Thursday, May 21, 2015

နိုင်ငံသားမဟုတ်သူများကို သစ်တောထွက် ပစ္စည်းများ သွယ်ဝိုက် ထုတ်လုပ်ခွင့်ပြုသည့် ရခိုင် သစ်တောဝန်ကြီးဌာန ကန့်ကွက်ခံရ

နိရဉ္စရာ

နိုင်ငံသား မဟုတ်သူများအား သွယ်ဝိုက်ပြီး သစ်တောထွက် ပစ္စည်းများ ထုတ်ယူခွင့်ရရန် လိုင်စင် ချပေးသော ရခိုင်ပြည်နယ် သစ်တောနှင့် သတ္ထုတွင်းဝန်ကြီးဌာနကို ဘူးသီးတောင်မြို့နယ် ၀ါး၊ ဓနိ လုပ်ငန်းရှင်များ အသင်းက မေလ ၈ ရက်နေ့က စာရေး ကန့်ကွက်လိုက်ကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ် သစ်တောနှင့် သတ္ထုတွင်းဝန်ကြီးဌာနသည် ဒေသအတွင်းမှ နိုင်ငံသား မဟုတ်သူများကို သွယ်ဝှိုက်ပြီး ၀ါးထုတ်လုပ်နိုင်ရန်အတွက် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုဖြစ်သော ဘူးသီးတောင်မြို့ အမှတ် (၁) နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံးအမည်ဖြင့် ၀ါးလုံးရေ (၁၅) သိန်း ထုတ်လုပ်ရန် လိုင်စင်ချပေးခဲ့သည်ဟု သိရသည်။

ယင်းသို့ ချပေးခြင်းသည် ဒေသအတွင်းမှ အစိုးရ လိုင်စင်ရ ၀ါးလုပ်ငန်းကို လုပ်ကိုင်နေသော ဒေသခံ တိုင်းရင်းသားများ ထိခိုက်နစ်နာမှု ဖြစ်ပေါ်စေသည်ဟု ဆိုကာ ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ၀ါး၊ ဓနိ လုပ်ငန်းရှင် အသင်း ဥက္ကဌဖြစ်သူ ဦးဇော်နိုင်ဦးက ပြောသည်။

“နိုင်ငံသား မဟုတ်တဲ့သူတွေ မနှစ်ကလည်း ဝါး(၈)သိန်းထုတ်လုပ်ဖို့ လိုင်စင်ထုတ်ပေးခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့က ရခိုင်ပြည်နယ် သစ်တောဝန်ကြီးဌာနကို ကန့်ကွက်လွှာတင်ခဲ့တဲ့အတွက် ပြန်ရုတ်သိမ်း သွားပါတယ်။ အခုဒီနှစ်ကျတော့ စောစောစီးစီး လိုင်စင်ထုတ်ပေးမယ့် အချိန်မရောက်သေးပဲ နယ်ခြားစောင့်ရဲ နခရ(၁)ကို ၀ါးလုံးရေ (၁၅) သိန်း ထုတ်ဖို့ လိုင်စင်ထုတ်ပေးတယ်” ဟု သူက ပြောသည်။

ပုံမှန်အားဖြင့် ၀ါး၊ ဓနိလုပ်ကိုင်သူများကို ဧပြီလတွင် လျှောက်လွှာခေါ်ယူပြီး ဇွန်နှင့် ဇူလိုင်လများတွင် သစ်တော ဦးစီးဌာနမှ လိုင်စင်ချပေးလေ့ရှိကြောင်း သိရသည်။ ယခုနှစ်တွင် ထိုသို့မဟုတ်ဘဲ နခရ (၁) ကို ချပေးထားသည်ဟု ဆိုသည်။

ဘူးသီးတောင်မြို့နယ် ဝါး၊ ဓနိလုပ်ငန်းလုပ်ကိုင်သူများမှ စုပေါင်းကာ လက်မှတ်ရေးထိုးထားသော ကန့်ကွက်လွှာတွင် အောက်ပါအတိုင်းရေးသားထားသည်။

“ အမှတ်(၁)နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူးရုံးအမည်ဖြင့် လိုင်စင်အမှတ် (၁၃၆၁/၃၅)ကို (၂၃-၄-၂၀၁၅) နေ့တွင် ရခိုင်ပြည်နယ် သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး၏ ညွှန်ကြားချက်အရ ပြည်နယ်သစ်တောဦးစီးဌာနမှ ထုတ်ပေးထားကြောင်း၊ ထိုထုတ်လုပ်ခွင့်လိုင်စင်ကို ဥပဒေအရ ဝါးထုတ်လုပ်ခွင့်လုပ်ငန်း လုပ်ပိုင်ခွင့် မပေးနိုင်သော နိုင်ငံသားမဟုတ်သူများတွင် ရောက်ရှိနေပြီး ဥပဒေနှင့်မညီပဲ ထုတ်လုပ်နေသည်ကို တွေ့ရကြောင်း၊ သဘာဝသစ်တော၊ သယံဇာတများကို စီးပွားဖြစ်ထုတ်ယူရန်အတွက် နိုင်ငံသားမဟုတ်သူများကို ထုတ်လုပ်ခွင့်လိုင်စင် ထုတ်ပေးခြင်း မည်သည့်အခါကမျှမရှိခဲ့ကြောင်း၊ ယခု ထိုသူများလုပ်ကိုင်ခွင့်အတွက် နခရ(၁)၊ ကွပ်ကဲရေးမှူးရုံးမှ အမည်ခံဆောင်ရွက်ပေးခြင်းဖြင့် သစ်တော သယံဇာတများ ပျက်စီးခြင်း၊ တောပြုန်းခြင်း၊ ပဋိပက္ခများဖြစ်လာနိုင်သောကြောင့် ကိုယ်တိုင်လုပ်ကိုင်သူ မဟုတ်ပဲ ဝါးထုတ်လုပ်ခွင့်လိုင်စင် ထုတ်ပေးခြင်းကို ကန့်ကွက်ကြောင်းနှင့် အရေးယူပေးစေလိုကြောင်း” ဖေါ်ပြထားသည်။

ယင်းတိုင်ကြားစာအား ဘူးသီးတောင်မြို့နယ် ၀ါး၊ ဓနိ လုပ်ငန်းရှင်များ အသင်းဝင် ၁၅ ဦး လက်မှတ်ရေးထိုးထားပြီး ပြည်ထောင်စု ၀န်ကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသို့ လိပ်မူတပ် ရေးသားပေးပို့ထားကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် စိုင်းတင်ဒေသမှ ၀ါးအကြီးအကျယ်ထွက်သော ဒေသ တစ်ခု ဖြစ်ပြီး ယမန်နှစ်က ၀ါးလုံးရေ (၄၃) သိန်း ထုတ်လုပ်ခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ် ၀ါး၊ ဓနိ လုပ်ငန်းရှင်များ အသင်းမှ ရေးသားသော စာထဲတွင် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးသည် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းကိုသာ ဆောင်ရွက်ရမည့် အဖွဲ့အစည်း ဖြစ်ပြီး လုပ်ငန်း တာဝန်များ ဆောင်ရွက်ရန် သက်ဆိုင်ရာ ၀န်ကြီးဌာနမှ တောင်းခံ၍ သုံးစွဲရမည်ဟု သိရှိထားပါကြောင်း၊ နိုင်ငံတော်ကလည်း ၀န်ထမ်း သက်သာ လုပ်ငန်းများ လုပ်ကိုင်ခြင်း မရှိစေရန် တားမြစ်ထားပြီး ဖြစ်ပါကြောင်း၊ ၀န်ထမ်းသက်သာ လုပ်ငန်းအဖြစ် လုပ်ကိုင်သည်ဟု အကြောင်းပြဆိုလျှင်လည်း တရားမ၀င် လုပ်ငန်းကို လုပ်ကိုင်ခြင်းသာဖြစ်ပါကြောင်း၊ ထို့အပြင် တပ်ဖွဲ့သုံးစွဲရန် ထုတ်လုပ်ခွင့်တောင်းခံခြင်း ဖြစ်သည်ဆိုပါကလည်း ခွင့်ပြုပမာဏ ၀ါးလုံးရေ (၁၅) သိန်းကို မည်သည့်နေရာတွင် မည်သို့ သုံးစွဲ မည်ဆိုသည်မှာ ယုတ္တိမရှိသော ကိစ္စသာဖြစ်၍ အဆိုပါ ခွင့်ပြုချက်သည် ဥပဒေနှင့် သွေဖီလျက် လုပ်ဆောင်ခြင်းသာ ဖြစ်ပါကြောင်း၊ နောက်ကွယ်တွင် မသမာမှုများ ရှိနေမည်မှာ သေချာပါကြောင်း၊ အမှတ်(၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှု အဖွဲ့သည် အမှန်တကယ် ၀ါးလုပ်ငန်းကို လုပ်ကိုင်ခြင်း မရှိပဲ အဖွဲ့အမည်ဖြင့် ရရှိလာသည့် ထုတ်လုပ်ခွင့် လိုင်စင် လျှောက်ထားရန် မညီသည့် နိုင်ငံသား မဟုတ်သူများကို လွဲပြောင်း ရောင်းချပြီး သူတို့၏ အကျိုးစီးပွားအတွက် ကာကွယ်ပေးနေသကဲ့သို့ ဖြစ်နေသဖြင့် ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်နေသည့် တိုင်းရင်းသားပိုင် စီးပွားရေး လုပ်ငန်းများအတွက် များစွာထိခိုက်နစ်နာမှု ဖြစ်လာစေပါကြောင်း၊ တစ်နည်းအားဖြင့် ပဋိပက္ခဖြစ်ပေါ်လာအောင် တမင်လုပ်ဆောင်နေသကဲ့သို့ ဖြစ်နေပါကြောင်း စသဖြင့် စာထဲတွင် ဖော်ပြထားသည်။

ယင်းပြင် တိုင်ကြားစာထဲတွင် ၀ါးထုတ်လုပ်ခွင့်ကို ဘင်္ဂလီ (၄) ဦးမှ ထုတ်လုပ်ခွင့် ရရှိထားပြီး ဘူးသီးတောင်မြို့နယ်မှ ၀ါးများကို တရားမ၀င် ဘင်္ဂလာဒေရှ့်သို့လည်း တင်ပို့ ရောင်းချနေကြောင်း ဖော်ပြထားသည်။

ဘူးသီးတောင်မြို့နယ်တွင် ဝါးထုတ်လုပ်ခွင့်လိုင်စင်ကို အမည်ခံလျှောက်ထားပြီး နိုင်ငံသားမဟုတ်သူများထံသို့ လက်လွှဲရောင်းချသည့် ဈေးကွက်တစ်ခု ပေါ်ပေါက်နေကြောင်း၊ အကန့်အသတ်မရှိ ဝါးထုတ်လုပ်ခွင့် လိုင်စင်များ ထုတ်ပေးနေမည်ဆိုပါက တစ်နှစ်၊ နှစ်နှစ်အတွင်း ဝါးတောများ ပြုန်းတီးလာမည် ဖြစ်ပါကြောင်း၊ စီးပွားရေး၊ လူမှုရေးဆိုးရွားစွာ ထိခိုက်လာနိုင်သဖြင့် ဝါးလုပ်ငန်းကို အမှီပြုရပ်တည်နေသူများက စိုးရိမ်လျှက်ရှိပါကြောင်း ဆက်လက် ဖော်ပြသည်။

ဘူးသီးတောင်မြို့နယ် ၀ါး၊ ဓနိလုပ်ငန်းရှင်များ၏ ပြည်ထောင်စု သစ်တောဝန်ကြီးဌာနသို့ ရေးသား ပေးပို့သောစာကို နိုင်ငံတော် သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရုံးသို့လည်း မိတ္တူ ရေးသား ပေးပို့ထားသည်ဟု သိရှိရသည်။

No comments: