သီတာအောင်
ကယား(ကရင်နီ)ပြည်နယ် ဖာဆောင်းမြို့နယ်၊ မော်ချီးဒေသဘက်ရှိ ယခင်စစ်ဘေးဒဏ် ကြုံတွေ့ခဲ့ရသော ရွာရှောင်ကျေးရွာများတွင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ ဆောက်လုပ်ကာ ကျောင်းများကို ဖွင့်လှစ်ထားရသည်ဟု သိရသည်။
ထိုရွာများတွင် ကျောင်းကို ထရံဖြင့်သာ ကာထားပြီး မိုးဒဏ်လေဒဏ် ခံနိုင်သည့်အရည်အချင်းမရှိ ကွန်ကရစ်ဖြင့်ဆောက်ထားသည့် ကျောင်းသည်လည်း တစ်ကျောင်းမျှမရှိဟု သောသီခို လူမှုအထောက်အကူပြုအဖွဲ့မှ စောဂျောနီမင်းကပြောသည်။
“ကျောင်းမှာဆိုလည်း ပြိုခါနီးနေပြီ၊ တရွာတည်းလည်း မဟုတ်ဘူး။ စစ်ဒဏ်မိတဲ့ရွာတွေက တော်တောများများ ပညာရေးမှာလိုအပ်ချက်တွေ အများကြီးရှိတယ်” ဟု စောဂျောနီမင်းက ပြောသည်။
ကိုယ်ထူကိုယ်ထ မူလတန်း ကျောင်းဖွင့် လှစ်ထားသည့် ရေပူကျေးရွာဒေ သတွင် ကျောင်းသားဦးရေ ၄၀ ဦးရှိပြီး သင်ကြားရေး ဆရာ/မ အပိုင်းတွင် အခက်အခဲရှိနေသည်ဟု ရေပူကျေး ရွာမှ စောဒီးဒီစိမ်က ပြောသည်။
၎င်းက“ဒီနှစ်ကြားမှာ ကျနော်တို့ မိဘတွေနဲ့ KNPPရဲ့ အဖွဲ့အစည်းတွေ အကူညီအထောက်ပံ့ နဲ့ဘဲ ဆရာ/မ လစာကို ပေးတယ်ပေါ့” ဟု ပြောသည်။
ရေပူကျေးရွာသည်၂၀၀၈ ခုနှစ်တွင် မောချီးဒေသခံရွာသားများက ပြန်လည်စုစည်းပြီး ရေပူကျေးရွာကို တည်ကာ ပြန်လည်နေထိုင်ကြပြီးနောက် ၂၀၁၁ ခုနှစ်တွင် ကျောင်း တည်ဆောက်ခဲ့သည်ဟု ဆိုသည်။
၂၀၁၃ ခုနှစ်တွင် ဖားဆောင်မြို့နယ် ပညာရေးရုံးသို့ ကျောင်းပုံစံဓတ်ပုံနှင့်တကွ တင်ပြ တောင်းခံထားပြီး ၂၀၁၄ ခုနှစ်တွင်ကျမည်ဟု ကြားသိထားရသော်လည်း ယခုချိန်ထိ ကျောင်းဆောက်လုပ်ပေးခြင်း မရှိသေးကြောင်း သိရသည်။
ပစ်ခတ် ရပ်စဲရေးကာလတွင်အဓိက အားဖြင့် ပညာရေးနှင့်ပတ်သက်ပြီး ကျောင်းဆောက်ပေးရန်၊ ကျောင်းမှလိုအပ်သည့် ဝန်ထမ်းများကိုအစိုးရမှ ခန့်အပ်ပေးထားရန် စစ်ဘေးဒဏ်မိခဲ့သောကျေးရွာ ဒေသခံများက အလိုရှိကြသည်ဟု မောချီးစုစည်းရွာမှ စောဖိုးလှမြင့်က ပြောသည်။
စောဖိုးလှမြင့်က “ငြိမ်းချမ်းရေးလည်း တိတိကျကျ မသိနိုင်သေးတော့ ကျောင်းတွေ လမ်းတွေ မရှိသေးဘူး။ တကယ်ငြိမ်းချမ်းပြီဆိုမှ လူထုကလည်းလက်ခံနိုင်မယ် ဆိုတဲ့သဘောလည်း ရှိတယ်” ဟု ပြောသည်။
ဖားဆောင်းမြို့နယ်တွင် ကျေးရွာပေါင်း ၆၀ ရှိသည့်အနက် ၁၀ ရွာသာမျှသာ ကျောင်းရှိသည့်အတွက် တရွာနှင့်တရွာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲရာ ကျေးရွာ တော်တော်များများတွင် ကိုယ်ထူကိုယ်ထကျောင်းကို ဆောက်လုပ်ကြခြင်း ဖြစ်သည်ဟု သိရသည်။
တချို့ကျေးရွာများသည် ပြည်ထဲရေးဝန်ကြီးဌာနတွင် စာရင်းများပင် မပေါက်သည့်အတွက် သက်ဆိုင်ရာ ဌာနများကိုလည်း လျှောက်ထားသည်ဟု သိရသည်။
ရှားတောမြို့နယ် အတွင်းတွင်လည်း ရွာဟောင်းသို့ ပြန်လည်နေထိုင်လာကြသည့် ပြည်တွင်း ရွေ့ပြောင်းဒုက္ခသည်များလည်း ရှိနေသည့်အတွက် ၎င်းကျေးရွာများတွင် ကျောင်းအဆောက်အဦးများ လိုအပ်လျက်ရှိသည်ဟု သိရသည်။

No comments:
Post a Comment