Sunday, May 24, 2015

ကျွမ်းကျင်သူသုံးဦး အဓိကပါဝင်ဆွေးနွေးမည့် နိုင်ငံတော်ဘက်ဂျက်အပေါ် ဆွေးနွေးပွဲ ယနေ့ကျင်းပမည်

မဇ္ဈိမ

လွှတ်တော်မှ အတည်ပြုပြီးဖြစ်သည့် မြန်မာနိုင်ငံ၏ ၂၀၁၅-၁၆ နိုင်ငံရသုံးမှန်းခြေငွေစာရင်း (ဘက်ဂျက်) ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးနှင်းဦး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးမူရေးကျောင်း၏ သင်တန်းမှူးချုပ် ဦးဇော်ဖေဝင်း နှင့် ပုဂ္ဂလိကကဏ္ဍမှ ဦးမြင့်အောင် တို့က မေ ၂၄ရက်တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းများ အသင်းချုပ် UMFCCI တွင် ဆွေးနွေးမည်ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲကို UMFCCI၊ NESAC နှင့် ActionAid Myanmar တို့ မကထပြု ကျင်းပပြီး အစိုးရဖက်က တင်ပြမှုများ၊ Action Aidမှ တင်ပြမှုများနှင့် အခြားသော CSOs များမှ တင်ပြမှုများရှိမည် ဖြစ်သည်။

ဆွေးနွေးပွဲကို လွှတ်တော်တွင်း ဘတ်ဂျတ်ကိစ္စများတွင် လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် မီဒီယာများသို့မှ အကြံပြုမှုများကို သိရှိနိုင်ရန်၊ ဘတ်ဂျတ်တွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများ ကျိန်းသေစေရန်၊ ဘတ်ဂျတ်အသုံးစရိတ်အဆိုပြုမှု၊ ခွဲဝေမှု၊ ပြီးမြောက်မှုနှင့် စောင့်ကြည့်စစ်ဆေးမှုနှင့် ချင့်ချိန်မှုများတွင် အခက်အခဲနှင့် စိန်ခေါ်မှုများအပေါ်တွင် အမြင်ချင်း ဖလှယ်နိုင်ရန် ရည်ရွယ်လျက် ကျင်းပခြင်း ဖြစ်သည်။

အစီအစဉ်တစ်ခုလုံးကို ကဏ္ဍကြီးနှစ်ရပ်ဖြင့် စီစဉ်သွားမည်ဖြစ်သည်။ ပထမမှာ အမျိုမျိုးသော အရေးပါသည့် အဓိကပုဂ္ဂိုလ်များဘက်က တင်ပြမှုများဖြစ်ပြီး ဒုတိယမှာ ကဏ္ဍစုံမှ ပါဝင်သည့် ပညာရှင်များနှင့် တက်ရောက်လာသူများကြား အပြန်အလှန်မေးမြန်မှုများဖြင့် ဆွေးနွေးမှုများ ဖြစ်သည်။

အစိုးရတာဝန်ရှိသူများ၊ CSOs, UN/INGOs၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီများ၊ ပုဂ္ဂလိကကဏ္ဍ၊ မီဒီယာ၊ ပညာရှင်အသိုင်းအဝိုင်းနှင့် စိတ်ပါဝင်စားသူများ ဆွေးနွေးပွဲသို့ တက်ရောက်ကြမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင် Moderator အဖြစ် မဇ္ဈိမမီဒီယာ၏ အယ်ဒီတာချုပ် ဦးစိုးမြင့်က ဆောင်ရွက်ပေးမည်ဖြစ်သည်။ ဆွေးနွေးပွဲကို နံနက် ၉ နာရီမှ ၁၂ နာရီခွဲအထိ ကျင်းပမည် ဖြစ်သည်။

၂၀၁၅-၁၆ နိုင်ငံရသုံးမှန်းခြေငွေစာရင်း (ဘက်ဂျက်)ကို လွှတ်တော်က အတည်မပြုမီ မတ်လအတွင်းကလည်း အကြို နိုင်ငံတော်ရသုံးမှန်းခြေ ငွေစာရင်း ဆွေးနွေးပွဲကို UMFCCI နှင့် ActionAid Myanmar တို့က ကမကထပြု ကျင်းပခဲ့သေးသည်။ ထိုဆွေးနွေးပွဲတွင် ဘက်ဂျက်ရေးဆွဲမှုဖြစ်စဉ်များ၊ မြန်မာနိုင်ငံ၏ ဘက်ဂျက်မူဝါဒ နှင့် ဘက်ဂျက်မူဝါဒများ၏ အကျိုးဆက်များ၊ ဘက်ဂျက်လိုငွေပြမှုကို လျော့ချနိုင်မည့် နည်းလမ်းများ နှင့် ယခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ (နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်း (သို့) ဘတ်ဂျက်) ရေးဆွဲရာတွင် သတိသင့်၊ ထည့်သွင်းသင့်သည်များကို ကဏ္ဍအသီးသီးမှ ပညာရှင်များက ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးနှင်းဦး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးမူရေးကျောင်း၏ သင်တန်းမှူးချုပ် ဦးဇော်ဖေဝင်း၊ အသုံးချ ဘောဂဗေဒပညာရှင် ဦးစောနိုင်၊ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အငြိမ်းစားဖြစ်ပြီး လက်ရှိတွင် ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦးသိန်းလွင်တို့က အဓိက ဆွေးနွေးခဲ့ကြပြီး မဇ္ဈိမမီဒီယာ၏ အယ်ဒီတာချုပ် ဦးစိုးမြင့်က Moderator အဖြစ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းဆွေးနွေးချက်များအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ပုဂ္ဂုလ်များ နှင့် မီဒီယာများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

No comments: