Saturday, May 23, 2015

မော်ဒယ်အေးချမ်းမြတ်မိုးအသတ်ခံရမှု မေ ၂၉ ရက်တွင် စွဲချက်တင်ရန် အမိန့်ချမည်

ကျော်စိုးမိုး

မော်ဒယ်အေးချမ်းမြတ်မိုးအသတ်ခံရမှုအား မည်သည့်ပုဒ်မဖြင့်စွဲချက်တင်မည်ကို အမိန့်ချရန်အတွက် လာမည့် မေ ၂၉ ရက်တွင် ရုံးချိန်း ချိန်းဆိုထားသည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက အနောက်ပိုင်းခရိုင်တရားရုံး၌ မေ ၁၈ ရက်ရုံးချိန်း အပြီးတွင်ပြောသည်။

အမှုနှင့်ပတ်သက်၍ လက်ရှိစစ်ဆေးနေသည့်ပုဒ်မဖြင့် စွဲချက်တင်ရန်သင့်၊ မသင့်ကို မေ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် နှစ်ဘက်ရှေ့နေများက အနောက်ပိုင်း ခရိုင် တရားသူကြီးထံသို့ စာဖြင့်လျှောက်လဲချက် ပေးခဲ့ခြင်းဖြစ်သည်။

အမှုကိုလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေတစ်ဦးက " ဒီနေ့နှစ်ဖက်ရှေ့ နေရဲ့လျှောက်လဲချက်တွေကို တရားသူကြီးဆီစာနဲ့တင်ခဲ့ပါတယ်၊ လာမယ့် ရုံးချိန်း မှာ ဘယ်ပုဒ်မနဲ့စွဲချက်တင်မလဲဆိုတာ တရားသူကြီးကအမိန့်ချပါမယ်၊ ပြီးရင်တော့တရားခံပြသက်သေတွေကို ဆက်စစ်မှာပါ။ " ဟုပြောသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့်သြဂုတ် ၂၆ ရက်၊ ည ၇ နာရီဝန်းကျင်ခန့်က ဒဂုံ မြို့နယ်၊ ဦးဝိစာရအိမ်ရာ၊ တိုက်အမှတ် ၃၂ ၊ ၃ လွှာတွင်နေထိုင်သည့် အသက် ၁၉နှစ် အရွယ်မော်ဒယ်အေးချမ်းမြတ်မိုး အပြင်မှပြန်လာစဉ်တိုက်ခန်း၏ဒုတိယယထပ်တွင် အဆိုပါအိမ်ရာဝင်းအတွင်း၌ နေထိုင်သည့် ကို အံ့ ဖြိုးပိုင်ဆိုသူက လည်ပင်း ကိုဓားနှင့်ထိုးခဲ့သဖြင့်ရန်ကုန်ဆေးရုံကြီး၊ အရေး ပေါ်ဌာနသို့ပို့ဆောင်စဉ် တွင်သေဆုံး ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကိုအံ့ဖြိုးပိုင်ကိုဒဂုံမြို့မရဲစခန်းက (ပ) ၁၈၄/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ပြီး အနောက်ပိုင်းခရိုင် တရား သူကြီးက ပြစ်မှုကြီးအမှတ် ၈၃/၁၄ ဖြင့်လက်ခံစစ်ဆေးနေကာ လာမည့်မေ ၂၉ ရက် တွင် စွဲချက်တင်ရန် အမိန့်ချမှတ်မည်ဖြစ်သည်။

No comments: