Friday, May 22, 2015

မွန်အမျိုးသား ရွေးကောက်ပွဲအောင်နိုင်ရေးအကျိုးဆောင်အဖွဲ့အား မွန်အမျိုးသားပါတီလက်မခံ

စောဇင်ညီ

မကြာမီရက်ပိုင်းအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဖွဲ့စည်းခဲ့သည့် လွတ်လပ်သော မွန်အမျိုးသားရွေးကောက်ပွဲအောင်နိုင်ရေး အကျိုးဆောင်အဖွဲ့အား မွန်အမျိုးသားပါတီ MNP လက်မခံကြောင်း ပါတီအထွေထွေအတွင်းရေးမှူး နိုင်လယီတမက IMNA သို့ ယနေ့တွင် ပြောကြားသည်။

အဆိုပါ ရွေးကောက်ပွဲအောင်နိုင်ရေး အကျိုးဆောင်အဖွဲ့၏ ဆောင်ရွက်ချက်များသည် မွန်အမျိုးသားပါတီ ပါတီနှင့် သက်ဆိုင်မှုမရှိဟု သူက ဆက်ပြောသည်။

နိုင်လယီတမ က “သူတိုက ဘာလုပ်ချင်တယ်၊ ဘာလုပ်ကြမယ်ဆိုတာ သူတို့ရဲ့ လွတ်လပ်ခွင့်ဘဲလေ၊ ကျနော်တို့ ပါတီအနေနဲ့ အသိအမှတ်မပြုထားပါဘူး၊ ဘက်မလိုက်တဲ့ အဖွဲ့ဖြစ်ဖို့ဆိုတာကတော အဲဒီမှာပါတဲ့ လူတွေကို သုံးသပ်ရင်တော့ တချို့က ကိုယ်စားလှယ်လောင်းတွေပါတယ်၊ တစ်ဖက်ပါတီက လူတွေပါတယ်လေ၊ သူတို့ လုပ်တာကိုတော့ ကျွန်တော်တို့က ဘာမှ မဝေဖန်လိုဘူးလေ”ဟု ပြောသည်။

သို့ရာတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP အနေဖြင့် ၎င်းတို့ ပါတီ ကိုယ်စားလှယ်များမပါဝင်ကြောင်း ငြင်းဆိုသည်။AMDP ပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက “ဒါနဲ့  ပတ်သက်ပြီး ကျွန်တော်တို့ပါတီမှာ ဘာမှ မဆွေနွေးရသေးဘူး၊ လောလောဆယ်မပြောလိုသေးဘူး၊ ကျွန်တော်တို့ ပါတီက ကိုယ်စားလှယ် တစ်ယောက်မှ မလွှတ်ထားပါဘူး”ဟု ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မွန်နှစ်ပါတီထိပ်တိုက် ယှဉ်ပြိုင်ကြမည့် အခြေအနေတွေ့ရှိနေသဖြင့် အခြားအင်အားကြီးပါတီများကို ရှုံးနှိမ်နိုင်မည်ဟုယူဆ၍ မွန်အမျိုးသားရွေးကောက်ပွဲအောင်နိုင်ရေးအကျိုးဆောင်အဖွဲ့ကို ဖွဲ့စည်ခြင်းဖြစ်ကြောင်း ယခုလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် နှစ်ပါတီ၏လက်ခံမှု မရရှိပါက အဖွဲ့၏ လုပ်ငန်းများအား လုပ်ဆောင်နိုင်မည် မပာုတ်ကြောင်း အဆိုပါ မွန်အမျိုးသား ရွေးကောက်ပွဲအောင်နိုင်ရေးအကျိုးဆောင်မှ ပြောရေးဆိုခွင့်ရှိသူ မင်းအောင်ထူးက IMNA သို့ ပြောသည်။

မင်းအောင်ထူးက “ဒီပာကို ကျွန်တော်တို့ စဉ်းစားထားပါတယ်၊ ကျွန်တော်တို့ ဆီ လက်မခံပါဘူး ဆိုတဲ့ တုန့်ပြန်မှုမျိုးမလာသေးပါဘူး၊ သေချာတာက နှစ်ဖက်ပါတီက ဒါကို လက်မခံဘူးဆိုရင် ကျွန်တော်တို့ ဒါလုပ်လို့ မရပါဘူး၊ သူတို့ နှစ်ပါတီထဲက တစ်ပါတီက လက်ခံပြီး တစ်ပါတီက လက်မခံရင် ဘာလုပ်မလည်းဆိုတာတော့ လောလောဆယ်မှာတော့ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး”ဟု ပြောသည်။

အဆိုပါ မွန်နှစ်ပါတီသည် လက်ရှိတွင် မိမိပါတီတွင်းကိုယ်စားလှယ်လောင်များ ရွေးချယ်ခြင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စများအား အစီအစဉ်ပြုလုပ်နေကြကြောင်း သိရသည်။

အဖွဲ့ဝင် ၂၃ ဦးပါသည့် လွတ်လပ်သော မွန်အမျိုးသားရွေးကောက်ပွဲအောင်နိုင်ရေး အကျိုးဆောင်အဖွဲ့ဝင်များ၌ မွန်လူထုအခြေပြုအဖွဲ့အစည်းများမှ ခေါင်းဆောင်အချို့၊ သတင်းဂျာနယ်အယ်ဒီတာအချို့နှင့် မွန် ၂ ပါတီမှ ဗဟိုကော်မတီအဆင့်ရှိ ပုဂ္ဂိုလ်အချို့ ပါဝင်နေသည်ကို ၄င်းတို့၏ နာမည်စာရင်းထုတ်ပြန်ချက်တွင် တွေ့ရှိနေရသည်။

No comments: