Wednesday, May 27, 2015

လှေစီးဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာမီဒီယာများကို ရန်ကုန်တွင် ဆန္ဒပြ ကန့်ကွက်မည်

မာန်ယုကျော် (ရွှေဝမြေ)

ကပ္ပလီပင်လယ်ပြင်နှင့် မလက္ကာရေလက်ကြားတွင် ရွှေ့ပြောင်းအခြေချလာသည့် လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာမီဒီယာများ၏ ပြောဆိုဆောင်ရွက်နေမှုများ အပေါ် လူထု ဆန္ဒဖော်ထုတ်ပွဲ လုပ်ပြီး ကန့်ကွက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာမီဒီယာများက အဆိုပါလှေစီးဒုက္ခသည်များမှာ မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် မြန်မာနိုင်ငံက လက်ခံရမည်ဟု ပြောဆိုနေခြင်းအပေါ် လက်မခံနိုင်၍ ယခုကဲ့သို့ဆန္ဒပြရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဆန္ဒပြဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုမင်းမင်းက နိရဉ္စရာသို့ပြောသည်။

“သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်ပါတယ်။ နောက်ပြီး ကျနော်တို့နိုင်ငံက ချမ်းသာတဲ့ နိုင်ငံလည်း မဟုတ်ပါဘူး။ ဒါတွေကို ကျနော်တို့ နိုင်ငံကို အပြစ်တင်ပြီး အမျိုးမျိုး ဝေဖန် စွပ်စွဲနေကြတယ်။ ကိုယ့်နိုင်ငံကဒုက္ခသည်တွေကိုတောင်ကိုယ်မကယ်နိုင်တဲ့အခြေအနေမှာ ဒါတွေကို လက်ခံလို့ မဖြစ်ဘူး”ဟု ယင်းက ဆိုသည်။

ယခုဆန္ဒပြပွဲကို မေလ ၂၇ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီအချိန်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်အတွင်းရှိ ဗိုလ်စိန်မှန်အားကစားကွင်း၌လူစု၍ ယင်းမှတဆင့် အဆိုပါမြို့နယ်အတွင်းရှိ ပြည်သူ့ဟစ်တိုင်ကွင်းသို့ လမ်းလျှောက် ချီတက် ဆန္ဒပြကြမည်ဟု ဆိုသည်။

ဆန္ဒပြပွဲကို အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးရဟန်းတော်များနှင့် ရဟန်းပျိုသမဂ္ဂမှ သံဃာတော်များအပါအဝင် မျိုးချစ်ပုဂ္ဂိုလ်များနှင့် လူမှုအဖွဲ့အစည်းများမှပုဂ္ဂိုလ်များက ဦးဆောင်ပြုလုပ်ခြင်း ဖြစ်သည်။

“ကျနော်တို့မြန်မာနိုင်ငံက အမေရိကန်လိုချမ်းသာနေရင်တော့တစ်မျိုးပေါ့။ ဂျပန်လို ချမ်းသာနေရင်တော့ တစ်မျိုးပေါ့။ အခုတော့ အရမ်းချမ်းသာနေကြတဲ့နိုင်ငံကြီးတွေကအစ ကျနော်တို့ဆင်းရဲတဲ့နိုင်ငံထဲကို ဒီလူတွေကို ထိုးထည့်နေတာဟာ အဓိပ္ပာယ်မရှိဘူးလို့မြင်တယ်”ဟု ကိုမင်းမင်းက သုံးသပ်ပြောဆိုသည်။

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ မီဒီယာများမှ ယခု ထွက်ပြေးလာကြသော လှေစီးပြေး သူများမှာ မြန်မာနိုင်ငံသားများ ဖြစ်ကာ မြန်မာနိုင်ငံအတွင်း ခွဲခြားဆက်ဆံခံရမှု၊ ဖိနှိပ်ခံရမှုတို့ကြောင့် ထွက်ပြေးလာသူများ အဖြစ် နေ့စဉ်နှင့် အမျှ သတင်းများကို ထုတ်လွှင့်လျှက်ရှိနေကြောင်း သိရသည်။

ထိုထွက်ပြေးလာသူများနှင့် ပတ်သက်ပြီး စွပ်စွဲပုတ်ခတ်နေမည့်အစား ပြသနာ၏ အရင်းအမြစ်ဖြစ်သော လူမှောင်ခိုကူးမှုကို တားဆီးရန်နှင့် ယခု ထွက်ပြေးလာသူများထဲတွင် မြန်မာနိုင်ငံသားများ ပါဝင်သည်ဆိုပါက မြန်မာနိုင်ငံသား ဟုတ်/ မဟုတ်ကို စိစစ်ပြီး ပြန်လည် လက်ခံပေးသွားမည်ဟု မြန်မာ အစိုးရ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။

ယခုဆန္ဒပြပွဲကို အင်အား ၅ဝဝ ကျော်ဖြင့်ပြုလုပ်ရန် သက်ဆိုင်ရာထံ တရားဝင်ခွင့်ပြုချက်တင်ထားပြီဖြစ်ပြီး သက်ဆိုင်ရာထံမှ ခွင့်ပြုချက်မရလျှင်လည်း စီစဉ်ထားသည့်အတိုင်း ဆန္ဒပြသွားမည်ဟု ဆန္ဒပြ ဦးဆောင်သူများက ဆိုသည်။

No comments: