ဟိန်းကိုစိုး
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် စောင့်ကြည့်လေ့လာ ခွင့်ပြုရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) နှင့် ကာတာစင်တာတို့ နားလည်မှု စာချွန်လွှာကို မေလ ၂၆ ရက်တွင် ရေးထိုးမည်ဟု UEC ဥက္ကဌ ဦးတင်အေးက ပြောသည်။
၎င်းက "ကာလရှည် စောင့်ကြည့်လေ့လာဖို့ပါ။ ရွေးကောက်ပွဲရက်ကြေငြာတာနဲ့ မဲဆွယ်ကာလ၊ ပါတီတွေ မဲဆွယ်တာ၊ မီဒီယာတွေက ဘယ်လိုရေးတယ်၊ ကော်မရှင်လည်း ဘာတွေလုပ်နေ လည်းဆိုတဲ့၊ ၃ လ ၄ လလောက် ကန့်ကွက် လွှာတင်တာ၊ စစ်တာဘယ် လိုစစ်တယ်ပြီးရင် လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းသိစ္စာ ဆိုတဲ့အထိ ကြည့်မှာ" ဟု ဆိုသည်။
UEC ဥက္ကဌ ဦးတင်အေးသည် မေလ ၂၆ရက်၊ ရွှေလီလမ်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အချက် အလက် ဌာနဖွင့်ပွဲတွင် သတင်းမီဒီယာများကို အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
ဥရောပသမဂ္ဂနှင့်လည်း လက်မှတ်ရေးထိုး နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်နေသည်ဟု ကော်မရှင်မှ သိရသည်။
" ကာလရှည် လေ့လာစောင့်ကြည့်ဖို့ အတွက်က အကုန်သဘောတူ စာချွန်လွှာ ထိုးရပါတယ်။ ဒါက ကျွန်တော်တို့ တင်မပြီးပါဘူး၊ အစိုးရအဖွဲ့ကိုပါ တင်ရပါတယ်" ဟု ကော်မရှင် ဥက္ကဌက ဆိုသည်။
ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင်လည်း အာဆီယံ နိုင်ငံများမှ ရွေးကောက်ပွဲ ကော်မရှင်များကို ဖိတ်ကြားကာ လေ့လာကြည့်ရှုလိုသည့် မဲဆန္ဒနယ်များ၊ မဲရုံများသို့ လိုက်လံ ရှင်းလင်းပြသမည်ဖြစ်ပြီး ယင်းကာလအတွင်း လေ့လာစောင့်ကြည့်မည်သူများသည် ထုတ်ပြန်ထားသည့် ဥပဒေများ၊ လိုက်နာရမည့် အချက်အလက်များကို သိရှိထားရန် လိုအပ်သည်ဟု ဦးတင်အေးက ဆိုသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အောက်တိုဘာလကုန်နှင့် နိုဝင်ဘာ ပထမအပတ်အတွင်း ကျင်းပရန် ရည်ရွယ်ထားပြီး ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ရက်ပေါင်း ၁၂၀ ကြိုတင် ကြေငြာပေးရန် ကော်မရှင်က ဆုံးဖြတ်ထားသည်။
No comments:
Post a Comment