ရွှေဟင်္သာ
ဥရောပ သမဂ္ဂ (EU) ၏ ငွေကြေး အကူအညီဖြင့် ရှမ်းပြည်နယ် အထူးပြု ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ၌ ဖွံ့ဖြိုး တိုးတက်မှု ပိုမို အားကောင်း လာစေရေးနှင့် စစ်ဒဏ်သင့် ဒေသများ၌ အသေးစား ပြန်လည် ထူထောင်ရေး လုပ်ငန်း များအား (၄) နှစ်တာ ဆောင်ရွက် သွားမည် စီမံကိန်း တစ်ရပ်ကို နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO), တိုင်းရင်းသား ငြိမ်းချမ်းရေး အရင်း အမြစ် စီမံချက် (Ethnic Peace Resources Project) တို့ အပါအဝင် ပါတနာ အဖွဲ့အစည်း (၅) ဖွဲ့တို့မှ ယခု ၂၀၁၅ ခုနှစ် မေလမှ စ၍ စတင် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း EPRP အဖွဲ့၏ စီမံကိန်း ညှိနှိုင်းရေးမှူး နိုင်အောင်ကောင်းရောစ့်က ပြောသည်။
“အဓိက ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုမို အားကောင်း လာဖို့ ဆိုတဲ့ နေရာမှာပေါ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ထွန်းမှုကို ပိုမို တွန်းအား ပေးနိုင်မယ့် တွေ့ဆုံ ပွဲတွေ ၊ ညှိနှိုင်းပွဲတွေ အဲဒါ တွေကို လုပ်ဆောင် သွားဖို့ ရှိပါတယ်၊ ကျနော်တို့ လူထု အခြေပြု အသေးစား ပြန်လည် ထူထောင်ရေး (ဥပမာ - စာသင်ကျောင်း၊ ဆေးရုံ၊ လမ်း၊ တံတား) စတာတွေ လုပ်ဖို့ စီစဉ် နေပါတယ်၊ ကျနော်တို့ EPEP ချည်းပဲ မဟုတ်ပါဘူး ဒီပရော ဂျက်မှာ ပါတနာ အဖွဲ့ (၅) ဖွဲ့ ပါပြီး ပါတနာ အဖွဲ့တွေရဲ့ သက်ဆိုင်ရာ လုပ်ငန်းစဉ် တွေအလိုက် လုပ်နေတာကို စုစည်းကြပြီး Common Platform တစ်ခု အောက်မှာ စုပြီး လုပ်ကြတဲ့ သဘောပါ” ဟု နိုင်အောင်ကောင်းရောစ့်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။
ယခု စတင် အကောင်အထည် ဖော်နေသည့် စီမံကိန်း၌ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO), တိုင်းရင်းသား ငြိမ်းချမ်းရေး အရင်း အမြစ် စီမံချက် (Ethnic Peace Resources Project) တို့ အပြင် Aids Support Group နှင့် Save the Children အဖွဲ့တို့လည်း ပါဝင်ကြောင်း သိရှိ ရသည်။
ထိုစီမံကိန်းအား အနီးကပ် အကောင်အထည် ဖော်နိုင်ရန်နှင့် ဒေသခံ ရှမ်းလူထု များနှင့် ပိုမို ဆက်စပ် နိုင်ရေး အတွက်လည်း ILO နှင့် EPRP တို့ တောင်ကြီး မြို့၌ ရုံးခွဲ တစ်ခု ပူးတွဲဖွင့်လှစ်ရန် စီစဉ် နေကြောင်းလည်း နိုင်အောင်ကောင်းရောစ့်မှ ဆက်ပြောသည်။
ဒေသ တည်ငြိမ် အေးချမ်းမှု မရှိသေးသည့် ရှမ်းပြည်နယ်၌ ထိုသို့ နိုင်ငံ တကာ အဖွဲ့အစည်း များ၏ ရှမ်းပြည်နယ် ဒေသငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ထွန်းမှုအား အကူအညီ ပေးမည့် အစီအမံ များကို လက်ခံ ကြိုဆို သော်လည်း လက်တွေ့ အကောင်အထည် ဖော်ရာ၌ အခက်အခဲများ ရှိနိုင်ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ ကိုမိုင်းခွန်က သုံးသပ် ပြောဆိုသည်။
“သူတို့ အဖွဲ့တွေ ရောက်လာတော့ ကျွန်တော်တို့ အနေနဲ့ ကြိုဆို ပါတယ်။ မြိုတွေ ထဲမှာ ပြောင်းလဲမှုတွေ ရှိပေမယ့် ကျေးရွာ တွေမှာ အစွန်အဖျား ဒေသ တွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေတော့ ရှိနေဦး မှာဘဲ။ စစ်ဖြစ်ရာ ဒေသ တွေမှာဆို သူတို့ လုပ်ကိုင်ဖို့ ကျတော့ အခက်အခဲ ရှိနိုင်မယ်” ဟု ကိုမိုင်းခွန်က ရွှေဟင်္သာ သတင်းဌာနအား သုံးသပ် ပြောဆို ခဲ့သည်။
ထိုစီမံကိန်း၌ အကောင်အထည်ရန် လျာထားသည့် လုပ်ငန်းစဉ် များအနက် ILO မှ အသေးစား ဒေသဖွံ့ဖြိုး တိုးတက်ရေး (ဥမပါ - လမ်း၊ တံတား၊ ဆေးရုံ၊ ကျောင်း) စသည့် လုပ်ငန်းများ ပါဝင်၍ ဒေသတွင်း ကလေးစစ်သား အသုံးပြု မှုနှင့် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု များကို စောင့်ကြည့် လေ့လာ သွားရန် လုပ်ငန်းများ ပါဝင် သကဲ့သို့ ကလေးသူငယ်များအား ပြန်လည် ပြုစု ပျိုးထောင်ရေး လုပ်ငန်း များအား Save the Children အဖွဲ့မှ တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်သည်။
ရှမ်းပြည်နယ် အတွင်း၌ အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် ကိုးကန့်၊ တအာင်း (ပလောင်) တပ်ဖွဲ့ ၊ ကချင်လွတ်လပ်ရေး အဖွဲ့ များနှင့် ပစ်ခတ်မှုများ ယနေ့တိုင် ဖြစ်ပွား နေကြဆဲ ဖြစ်ကာ ထိုအကျိုးဆက် များကြောင့် ဒေသတွင်း တပ်သားသပ် စုဆောင်းမှုများ ရှိနေဆဲ ဖြစ်ကြောင်းလည်း မိုင်းကိုင်ဒေသခံ ကိုစိုင်းမောင်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။
ရှမ်းပြည်နယ် အတွင်း စစ်ရေး တင်းမာနေမှု များကြောင့် အရွယ် မရောက် သေးသည့် ကလေး သူငယ် များအား တပ်သားသစ် စုဆောင်းမှုနှင့် ၊ အဓမ္မ သစ်သားသစ် အဖြစ် စုဆောင်းခြင်း ခံရ ခြင်းများသည် ယခု ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်း များမှ ရှမ်းပြည်နယ် အတွင်း အခြေချ၍ လေ့လာ စောင့်ကြည့်မှုများ ပြုလုပ်လာခဲ့လျှင် အထိုက်အလျောက် နည်းပါး လာမည် ဖြစ်ကာ နောက်၌ တဖြေးဖြေး ပျောက်ကွယ် သွားမည် ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေး အဖွဲ့များမှ သုံးသပ် ပြောဆို ကြသည်။
ဥရောပ သမဂ္ဂ (EU) အနေဖြင့် ထို ငြိမ်းချမ်းရေ ဖြစ်ထွန်း တိုးတက်ရေး လုပ်ငန်း များအား တွန်းအားပေး နိုင်ရေး အတွက် ကချင်၊ ကယားနှင့် ရှမ်းပြည်နယ် တို့အား ရွေးချယ် ထောက်ပံ့ပေး ခဲ့ရာ၌ ပါတနာ အဖွဲ့ ငါးခု ပါသည့် လုပ်ငန်း အဖွဲ့မှ ရှမ်းပြည်နယ်ကို ရွေးချယ် ခဲ့ခြင်းလည်း ဖြစ်သည်။
ဥရောပ သမဂ္ဂ EU အဖွဲ့သည် ၂၀၁၀ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်၌ ပိတ်ဆို့ ဒဏ်ခတ်မှု များအား လျော့ချ ပေးခဲ့သကဲ့သို့ ပြည်တွင်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍ တို့၌ အထောက်အပံ့ အကူအညီ များအား စတင် ပေးဆောင် လာခဲ့သည့် နိုင်ငံတကာ အလှူရှင် အဖွဲ့ တစ်ခုလည်း ဖြစ်သည်။

No comments:
Post a Comment