Saturday, May 23, 2015

မိုးကုတ်နှင့် မိုင်းရှူး ရတနာမြေ ကျောက်မျက်လုပ်ကွက်များ ဈေးပြိုင်လေလံဖြင့် ခွင့်ပြုမည်

နိုင်နိုင်ဇော်

မန္တလေးတိုင်းမိုးကုတ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးရတနာနယ်မြေရှိ သက်တမ်းပြည့် ကျောက်စိမ်းလုပ်ကွက်များ ကိုဈေးပြိုင်လေလံ စနစ်ဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပေးသွားမည်ဟု သတ္တုတွင်းဝန်ကြီးဌာန ကျောက်မျက်ရတနာလုပ်ကွက်များ ခွင့်ပြုမိန့်ချ ထားပေးရေးကော် မတီက မေလ ၁၉ရက်တွင် ထုတ်ပြန်လိုက်သည်။

လာမည့် ၂၀၁၅ခုနှစ် ဇူလိုင်၊ သြဂုတ် နှင့် စက်တင်ဘာလတွင် လုပ်ကွက်သက်တမ်းပြည့်မည့် ကျောက်စိမ်း လုပ်ကွက်များ၌ ဝင်ရောက် လုပ်ကိုင်လိုသူများ အတွက် တင်ဒါခေါ်ယူရခြင်းဟု သတ္တုတွင်းဝန်ကြီးဌာနတာဝန်ရှိသူ တစ်ဦးကပြောသည်။

“လုပ်ကွက်ခေါ်တာကတော့ ပုံမှန်ခေါ်ယူနေတာပါပဲ၊ အဲဒီ့ပြည့်သွားတဲ့လုပ်ကွက်တွေက ၆ လ၊ ၁ နှစ်၊ ၂ နှစ်လုပ်ကွက်တွေ ပြည်တဲ့အတွက် လုပ်ငန်းရှင်တွေကိုတင်ဒါထပ်ခေါ်တာပါ၊ တစ်ချို့အကွက်တွေဆိုလည်း လုံးဝကို ဝင်မလုပ်ကြတဲ့အကွက်တွေပါ။ ဒါတွေလည်း ဒီတစ်ကြိမ်တင်ဒါမှာ ပြန်ခေါ်တာ”ဟု အဆိုပါ တာဝန် ရှိသူကပြောသည်။

ထို့အတူ ကချင်ပြည်နယ်အတွင်းရှိ လုံးခင်း၊ ဖားကန့်၊ မိုးညှင်း၊ ခန္တီးရတနာနယ်မြေများရှိ သက်တမ်းပြည့် ကျောက်စိမ်း လုပ်ကွက်နှင့် လစ်လပ် လုပ်ကွက်များကို လည်း မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနဲ့အညီ ဈေးပြိုင်လေလံစနစ်ဖြင့် လုပ်ကိုင်ရန် ခွင့်ပြုပေးသွားမည်ဟု သတ္တုတွင်းဝန်ကြီးဌာန တာဝန်ရှိသူ ကပြော သည်။

ကချင်ပြည်နယ်အတွင်းရှိ သက်တမ်းပြည်နှင့် လစ်လပ်လုပ်ကွက်များကို စိတ်ဝင်စားသည့် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်ကြရန် သတ္တုတွင်းဝန်ကြီးဌာနက တင်ဒါခေါ်ယူနေသော်လည်း ဒေသခံ လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ရှိနေခြင်းကြောင့် တင်ဒါစိတ်ဝင် စားမှု အားနည်းနေသည်ဟု သတ္တုတွင်းဝန်ကြီးဌာန တာဝန်ရှိသူ ကပြောဆိုထားသည်။

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်အသင်း၏ ပြောဆိုမှုအရ ကချင်ပြည်နယ်အတွင်းတွင် ကျောက်စိမ်းလုပ် ကွက်ပေါင်း ၁၅၀၀ကျော်ရှိနေပြီး မိုးကုတ် ရတနာမြေတွင် လုပ်ကွက်ပေါင်း ၁၁၀၀ကျော်ရှိသည်ဟု ဆိုသည်။

No comments: