Thursday, May 21, 2015

မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးစခန်း အသစ်တစ်ခု ထပ်မံဖွင့်လှစ်မည်

သီဟကိုကို

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး ပိုမို မြင့်တင်နိုင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေး စခန်း အသစ် တစ်ခု ထပ်မံဖွင့်လှစ် သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး အဆင့်ရှိတာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်လျက် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုကို ဖွင့်လှစ် ထားပြီးဖြစ်ပြီး မြန်မာ-နယ်စပ်ကုန်သွယ်ရေးစခန်း ၆ ခုဖွင့်လှစ်ထားပြီးဖြစ်ကာ ယခု ထပ်မံဖွင့်လှစ်မည့် နယ်စပ် ကုန်သွယ်ရေးစခန်း အပါအ၀င်ဆိုလျှင် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်း ၇ ခုအထိ ရှိလာ မည်ဖြစ်သည်။

ကယားပြည်နယ်၊ ဘောလဲခရိုင်၊ မယ်စဲ့မြို့တွင် နယ်စပ်ကုန်သွယ်ရေးစခန်းအသစ်တစ်ခု ထပ်မံဖွင့်လှစ် သွားမည်ဖြစ်ပြီး မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်းကို ကယားပြည်နယ်စီးပွာေးရး ပိုမို ဖွံ့ဖြိုးလာရေးအတွက် ဖွင့်လှစ် သွားမည် ဖြစ်သည်။

" မယ်စဲကုန်သွယ်ရေးစခန်းဖွင့်ဖို့ကို ဒေသခံကုန်သည်တွေကလည်း တောင်းဆိုထားတယ်။ ပြည်နယ် ဖွံ့ဖြိုးရေး အတွက်လည်း ရည်ရွယ်ပြီး ဖွင့်သွားမယ်" ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ရန် အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ပြီး ဖြစ်ပြီး အဆိုပါကုန်သွယ်ရေး စခန်းဖွင့်လှစ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်ဟု ပြောသည်။

မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ပါက မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အခြေအနေ ကို ယခုထက်ပိုမို မြင့်တင်လာနိုင်မှာဖြစ်ပြီး စတင်ဖွင့် လှစ်ချိန်တွင် တစ်ဦးချင်း ကုန်သွယ်ရေး ကတ် (ITC) ဖြင့် ကုန်သွယ်ရေးလုပ်ငန်းများကို စတင်ခွင့်ပြုမည်ဖြစ်သည်။

မြန်မာနှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မြန်မာနိုင်ငံဘက်မှ မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင် နယ်စပ် ကုန်သွယ်ရေး စခန်းများကို ဖွင့်လှစ်ထားပြီးဖြစ်ပြီး မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ေ၇းစခန်း ငါးခု၊ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်း သုံးခု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်သည်။

No comments: