Friday, May 22, 2015

ဒုက္ခသည်ကို သြစီလက်မခံတဲ့အပေါ် အင်ဒိုမကျေနပ်

ABC

သြစတြေးလျ ​အစိုးရက ​ပင်လယ်ပင်မှာ ​သောင်တင်နေတဲ့ ​ဒုက္ခသည်တွေကို ​လက်မခံဘူးလို့ ​ပြောဆိုနေတာဟာ ​ဒေသတွင်းအတွက် ​မတရားဘူးလို့ ​အင်ဒိုနီးရှား ​အစိုးရက ​ဝေဖန်လိုက်ပါတယ်။

အင်ဒိုနီးရှား ​နိုင်ငံခြားရေးဝန်ကြီးက ​သူတို့အနေနဲ့ ​ပြဿနာကို ​ဖြေရှင်းဖို့ ​ကြိုးစားနေပြီး ​နိုင်ငံတကာနဲ့ ​ပူးပေါင်း ​လုပ်ဆောင်နေတဲ့အကြောင်း၊ ​ဒေသတွင်းနိုင်ငံတွေ ​ပူးပေါင်းပြီး ​အခြေရှာရမှာဖြစ်သလို ​ခိုလှုံခွင့်တောင်းလိုသူတွေက ​လှေနဲ့ ​ဝင်လိုတဲ့ ​နိုင်ငံတွေကလည်း ​ပါဝင်သင့်တယ်လို့ ​ဝေဖန်လိုက်တာ ​ဖြစ်ပါတယ်။

လှေပေါ်က ​ဒုက္ခသည်တွေဟာ ​မလေးရှားလို ​နိုင်ငံကို ​သွားပြီး ​သြစတြေးလျလို ​နိုင်ငံကို ​ကူးနိုင်ဖို့ ​ကြိုးစားတာလို ​အင်ဒိုနီးရှား ​အစိုးရက ​ယူဆထားပါတယ်။

သြစတြေးလျ ​အစိုးရကတော့ ​လှေတွေနဲ့ ​ခိုလှုံခွင့် ​တောင်းတဲ့ ​ကိစ္စဟာ ​တရားမဝင်တဲ့ ​လူကုန်ကူးမှုနဲ့ ​ဆက်စပ်နေတာကြောင့် ​တရားမဝင်မှုကို ​ပိုအားပေးမယ့် ​လုပ်ငန်းကို ​သဘောမတူနိုင်ဘူးလို့ ​ပြောပါတယ်။

ဒါကြောင့်လည်း ​လူကုန်ကူးမှုတွေ ​မဖြစ်လာအောင် ​မြန်မာပြည်တွင်းမှာ ​ဖြေရှင်းနိုင်ဖို့ ​မြန်မာနိုင်ငံကိုလည်း ​ဒေါ်လာ ​၆ ​သန်းတိုးပေးထားတယ်လို့ ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်က ​ပြောပါတယ်။

ပင်လယ်ပြင်မှာ ​သောင်တင်နေတဲ့ ​ဒုက္ခသည်တွေကို ​တစ်နှစ်ကြာ ​ခိုလှုံခွင့်ပေးဖို့ ​ထိုင်း၊ ​မလေးရှားနဲ့ ​အင်ဒိုနီးရှားတို့က ​သဘောတူခဲ့ကြပြီး ​ဒုက္ခရောက်သူတွေကို ​ရှာဖွေဖို့လည်း ​မလေးရှားက ​ရေတပ်ကို ​ညွှန်ကြားထားပါတယ်။

အလားတူ ​ဖိလစ်ပိုင်၊ ​အမေရိကန်နဲ့ ​Gambia ​နိုင်ငံကလည်း ​လက်ခံမယ်လို့ ​ပြောဆိုထားတာ ​ရှိပါတယ်။ ​သြစတြေးလျ ​အစိုးရကတော့ ​လှေတွေနဲ့ ​ဝင်လာသူတွေကို ​လက်မခံ ​နိုင်ဘူးလို့ ​ပြောဆိုနေပါတယ်။ ​သြစတြေးလျ ​အစိုးရရဲ့ ​ပြောဆိုမှုတွေက ​ဒေသတွင်းအတွက် ​မတရားဘူးလို့ ​အင်ဒိုနီးရှား ​အစိုးရက ​ဝေဖန်လိုက်ပါတယ်။

ဗီယက်နမ်နဲ့ ​အင်ဒိုခေါင်းဆောင်တွေ ​မြန်မာခေါင်းဆောင်နဲ့ ​ဆွေးနွေးခဲ့

ပင်လယ်ပြင်မှာ ​ရိုဟင်ဂျာနဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ​မျောနေတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​မလေးရှားနဲ့ ​အင်ဒိုနီးရှားနိုင်ငံ ​ကိုယ်စားလှယ်တွေ ​မြန်မာနိုင်ငံမှာ ​လာရောက် ​ဆွေးနွေးခဲ့ပါတယ်။ ​အလားတူ ​အမေရိကန် ​ဒုနိုင်ငံခြားရေး ​ဝန်ကြီးကလည်း ​ဒီကိစ္စကို ​မြန်မာ ​အစိုးရနဲ့ ​ဆွေးနွေးခဲ့ပါတယ်။ ​မလေးရှားနဲ့ ​အင်ဒိုနီးရှားနိုင်ငံခြားရေး ​ဝန်ကြီးတွေက ​ပင်လယ်ပြင်မှာ ​ဒုက္ခရောက်နေတဲ့ ​လူတွေကို ​ကယ်တင်ဖို့ ​အကြောင်း ​ဆွေးနွေးကြပြီး ​မြန်မာနိုင်ငံက ​လူတွေ ​ဘာကြောင့် ​နိုင်ငံက ​ထွက်လဲ၊ ​ဒီပြဿနာကို ​ဘယ်လို ​ဖြေရှင်းကြမလဲ ​ဆိုတာကို ​ဆွေးနွေးကြတာလို့ ​ပြောတဲ့အကြောင်း ​ဗွီအိုအေ ​သတင်းမှာ ​ပါရှိပါတယ်။ ​မြန်မာရေပိုင်နက်အတွင်းမှာ ​ဒုက္ခရောက်သူတွေ ​ရှိမယ်ဆိုရင် ​မြန်မာက ​ကူညီဖို့ ​အသင့်ရှိနေပေမယ့် ​မြန်မာရေထဲမှာ ​ဒုက္ခရောက်သူတွေ ​မရှိဘူးလို့ ​မြန်မာအစိုးရက ​တုန့်ပြန်ထားပါတယ်။

လာမယ့် ​မေလ ​၂၉ ​ရက်နေ့ကြရင် ​ထိုင်းနိုင်ငံ ​ဘန်ကောက်မြို့မှာ ​ကျင်းပမယ့် ​ဆွေးနွေးပွဲကိုလည်း ​မြန်မာက ​တက်ရောက်မှာဖြစ်ပါတယ်။ ​ဒါပေမဲ့ ​ကိုယ်စားလှယ်အနေနဲ့ ​ဘယ်သူ့ကို ​ပို့ဆောင်မလဲဆိုတာတော့ ​မသိရသေးပါဘူး။

No comments: