အောင်ကိုဦး
ဖမ်းဆီးခံထားရသည့် ကျောင်းသားများ နှင့် ကျောင်းသားများအား ဝန်းရံသူများကို ပြန်လွှတ်ပေးရန် မန္တလေးမြို့တွင် မေလ ၂၀ ရက် နံနက် ၁၀နာရီခွဲက မန္တလေးခရိုင် ကျောင်းသားသမဂ္ဂ၊ ကျောက်ဆည်ခရိုင်ကျောင်းသားသမဂ္ဂ နှင့် ရွှေဘိုခရိုင်မှ ကျောင်းသားကျောင်းသူ ၁၀ ဦးတို့သည် ဆိုင် ကယ်များဖြင့် မြို့ပတ်ကာ ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြရာတွင် ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံသူများလွှတ်ပေးရေး၊ အကြမ်းဖက် အစိုး ရဖြုတ်ချရေး တို့အရေး နှင့် ဒီမိုကရေစီပညာရေး အောင်ရမည် ဟူ၍ ကြွေးကြော်ကာ အမရပူရမြို့နယ် တရားရုံး အနီးမှ ၈၄ လမ်းမ အတိုင်းချီတက် ခဲ့ကြပြီး ဦးပွားဂုံးကျော် တံတားကို ဖြတ်ကာ ၇၈ လမ်းအတိုင်း ဆက်လက် ချီတက်ရာ လမ်း၃၀ ဘူတာကြီးအနီးတွင် အာဏာပိုင်များက တားဆီးခဲ့သည်။ ယင်းသို့ တားဆီးခံရ၍ ၁၁နာရီ ၂၀မိနစ်တွင် လူစုခွဲခဲ့ရသည်။
နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းသားများသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ ကိုကောင်းဇော်ဟိန်း က "ကျွန်တော်တို့က ခွင့်ပြုမိန့်တွေ ဘာတွေတင်ပြီးလုပ်တာ မဟုတ် တဲ့အတွက် အခြေအနေပေါ်ကြည့်ပြီးလုပ်နေပါတယ်။။"ဟု မဇ္ဈိမကိုပြောသည်။
အဆိုပါကျောင်းသားများသည် မတ်လ ၂၇ ရက်ကလည်း ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေးအတွက် ဆန္ဒပြခဲ့ရာတွင် ရဲတပ်ဖွဲ့ဝင်များက တားဆီး ခဲ့သေးသည်။ ထိုသို့တားဆီးခဲ့ရာ ကျောင်းသားတစ်ချို့ ဒဏ်ရာရခဲ့ပြီး BBC သတင်းထောက်တစ်ဦးလည်း ပုဒ်မ ၃၃၂ ဖြင့် ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ ရဲစခန်းက တရားစွဲဆိုခံထားရသည်။
"ကျွန်တော်တို့လုပ်တိုင်း တားဆီးနေမှာပဲ။ တာဆီးတာကိုကြောက်ပြီး ဘာမှမလုပ်ဘဲနေရင် သူတို့ကဆက်ပြီး ဖိနှိပ်ဖမ်းဆီးနေဦးမှာပဲ။ ပထမ အကြိမ် အခုလို ဆိုင်ကယ်တွေနဲ့ပြတုန်းကလည်း ရဲတွေက ဆွဲလှဲပြီးဖမ်းလို့ ကျွန်တော်တို့ကျောင်းသားတွေ ဒဏ်ရာတွေရတယ်။ BBC ကိုနေလင်းလည်း တရားစွဲခံရတယ်။ ဒါတွေဟာ မဖြစ်သင့်ဘူး။ ပြေလည်တဲ့ ငြိမ်းချမ်းရေးနည်းနဲ့ သွားရမယ့်ဟာကို သူတို့က အကြမ်းဖက်ချင်တယ်။ ဒီနေ့တားတယ် အေးဆေးပဲ ကျွန်တော် တို့ကျောင်းသားတွေ လူစုခွဲပေးလိုက်တယ်။"ဟု မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေက ပြောသည်။
ကျောင်းသားဆန္ဒပြပွဲကို လူစုခွဲရခြင်းသည် လမ်းပိတ်မည်ကို စိုးရိမ်၍ လုပ်ရခြင်းဖြစ်သည်ဟု တားဆီးရာတွင် ပါဝင်သည့် အမည်မဖော်လိုသူ ရဲအုပ်တစ်ဦးက မဇ္ဈိမကို ပြောသည်။ "ကျွန်တော်တို့က လမ်းတွေပိတ်မှာစိုးတာကြောင့် တားတာပါ။ ဇွတ်တော့မတားပါဘူး။ သူတို့ကလည်း နားလည်ပါတယ်။ ချက်ခြင်း လူခွဲပေး ပါတယ်။" ဟုပြောသည်။
ဆန္ဒပြကျောင်းသူကျောင်းသားများက ကျောင်းသားများလွတ်မြောက်ရေးအတွက် ဆန္ဒပြမှုများ၊ ဆုတောင်းပွဲများ ဆက်တိုက်ပြုလုပ်သွားမည့်အပြင် မန္တလေး တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မန္တလေး)တို့တွင်လည်း လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်မည်ဟု ဆို သည်။
ဒီမိုကရေစီကျောင်းသားသပိတ် ပင်မ စစ်ကြောင်းသည် ပဲခူးတိုင်း လက်ပံတန်းမြို့နယ်တွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြစဉ် မတ်လ ၁၀ရက်က အကြမ်းဖက် ဖြိုခွင်းခံရပြီး ကျောင်းသားများကိုလည်း ဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံကျောင်းသားများ နှင့် ဝန်းရံသူအချို့သာ ပြန်လည်လွှတ်မြောက်ခဲ့ပြီး အများစုမှာ သာယာဝတီ အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည်။ ထိုဖမ်းဆီးမှုကို ရှုံ့ချဆန္ဒပြသည် ကျောင်းသားအချို့ကိုလည်း ထပ်မံ ဖမ်းဆီးထားသေးသည်။
No comments:
Post a Comment