သျှမ်းသံတော်ဆင့်
ဗာဂျီးနီးယား ဆေးရွက်ကြီး အများဆုံး ထွက်ရှိ သည့်မြို့ အဖြစ် နာမည် ကြီးသော သျှမ်းပြည် တောင်ပိုင်း လင်း ခေးမြို့တွင် မေလဆန်း ပိုင်းက သားဖြစ်သူက ဖခင်နှင့် ညီဖြစ်သူကို သတ်ဖြတ် ခဲ့သည့် ဖြစ်ရပ်မှာ မြို့သူမြို့ သားများ အားလုံး တုန်လှုပ် ခြောက်ခြား စေခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ညက လင်းခေးမြို့နယ် ၀မ့်လွယ်(မြို့ဦး)ရပ်ကွက်တွင်နေထိုင်သည့် လုံးကောတ အသက် ၆၄ နှစ် နှင့် သားလတ် စိုင်းပန် အသက် ၃၃ အား လုံးကောတ၏ သားကြီးဖြစ်သူ အိုက်စိုင်းက ဓါးဖြင့်ထိုးသတ်ခဲ့သည်။
ကျနော်တို့မြို့မှာ တခါမှ မကြားဖူး မကြုံဖူးတဲ့ အဖြစ်ထူးတွေလဲ များလာတယ်။ ဒီလ ဆန်းပိုင်းမှာ အိုက်စိုင်း က သူ့ညီ နဲ့ သူ့အဖေကို ဓါးနဲ့ထိုးသတ်တဲ့ ကိစ္စက တအားကြီးကိုထိပ်လန့်စေတယ်။ အမှန်တော့ ဒီမိသားစု က ခြံလုပ်ငန်းဘဲလုပ်ကိုင်တာ။ အေးအေးဆေးဆေးဖြစ်နေရမှာ - ဟု လင်းခေးရပ်ဖိရပ်ဖ စိုင်းသြက ပြော သည်။
ဖခင် နှင့် ညီကို သတ်ဖြတ်ပြီးသည့်နောက် မေလ ၁၃ ရက် မနက်ပိုင်းတွင် အိုက်စိုင်း အား မြို့နယ်ရဲများက လာရောက်ဖမ်းဆီးခဲ့ကြောင်း၊ အရက်မူးခြင်း ကြောင့်ဖြစ်ပေါ်သော အမှုဟုထုတ်ပြန်ကြောင်း မြို့ဦးရပ်ကွက် သားများကပြောသည်။
အရက်ကြောင့်ရယ်လို့တော့သိပ်မထင်ဘူး။ သွေးအေးပြီးရက်စက်တဲ့လူသတ်မှုမျိုးလေ။ သူ့ညီကို မသေ မချင်းတဖြေးဖြေးချင်း လည်လှီးပြီးသတ်တာ။ သူ့အဖေကိုလည်း အိပ်ပျော်နေတုန်း ဓါးနဲ့ထိုးသတ်တာလေ။ သူက မကြာခင်ကမှ ထောင်က ထွက်လာတာ။ ခိုးဆိုးလုယက်မှုပေါ့။ ကျမတို့အားလုံးက အရမ်းကြောက် နေကြတယ်။ သွေးလန့်စရာလေ။ - ဟု အိမ်နီးချင်း တဦးဖြစ်သည့် နန်းနန်း ကပြောသည်။
လက်ရှိအနေအထားအရ လင်းခေးမြို့တွင် ယာဘ ၊ မူးယစ်ဆေးကြောင့် လူငယ်တော်တော်များများ ပျက်စီး နေကြကြောင်း၊ သစ်ခုတ် သစ်ခွဲလုပ်ငန်းများ၊ အဖွဲ့အစည်းများမှ ပျံ့ပွါးလာခြင်းဖြစ်ကြောင်း သားသည် မိခင်တဦးဖြစ်သည့် နန်းခမ်းဖစ်ကလည်းပြောပြသည်။
အရမ်းစိုးရိမ်မိပါတယ်။ ကျမတို့ကလေးတွေ ဒီလိုမိုက်မဲလာရင် ဘယ်သူ့ကိုလက်ညှိုးထိုးမလဲ။ ဘယ်သူ့ ဆီမှာ အပြစ်ရှိလဲ။ အဖေအမေဆိုတာမျိုးကတော့ ကိုယ့်သားသမီးတွေ မဆိုးမမိုက် အောင်အမြဲသွန်သင်နေတာဘဲလေ။ မူးယစ်တိုက်ဖျက် ရေးဆိုတာက ဆေးသုံးသူတွေကိုဘဲ ဖမ်းတယ်လေ။ ရောင်းတဲ့လူနဲ့ တကယ့် လက်သည်ကြီးတွေကို မဖမ်းတော့ ရှိနေဦးမှာဘဲ။ အခုနှစ်တွေထဲမှာ လင်းခေးမှာ ယာဘသုံးတဲ့ လူငယ်တွေ တော်တော်များ လာတယ်။ ပိုက်ဆံ ၅၀၀ လောက် ရှိရင် (ယာဘတပြား) တခြမ်း၊ ဒါမှမဟုတ် သုံးပုံ တပုံ ၀င်ချလို့ရပြီ။ ဒါတကယ့်ကိုအနာဂတ် အတွက် အနရယ်ကြီးတခုဘဲ ။ ကျမတို့ရဲ့ကလေးတွေကို အညွန့်ချိုး လိုက်တာဘဲ။ ဒါတွေကိုသိရက်နဲ့ နိုင်ငံတော်က ဒီတိုင်းလွှတ်ထားတယ်။ အံ့ရော။ ဟု ဆိုပါသည်။
လင်းခေးမြို့အား ခရိုင်အဆင့်သို့တိုးမြင့်လိုက်ပြီးနောက်ပိုင်း ဌာန ဆိုင်ရာ အစိုးရဝန်ထမ်းများနှင့် တခြား ဒေသမှ လာရောက်အခြေစိုက်လှုပ်ရှားသော အဖွဲ့အစည်းများ၊ ပုတိများ ဖြင့် တ ကျော့ပြန်စည် လာသော လင်းခေးမြို့တွင် ယခင်က မကြုံဖူး သော ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အတူ မကြုံဖူးသော ပြသနာအရပ်ရပ် တို့သည်လည်း ကပ်လျက်ပါ လာသည်ဟုလည်း ပြောဆိုနေကြသည်။
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့သည် ဗာဂျီးနီးယားဆေးရွက်ကြီး၊ နှမ်း၊ မြေပဲ ၊ကွမ်းသီး၊ အုန်းသီး အများဆုံးစိုက် ပျိုးခဲ့ကြသည်။ သို့သော် ယခုနောက်ပိုင်း ပေါ်လာသော သစ်ခုတ်လုပ်ငန်း သစ်ခွဲစက်၊ သဲကျင်း လုပ်ငန်းတို့တွင် လုပ်ကိုင်နေသူ လူငယ်များအတွက် ယာဘနှင့်မူးယစ်ဆေးတို့မှာ စိန်ခေါ်မှုတရပ်ဖြစ်နေကြောင်း မြို့မိ မြို့ဖများက ပြောဆိုနေကြပါသည်။

No comments:
Post a Comment