝန်ရှိသူများက မျှော်မှန်းထားသည်။
ANZ ဘဏ်သည် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ခွင့်ရရှိထားသော နိုင်ငံခြားဘဏ် ကိုးဘဏ်ထဲမှ ဘဏ်တစ်ဘဏ်ဖြစ်ပြီး လာမည့်စက်တင်ဘာလတွင် ဘဏ်ခွဲစတင်ဖွင့်လှစ်၍ ဝန်ဆောင်မှုများ စတင်ပေးနိုင်ရန် စီစဉ်ထားသည်။
No comments:
Post a Comment