Wednesday, May 27, 2015

မန္တလေးတိုင်း မတ္တရာမြို့နယ် မြေဧက ၁၀၀ ကျော် လယ်လုပ်ခွင့် မြို့နယ် အုပ်ချုပ်ရေးမှူး တားမြစ်

အောင်ကိုဦး

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ရှိ ပင်လယ်အင်း၊ နတ်ကြီးစင်၊ ညောင်အုပ်၊ ဒီဃာ ကျေးရွာတို့မှ လယ်ယာမြေ ၁၂၅ ဧက ကျော်သည် လယ်သမားတို့ စိုက်ပျိုးခွင့်မရှိတော့ကြောင်း မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူးက မေ ၂၀ တွင် တားမြစ်ခဲ့ခြင်းကြောင့် ဒေသခံတောင်သူတို့ကပြည်ထောင်စုအစိုးရနှင့် တိုင်းအစိုးရတို့ထံ မေ ၂၆ ရက်တွင် တိုင်ကြားစာ ပေးပို့ထားသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးမှ နှုတ်မိန့်ဖြင့် တားမြစ်ခဲ့ခြင်းဟု ဒေသခံတောင်သူတစ်ဦးဖြစ်သူ ဦးစောမြင့်မောင်က ပြောသည်။ "ဒီမြေတွေက ကျွန်တော်တို့ကိုယ်တိုင် ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးခဲ့တဲ့နေရာပါ။ ဒီနေ့အချိန်ထိ စိုက်ပျိုးနေတယ်။ ဒါကို အုပ်ချုပ်ရေးမှူးက ဘာမှအကြောင်းမကြားဘဲ ၂၀ ရက်နေ့ကလာပြီး ဆက်စိုက်လို့ မရတော့ဘူးဆိုပြီး လာတားတယ် ဘာစာမှထုတ်မပေးဘူး နှုတ်မိန့်နဲ့လာတားတာပါ" ဟု ပြောသည်။

အဆိုပါ လယ်ယာမြေများပေါ်တွင် ကြံနှင့်ပဲအမျိုးမျိုး စိုက်ပျိုးပြီးဒေသခံတောင်သူ ၅၀ ကျော်တို့ လုပ်ကိုင်စားသောက်နေခြင်းဖြစ်သည်။ထိုလယ်ယာမြေများအားသိမ်းဆည်းသွားမည်ဆိုပါက မိသားစုများစွာ စားဝတ်နေရေး အခက်အခဲများရင်ဆိုင်ရမည်ဟု ဒေသခံများကဆိုသည်။

"အခုဖြစ်နေတာက ဒီကိုဘာမှလာအကြောင်းကြားတာ မရှိဘူး။အခုမှပိုင်ရှင်ရှိတယ်ဆိုပြီး လာလုပ်တာကတော့ လက်မခံဘူး။ ဒီလိုတွေ လုပ်ပေးနေတဲ့ အုပ်ချုပ်ရေး မှူးနဲ့ အဖွဲ့ကို အရေးယူစစ်ဆေးပေးဖို့နဲ့ ကျွန်မတို့မြေတွေ ပြန်စိုက်ခွင့်ပေးဖို့အတွက် ဒီနေ့တိုင်ကြားစာ ပို့လိုက်တာပဲ" ဟုလည်း ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ပိုက ပြော သည်။

အဆိုပါ လယ်ယာမြေများအား ဆက်လက် မစိုက်ပျိုးရန် မေလ ၂၀ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ လာရောက်တားမြစ်သောကြောင့် ဒေသခံ ၂၀၀ ကျော်ကလက်မှတ်ထိုး တိုင်ကြားခြင်းဖြစ်သည်။ ထိုသို့လာတားသောကွင်း အမှတ် ၁၁၃ (က)နှင့်၁၁၃(ဂ)တို့တွင် လယ်ယာမြေဧက ၁၂၀၉ . ၅၄ ရှိရာ ထိုအထဲမှ ၁၂၅ . ၂၀ ဧက အား ဆက်လက်မစိုက်ပျိုးရန် တားမြစ်ခြင်းဖြစ်သည်။

"တစ်ချို့ယာမြေတွေကို မတားသေးဘူး။ ဒါပေမယ့် အခုတစ်ရာကျော်ကို ဒီအတိုင်းပေးလိုက်မယ်ဆို နောက်လယ်တွေကို ဆက်ပြီး လုပ်မှာပဲ။ဒါကြောင့် ကိုယ်လယ် ယာမြေ မပါပေမယ့်လည်း အမှန်ကိုအမှန်အတိုင်း ဖြစ်ဖို့ တိုင်ကြားတဲ့နေရာမှာ လက်မှတ်ထိုးပေးတာပါ။အခုဒီမြေတွေက ကျွန်တော်တို့ချွေးတွေသွေးတွေ နဲ့ ဖေါ် ထုတ်ခဲ့တာပါ"ဟု ဦးနေမင်းအောင် ကပြောသည်။

ထိုသို့ ဆက်လက် မစိုက်ပျိုးရန်တားမြစ်မှုနှင့် ပတ်သက်၍ မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်ကမူ "ဒီမြေတွေက ပိုင်ရှင်ရှိနေပြီ ပုံစံ (၃)ရထားတဲ့ သူတွေက ပိုင်ရှင်ပဲ ဒါကြောင့်တားတာပါ။ သူတို့မှာ ပုံစံ (၇)ချမပေးဖို့ ကန့်ကွက်လို့ရပါတယ်။ အခုလက်ရှိ ပုံစံ(၃)ရထားသူတွေကလည်း မူလပိုင်ရှင် ဆိုပြီး လျှောက် ခဲ့လို့ရတာပါ။ သူတို့လည်း အဲဒီတုန်းက လျှေက်ကြရင် မှန်တယ်ဆိုရင်ရမှာပါ။အခုဖြစ်တဲ့ ကိစ္စတွေတော့ မသိသေးဘူး"ဟု မဇ္ဈိမ ကိုပြောသည်။

မူလတောင်သူ ဒေသခံများသည် ပုံစံ (၃)လျှေက်ထားရန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အကြောင်းမကြားခဲ့သောကြောင့် လျှောက်ထားရန်မ သိရှိကြောင်း ဆိုသည်။ ပုံစံ(၃)လက်ဝယ်ရထားသူ မသန်းမြင့်မှလည်း "ကျွန်မတို့ကလည်း ဘိုးဘွားပိုင်မို့လျှောက်ထားတာပါ။ဒါကြောင့်ရတာပါ။သူတို့ပိုင်တဲ့မြေကို ယူတာ မဟုတ်ပါဘူး။ ကျွန်မတို့က ပုံစံ (၃)ရထားပြီးလို့ ကျွန်မတို့ပိုင်ပါတယ်။"ဟု မဇ္ဈိမ ကိုပြောသည်။

No comments: