Tuesday, May 26, 2015

ဝမ်းတီးနို့ဆီ စက်ရုံတွင် ရေနွေးတိုင်ကီကွဲသဖြင့် လူတစ်ဦးသေဆုံး

ကျော်စိုးမိုး

ဝမ်းတီးနို့ဆီချက်စက်ရုံတွင် မေ ၂၄ရက် နံနက်က ရေနွေးတိုင်ကီကွဲထွက်သဖြင့် ၀န်ထမ်းအမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိ ခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄)၊ ဦးမြဲလမ်းရှိ ၀မ်းတီးနို့ဆီချက်စက်ရုံ အတွင်းမှ နို့ပေါင်းသန့်ရှင်းရေးလုပ်သည့် အလုပ်ရုံအတွင်း နို့ဆီဗူးများကို ပိုးသတ်သန့်စင် သည့် အလျား ၁၀ ပေ၊ အနံ ၄ ပေရှိစတီးရေနွေးအိုးတိုင်ကီ အပူလွန်ကဲ၍ အဖုံးပွင့်ကွဲထွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ပေါက်ကွဲထွက်ခဲ့ပြီး စတီးတိုင်ကီ ကွဲထွက်သည့်အစများနှင့် ရေနွေးများထိ မှန်ခဲ့သဖြင့် အခန်းအတွင်း အလုပ်လုပ်ကိုင်နေသည့် အသက် ၃၉ နှစ် အရွယ် ဒေါ်နန်းခင်လှဆွေတွင် ဦးခေါင်းဝဲဘက်စုတ်ပြတ်၊ မျက်နှာစုတ်ပြဲဒဏ်ရာများရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ကာ၊ အသက် ၂၄ နှစ်အရွယ် မမြတ်မွန်မိုးတွင်လည်း ဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူနေရသည်ဟု ရဲမှတ်တမ်းများ တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ၀မ်းတီးနို့ဆီစက်ရုံမှ ပိုးသန့်စင်စက်တာဝန်ခံ ဖြစ်သူ ဦးမင်းဇော်ကို လှိုင်သာယာမြို့မရဲစခန်းက (ပ) ၈၂၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

No comments: