Thursday, May 21, 2015

၂၀၃၀ မတိုင်ခင် ဝင်ငွေ အလယ်အလတ်နိုင်ငံ ဖြစ်လာရန် ရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ ၈၀ ဘီလီယံအထိ မြန်မာလိုအပ်နေဟု အေဒီဘီ ခန့်မှန်း

နိုင်နိုင်ဇော်

၂၀၃၀ ပြည့်နှစ် မတိုင်မီ ဝင်ငွေအလယ်အလတ် နိုင်ငံအဆင့်သို့ တက်လှမ်းရန် မြန်မာနိုင်ငံအတွက် ရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ ၈၀ ဘီလီယံ လိုအပ်နေသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က မေ ၁၅ ရက်က ထုတ်ပြန်လိုက်သည်။

နိုင်ငံရေး စနစ်ဆိုးကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ ဒေသတွင်း ပတ်ဝန်းကျင် နိုင်ငံများထက် များစွာနိမ့်ကျနေဆဲဖြစ်ပြီး ယင်းတို့ကို ကုစားရန် မြန်မာနိုင်ငံအတွက် အခြေခံ အဆောက်အအုံ ရင်းနှီးမြုပ်နှံမှုများ တိုးမြင့်ရန် လိုအပ်နေသည်ဟု ADB ဘဏ် ဒု-ဥက္ကဋ္ဌ စတီဗင်ကရော့ဖ်က ပြောဆိုသည်။

“မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့ ရေခံမြေခံကောင်းတွေ အများကြီး ရှိနေပေမယ့် နိုင်ငံရေးစနစ်တွေကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ဘဲ ပတ်ဝန်းကျင် နိုင်ငံတွေထက်ကို အတော်နောက်ကျနေတာ တွေ့ရတယ်။ မြန်မာနိုင်ငံ တိုးတက်ရေးအတွက် ရင်းနှီးမြုပ်နှံမှု အမြောက်အမြား လိုအပ်နေသေးတယ်” ဟု ၎င်းက ပြောသည်။

ရင်းနှီးမြုပ်နှံမှု ကော်မရှင်စာရင်းများအရ မြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ၃၃ နိုင်ငံမှ ရင်းနှီးမြှပ်နှံမှု ကန်ဒေါ်လာ ၅၄ ဘီလီယံအထိ မြင့်တက်လာသော်လည်း ယင်းမှာ ၁၉၈၈ မှ ယခု ၂၀၁၅ နှစ်ကုန်အထိ ရင်းနှီးထားသည့် ပမာဏဖြစ်သည်။

၂၀၀၁ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စီးဝင်မှုမှာ ကန်ဒေါ်လာ ၇ ဘီလီယံဝန်းကျင်သာ ရှိနေခဲ့ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခု ဒီမိုကရေစီ အစိုးရမတိုင်မီ ကန်ဒေါ်လာ ၂၈ ဘီလီယံ ထပ်မံ မြင့်တက်ခဲ့သည်ဟု ရင်းနှီးမြုပ်နှံမှု ကော်မရှင်က ထုတ်ြပန်ထားသည်။

၂၀၁၁ ခုနှစ်မှ ယခု ၂၀၁၅ မေလဆန်းပိုင်းအထိ ရင်းနှီးမြုပ်နှံမှု စီးဝင်မှုမျာ ကန်ဒေါ်လာ ၂၀ ဘီလီယံဝန်းကျင်အထိ ရှိခဲ့သည်။ လက်ရှိ ရှိနေသည့် ရင်နှီးမြုပ်နှံမှု အများစုမှာ စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များတွင်သာ ရှိနေသည်ဟု ရင်းနှီးမြုပ်နှံမှု ကော်မရှင်က ထုတ်ြပန်ထားသည်။

အလုပ်အကိုင် အခွင့်အလမ်းနှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြုပ်နှံမှုများ လာမည့်နှစ်တွင် ပိုမိုဝင်ရောက်လာရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်က တိုက်တွန်းနေကြောင်း အဆိုပါ ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု ပိုမိုတိုးတက်စေရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ လာမည့် ၂၀၁၆ မတိုင်မီ ကန်ဒေါ်လာ ၁ ဘီလီယံ အကူအညီ ပေးအပ်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments: