Monday, May 25, 2015

ဆန္ဒပြရာတွင် ပါဝင်သည့် ရွှေတူးဖေါ်သူ လုပ်သား ၅၀ ကျော် အလုပ်မှ ထုတ်ပယ်ခံရဟုဆို

အောင်ကိုဦး

ကျေးရွာများအတွင်းဝင်ရောက်ကာ ရွှေတူးဖေါ်နေကြသော ကုမ္ပဏီများထွက်ခွာပေးရန်နှင့် အရေးယူပေးရန်အတွက် မေလ ၁၂ ရ က်က သပိတ်ကျင်းမြို့ေ ရေထွက်ကျေးရွာအုပ်စုရှိ ရေးထွက်၊ လက်ပံပြန့်၊ ရိုးမကျော်၊ ရွာသစ်နှင့် ငါးရာကွက် ကျေးရွာတို့မှ ဒေသခံ ၂၀၀ ကျော်ဆန္ဒပြခဲ့ကြရာ ဆန္ဒပြရာတွင်ပါဝင်ခဲ့သော ရွှေလုပ်သား ၅၀ ကျော်ကို ရွှေတူးဖေါ်နေလျက်ရှိသော ကုမ္ပဏီများမှ အလုပ်ထုတ်ခဲ့သည်ဟု ရေထွက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံဌေး က မဇ္ဈိမကိုပြောသည်။

ထိုသို့ အလုပ်ထုတ်ပယ်မှုကို မေလ ၁၃ ရက်တွင် ရွှေလုပ်သား ၂၀ ဦးကို စတင်၍ အလုပ်ထုတ်ပယ်ခဲ့ခြင်းဟု ဆိုသည်။

“ကျွန်တော်တို့က ခါတိုင်းလို အလုပ်သွားဆင်းတော့ ကုမ္ပဏီထဲကို ၀င်ခွင့်မပေးဘူး။ မင်းတို့က ဆန္ဒပြတဲ့အထဲပါလို့ အလုပ်ထုတ်လိုက်ပြီလို့ ဂိတ်ပေါက်စောင့်တဲ့သူက ပြောပါတယ်။ မန်နေဂျာနဲ့ တွေ့မယ်ဆိုတော့လည်း တွေ့ခွင့်မပေးဘူး။ နောက်ရက်သွားတော့လည်း ၀င်ခွင့်မရဘူး။အခုလို သူတို့ကိုဆန္ဒပြလို့ အလုပ်ထုတ်တယ်ဆိုတာ ကလေးဆန်ပါတယ်။ သူတို့ကိုပြတယ်ဆိုတာ ရွာမြေထဲကို မတူးဖေါ်ဖို့ပြတာပါ" ဟု အလုပ်ထုတ်ခံထားရသူ ကိုမျိုးဝေ ကပြောသည်။

အဆိုပါ ဒေသတွင် မြန်မာစည်သူရွှေတူးဖော်ရေးကုမ္ပဏီ၊ ဝေလင်းထိုက် ရွှေတူးဖော်ရေး ကုမ္ပဏီ၊ လက်ပံပြန့်ဒေသ ဖွံ့ဖြိုးရေး ရွှေတူးဖော်ရေး ကုမ္ပဏီတို့က လုပ်ငန်း လုပ်ကိုင်နေခြင်းဖြစ်သည်။

ဒေသခံရွှေလုပ်သားများ အလုပ်ထုတ်ပယ်မှုများ ဆက်တိုက်ပြုလုပ်နေရာ မေလ ၂၂ ရက်အထိ ၅၀ ကျော် ရှိနေပြီဟု အလုပ်သမား လယ်သမားအရေး လိုက်ပါကူညီဆောင်ရွက်သူများအဖွဲ့ အထက်မြန်မာပြည် တာဝန်ခံ ဦးအေးသိန်း က ဆိုသည်။

“ကျွန်တော်တို့ စာရင်းကောက်နေတာ ဒီနေ့ အပါအ၀င် ၅၇ ဦးရှိတယ်။ ပြသနာက အခုလို အလုပ်ထုတ်လိုက်ရုံ ပြီးမသွားဘူး။ကုမ္ပဏီတွေအနေနဲ့ ဒီဒေသမှာ ရွှေတူးဖော်မယ်ဆိုကတည်းက ဒေသဖွံ့ဖြိုးရေး လုပ်ပေးဖို့ ဒေသခံတွေ အလုပ်အကိုင်ပေးဖို့ပါပြီးသား လက်မှတ်လည်း ထိုးရတယ်။ အခုအဲဒီအချက်တွေကို ချိုးဖေါက်တာပဲ။ ဒါကြောင့် ကုမ္ပဏီတွေနဲ့ တွေ့ဆုံညှိနှိုင်းသွားမယ်" ဟု ဦးအေးသိန်း က ပြောသည်။

အဆိုပါ ကုမ္ပဏီများသို့ မဇ္ဈိမ မှ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ခံများမှ ဆန္ဒပြရာတွင် ပါဝင်၍ အလုပ်ထုတ်ခြင်းမဟုတ်ဘဲ ကုမ္ပဏီမှ ချမှတ်ထားသော စည်းကမ်းချက်များ မလိုက်နာသောကြောင့် အလုပ်မှထုတ်ပယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ပံပြန့်ဒေသဖွံ့ဖြိုးရေး ရွှေတူးဖော်ရေး ကုမ္ပဏီမှတာဝန်ရှိသူ တစ်ဦးမှ “အရင်ကလည်း စည်းကမ်းမလိုက်နာတဲ့သူတွေကို အခုလိုအလုပ်ထုတ်တာပါပဲ။ ဒါကိုသူတို့သိပါတယ်။ ဆန္ဒပြတဲ့အထဲပါလို့ အလုပ်ထုတ်တယ်ဆိုတာ သူတို့ဘက်ကတစ်ဖက်သတ် ပြောတာပါ။ လုပ်သားတွေအများကြီးနဲ့ လုပ်တဲ့လုပ်ငန်းဟာ စည်းကမ်းက အရေးကြီးပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ အနေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ" ဟုပြောသည်။

သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးမှလည်း “အလုပ်ထုတ်တာတွေတော့ မသိဘူး သူတို့တောင်းဆိုထားတဲ့ ရွာမြေကိုပြန်တိုင်းဖို့ လုပ်နေတယ်။ ရွာမြေထဲမှာ ၀င်တူးနေတယ်ဆိုရင်တော့ အဲဒီကုမ္ပဏီတွေကို အရေးယူသွားမှာပါ" ဟု မဇ္ဈိမ ကိုပြောသည်။

No comments: