Wednesday, May 27, 2015

အလိုတော်ပြည့်ဆရာတော်ကြီးကို ကုလ အထူးကိုယ်စားလှယ် နမ်ဘီးယား စစ်တွေတွင် လာရောက်တွေ့ဆံ

နိရဉ္စရာ

စစ်တွေတွင် ရောက်ရှိနေသော အလိုတော်ပြည့် ဆရာတော်ကြီးအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ နန်ဘီးယားသည် မေလ ၂၂ ရက်နေ့ ညနေ ၆ နာရီက က လာရောက်တွေ့ဆုံခဲ့သည်ဟု သတင်း ရရှိသည်။

ထိုသို့ တွေ့ဆုံစဉ် လက်ရှိ ဖြစ်ပေါ်နေသော လှေစီးဒုက္ခသည်များကိစ္စ၊ ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ကိစ္စ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

“ အဓိက လက်ရှိ ဖြစ်ပေါ်နေတဲ့ လှေစီး ဒုက္ခသည်များကိစ္စနဲ့ ဘင်္ဂလာဒေရှ့်က ရောက်လာတဲ့ ၂၀၀ ၀န်းကျင် လှေစီ ဒုက္ခသည်တွေရဲ့ အရေးကိစ္စရယ်၊ ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စရယ်၊ လူမျိုးနှစ်ခုအကြား ပြန်လည် သင့်မြတ်ရေး စတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးဆီက အကြံအဥာဏ်တွေကို ရယူလိုတဲ့ အတွက် ဆရာတော်ကြီးကို လာရောက်တွေ့ဆုံတာပါ” ဟု အလိုတော်ပြည့် ကျောင်းတိုက်များ၏ လက်ထောက် ပဓာန ဆရာတော် အရှင် ကုမာရက နိရဉ္စရာသို့ ပြောဆိုသည်။

ဆရာတော်ကြီးမှ ပြန်လည် ပြောကြားရာတွင် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ တိုင်းပြည် တစ်ပြည် ဖြစ်တာကြောင့် လူသားချင်း ကိုယ်ချင်းစာစိတ်နဲ့ အုပ်ချုပ်နေတဲ့ တိုင်းပြည် တစ်ပြည် ဖြစ်ကြောင်း၊ ယခု ဘင်္ဂလာဒေရှ့်မှ ၀င်ရောက်လာသော ဒုက္ခသည်များကိုလည်း လူသားချင်း ကိုယ်ချင်းစာနာစိတ်ဖြင့် လက်ခံပြီး ကယ်ဆယ်ထားကြောင်း၊ နိုင်ငံတိုင်းမှာ လူကုန်ကူးမှုကို အနည်းနှင့် အများဆိုသလို ရင်ဆိုင်နေရကြောင်း၊ သို့အတွက် ယခု လူကုန်ကူးမှု ပြသနာကို အားလုံး ၀ိုင်းဝန်း ဖြေရှင်းရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်ရှိ နှစ်ဘက် လူမှု အသိုင်းအ၀ိုင်းအကြား ပြန်လည် သင့်မြတ်ရေးနှင့် ပတ်သက်ပြီးလည်း အလိုတော်ပြည့် ဆရာတော်ကြီးက ယခုလို အကြံပေး ပြောကြားခဲ့သည်ဟု သိရသည်။

“ ကုလသမဂ္ဂနေနဲ့ ဒေသခံ တိုင်းရင်းသားပြည်သူတွေကိုလည်း လေးစားလိုက်နာဖို့လိုတယ်။ ကုလသမဂ္ဂ ဆိုတာ မျှမျှတတနဲ့ တန်းတူ ရည်တူ ဆက်ဆံတဲ့ အဖွဲ့ အစည်းကြီး ဖြစ်တဲ့ အတွက် ရခိုင်ပြည်နယ်မှာလည်း ဒေသခံ ပြည်သူတွေရဲ့ ဆန္ဒတွေကို လေးစားလိုက်နာပြီး တန်းတူ ရည်တူ ဆက်ဆံ ပြုမူ ဖို့လိုတယ်။ ဖက်တစ်ဖက်တည်းမှာဘဲ ရပ်တည်ပြီး ပြသနာကို ဖြေရှင်းဖို့ ကြိုးစားနေရင် အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမျိုးခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂကြီးရဲ့ အကူအညီနဲ့ မှန်မှန်ကန်ကန် ညှိနိုင်း ပေါင်းစပ် ဖြေရှင်းရင် ရခိုင်ပြသနာ ပြေလည်နိုင်တယ်လို့ ဆရာတော်ကြီးက မိန့်ကြားပါတယ်” ဟု အရှင်ကုမာရက ဆက်လက် ပြောဆိုသည်။

အလိုတော်ပြည့်ဆရာတော်ကြီးအား စစ်တွေ အလိုတော်ပြည့်ကျောင်းတိုက်သို့ လာရောက်တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလ ဌာနကိုယ်စားလှယ်တို့လည်း အတူ လိုက်ပါလာခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှ ယခု ကယ်ဆယ်ထားသော ဘင်္ဂလာဒေရှ့်နိုင်ငံသားများမှာ မိသားစုများလည်း စိုးရိမ်နေကြသဖြင့် မိမိနေရပ်သို့ ပြန်လိုသည်ဟု ပြောဆိုကြ၍ သက်ဆိုင်ရာ ဘင်္ဂလာဒေရှ့်သံရုံးနှင့် ဆက်သွယ်ပြီး သူတို့၏ မိခင်တိုင်းပြည်သို့ ပြန်ပို့ပေးသွားမည် ဖြစ်ကြောင်း ဆရာတော်ကြီးအား လျှောက်ထား တင်ပြခဲ့သည်ဟု သိရသည်။

No comments: