စံမောင်သန်း
ရဟန်းတော်များ၏ လမ်းညွှန်မှုနှင့် ပြည်သူများ ဦးဆောင်ကျင်းပမည့် ရခိုင်အမျိုးသားနေ့ စည်ကား သိုက်မြိုက်စွာ ကျင်းပရေးအတွက် ရခိုင်ပြည်နယ် အစိုးရမှ ကျပ်သိန်း ၁၀၀ ကူညီထောက်ပံ့ပေးသွားမည်ဟု သတင်း ရရှိသည်။
ဇွန်လ ၂ ရက်နေ့တွင် ကျရောက်မည့် ၂ နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်သူလူထုမှ ဦးဆောင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်နေရာ ပြည်နယ် အစိုးရမှ ထိုသို့ ကူညီရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
ရခိုင်အမျိုးသားညီလာခံ ကျင်းပရေးကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးကို မေလ ၁၇ ရက်နေ့ကစစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတွင် ပြုလုပ်ရာ ရခိုင်ပြည်နယ် အစိုးရမှ ရခိုင် အမျိုးသားနေ့ အတွက် ကျပ်သိန်း ၁၀၀ ကူညီမည် ဖြစ်ကြောင်း၊ ရခိုင်အမျိုးသားနေ့အားလည်း ပြည်သူလူထုမှ ဦးဆောင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
ရခိုင်အမျိုးသားနေ့ တရားဝင် ကျင်းပရန်နှင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များအား ကူညီ ဆောင်ရွက်ခွင့် တရားဝင်ခွင့်ပြုချက်ရရှိရန် ကော်မတီအဖွဲ့အ၀င် ၆ ဦး (ရဟန်း ၃ ပါး၊ လူ ၃ ဦး)က မကြာသေးမီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ရာ ရခိုင်ပြည်နယ် အစိုးရမှ အမျိုးသားနေ့ အတွက် ကျပ်သိန်း ၁၀၀ ကူညီရန် ကမ်းလှမ်းခဲ့သည်။
ရခိုင်အမျိုးသားနေ့မှာ ရခိုင်အမျိုးသားတွေအတွက် အရေးပါသောနေ့ ဖြစ်သဖြင့် ယခုကဲ့သို့ ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က တုန့်ပြန်ပြောကြားခဲ့သည်ဟု သိရသည်။
စစ်တွေမြို့တွင် ကျင်းပပြုလုပ်မည့် ၂ နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို ကဏ္ဍသုံးခုခွဲ၍ ကျင်းပသွားမည်ဟု သိရသည်။
အခမ်းအနား ပထမကဏ္ဍကို အတုလမာရဇိရ် ပြည်လုံးချမ်းသာ ဘုရားကြီးသိမ်တွင် နံနက် ၈ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး၊ မဟာမုနိဂါထာတော်ကို သံပြိုင်ရွတ်ဆိုခြင်း၊ ရခိုင်စည်ဖြင့် ရတုရွတ်ဆိုခြင်းနှင့် ငါးပါးသီလဆောက်တည်ခြင်းတို့ကို ပြုလုပ်သွားမည်ဟု သိရသည်။
ဒုတိယကဏ္ဍကို ၀င်္ကဘာကွင်းတွင် မွန်းလွဲပိုင်း၌ ချောတိုင်တက်ပွဲနှင့် ခြင်းလုံးပြိုင်ပွဲကို ပြုလုပ်သွားမည်ဖြစ်ပြီး၊ ချောတိုင်တက်ပွဲတွင် ပထမဆုကို ကျပ်ငွေ ၁ သိန်းခွဲ၊ ဒုတိယဆုကို ၁ သိန်း ၂ သောင်း၊ တတိယဆုကို ၁ သိန်းချီးမြှင့်သွားမည်ဖြစ်ကာ၊ ခြင်းလုံးပြိုင်ပွဲအတွက် ပထမဆုကို ၁ သိန်းနှင့် ဒုတိယဆုကို ၈ သောင်းချီးမြှင့် သွားမည်ဟု ကျင်းပရေးကော်မတီ၏ ပြောပြချက်အရသိရသည်။
တတိယကဏ္ဍကို ညနေပိုင်းတွင် ဦးဥတ္တမခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ရခိုင်အကဖြင့်ဖျော်ဖြေခြင်းနှင့် ရခိုင်အမျိုးသားနေ့အတွက် ရဟန်းတစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့က ဟောပြောသွားမည်ဟု သိရသည်။
“ရခိုင်အမျိုးသားနေ့ကို ဆရာဒကာ လက်တွဲပြီး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရမယ်။ အလုပ်လုပ်တဲ့နေရာမှာ အကုန်လုံးခေါင်းဆောင်ဖြစ်နေလို့ မရဘူး။ ဦးဆောင်သူရှိပြီး နောက်လိုက်လည်းရှိရမယ်။ ခေါင်းဆောင်စကားကို နားထောင်ပြီးတော့ ညှိနှိုင်းတိုင်ပင်ပြီးလုပ်ဆောင်ရမယ်”ဟု ပညာမဂ္ဂင်ဆရာတော်က သြ၀ါဒစကား မိန့်ကြားခဲ့သည်။
ရခိုင်အမျိုးသားနေ့ ကျင်းပရေးကော်မတီအစည်းအဝေးသို့ ရဟန်းသံဃာများအပါအ၀င် ၃၀ ကျော်တက်ရောက်ခဲ့သည်။
အစည်းအဝေးကို ၂ နာရီကျော်တွင် စတင်ပြီး ၄ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။

No comments:
Post a Comment