စံမောင်သန်း
စစ်တွေမြို့ ရှေးဟောင်း နာရီစင်မှ နာရီစက်ကို ပြန်လည် ပြုပြင်ရန် အတွက် ယနေ့ ဖြုတ်ချခဲ့ရာ ယင်းနာရီတွင် ၁၉၆၅ ခုနှစ်ဟု ရေးသားထားသဖြင့် ယင်းနာရီစက်မှာ ရှေးဟောင်း နာရီစက် ဟုတ် မဟုတ် သေချာ စစ်ဆေးရန် လိုအပ်နေကြောင်း သိရသည်။
စစ်တွေမြို့ နာရီစင်အား ၁၈၈၇ ခုနှစ်ကတည်ဆောက်ကြီးခဲ့ပြီး နာရီစက်မှာ နှစ်ပေါင်း ၁၀၀ ကျော်ရှိရမည် ဖြစ်သော်လည်း နာရီတွင် ၁၉၆၅ ဟု ရေးသားထားသဖြင့် ယခု နာရီစက်မှာ စက်ဟောင်း ဟုတ်မဟုတ်ကို သေချာစွာ စိစစ်ရန် လိုအပ်နေကြောင်း သိရသည်။
စစ်တွေ ရှေးဟောင်း နာရီစင်ရှိ နာရီစက်သည် ၁၉၆၇ ခုနှစ်ပတ်ဝန်းကျင်က တစ်ကြိမ်ပြန်ပြင်ခဲ့ရသည်ဟု သိရသည်။ သို့အတွက် အဆိုပါ စက်ဟောင်း နေရာတွင် စက်အသစ်ဖြင့် ယင်းအချိန်က အစားထိုးခဲ့သလားဆိုသည်မှာ စဉ်းစားစရာ ဖြစ်နေကြောင်း စစ်တွေဒေသခံ တစ်ဦးက ပြောသည်
ယခု နာရီစက်တွင် ဂျွန်စမစ်နှင့်သားများ ၁၉၆၅ ခုနှစ် Derby ကုမ္ပဏီမှ ပြုလုပ်သည်ဟု စာရေးထိုးထားသည်ဟု ဆိုသည်။
ယနေ့ဖြုတ်ချခဲ့သော နာရီစက်အား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းကိုယ်တိုင် လာရောက် စစ်ဆေးခဲ့ပြီး ယင်းနာရီစက်အား ပြန်လည် ပြုပြင်ပြီး အသုံးပြုသွားမည်ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့သည်ဟု သိရသည်။
ဧပြီလအတွင်းက ပြုလုပ်သော တွေ့ဆုံပွဲ တစ်ခုတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှ ၄င်းနာရီစင်မှ နာရီအဟောင်းကို ပြတိုက်တွင်ထားပြီး၊ နာရီအသစ်တစ်လုံးဖြင့် အစားထိုးမည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း ရခိုင်ပြည်သူ အများစုက နာရီအဟောင်းကို ပြုပြင်ပြီး ပြန်လည်အသုံးပြုရန် သဘောဆန္ဒများပေးခဲ့သဖြင့် ယခင်ဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး နာရီစက်အဟောင်းကို ပြန်လည် ပြုပြင်ပြီး အသုံးပြုသွားမည်ဟု ဆိုသည်။
နာရီအဟောင်းကို ရန်ကုန်မှ ကျွမ်းကျင်သူပညာရှင်တစ်ယောက်ကို ခေါ်ယူပြီး စစ်ဆေးခဲ့ရာ နာရီစက်တစ်ခုလုံးကို ဖြုတ်ယူကာ ပြန်ပြင်၍ ရနိုင်သည်ဟု ပြောဆိုခဲ့သည်ဟု သိရသည်။
ယနေ့ နာရီစက်အဟောင်းကို စစ်ဆေးနေစဉ် ၀န်ကြီးချုပ်က “ မြို့မိမြို့ဖတွေနဲ့အတူ အသေအချာ ဆန်းစစ်ကြည့်တာ။ ငွေကြေးအထစ်အလျောက် အသုံးပြုပြီးတော့ ရေရှည်လည်းဆက်သွားစေချင်တယ်။ ရှေးမူလည်း မပျက်စေချင်ဘူး။ တီးလုံးနဲ့အသံကို ထည့်စေချင်တာ”ဟု ပြောသည်။
ယခုနာရီသည် ရခိုင်လူမျိုးတို့၏ အသည်းနှလုံးဖြစ်သောကြောင့် အသေအချာ ဂရုတစိုက် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ လူထုက ရှေးဟောင်းပစ္စည်းအဖြစ် ခံယူထား၍ တန်ဖိုးထားရမည်ဟု ၀န်ကြီးချုပ်က ပြောသည်။
ဝန်ကြီးချုပ်က အဆိုပါနာရီကို ရခိုင်ပြည်နယ်တွင်ထားပြီး ပြန်ပြင်ချင်သော်လည်း နာရီပညာရှင်က ရန်ကုန်သို့ယူ၍ ပြန်ပြင်မှရနိုင် မည်ဟု ပြောဆိုသဖြင့် မကြာမည်ရန်ကုန်သို့ ပို့ဆောင်မည်ဖြစ်သည်။
ရန်ကုန်သို့မပို့ဆောင်မည် စိတ်ပါဝင်စားသူများကြည့်ရှုနိုင်အောင် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ၃-၄ ရက်ခန့် ပြသ ထားရှိမည်ဖြစ်ပြီး မည်သူမဆို သွားရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
“ကျွန်တော့်အနေနဲ့ နာရီအကြီးရော အသေးရော ပြင်လာတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ ပြန်ပြင်တဲ့အခါမှာ တွင်ခုံဆရာတွေ၊ နောက်ထပ်ကျွမ်းကျင်သူတွေနဲ့ တွဲပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ အစတုန်းက ၁ လခန့်မှန်းပေမယ့် ၂-၃ လလောက်ထိ ကြာနိုင်ပါတယ်”ဟု အဆိုပါနာရီကို ပြုပြင်မည် နာရီပညာရှင် ဦးထွန်းဝေကပြောသည်။
ကုန်ကျငွေကို နာရီပညာရှင်ဆန္ဒအတိုင်း လုပ်ဆောင်ပါက ခန့်မှန်း ကျပ် သိန်း ၁၁၀ ကုန်ကျမည် ဖြစ်သော်လည်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်စိတ်တိုင်းကျအတိုင်းသာ ပြန်ပြင်ပါက ပိုကုန်မည်ဟု သိရသည်။
နာရီကို ပြန်ပြင်ပြီးပါက အနည်းဆုံး ၅-၁၀ နှစ်ထိ မပျက်မစီးဘဲ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ဆီထိုးပြီး သပ်သပ်ရပ်ရပ် ထားမည်ဆိုပါက ပိုပြီးတာရှည်ခံမည်ဟု သိရသည်။

No comments:
Post a Comment