တင်ထက်ပိုင်
စစ်အစိုးရ အပါအ၀င် အစိုးရအဆက်ဆက်က အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချရာတွင် အသုံးပြု ခဲ့သော ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေကို ပယ်ဖျက်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သော်လည်း ယင်းအဆိုမှာ မဲခွဲဆုံးဖြတ်စဉ် ရှုံးနိမ့်သွားကြောင်း သိရှိရသည်။
မေလ ၂၀ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တ်ာအစည်းအဝေးတွင် NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းမြင့်က ၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေသည် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများကို အာဏာပိုင် များက ဖမ်းဆီးအရေးယူနေသည့် ဥပဒေဖြစ်သည့်အတွက် ပယ်ဖျက်ပေးရန် အဆိုတရပ်တင်သွင်းခဲ့ပြီး ယင်း အဆို ကို လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၅၀ ၊ ကန့်ကွက်မဲ ၂၆၅၊ ကြားနေမဲ ၁၇ မဲ ရရှိခဲ့ကာ အဆိုရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံသူ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို စောင့်ရှောက်ရမယ့်အစား အချိန်မရွေး ဖမ်းဆီးနိုင်ပြီး ထောင်ချနေတဲ့ ဥပဒေ ။ နောက်တခုက အဲဒီဥပဒေထဲမှာ ပါတဲ့ အချက်တွေ အကုန်လုံးက ရာဇသတ်ကြီး ဥပဒေမှာ ပြဋ္ဌာန်း ပြီးသား တွေ ချည်းပဲ။ နိုင်ငံသူ၊ နိုင်ငံသားတွေ ဥပဒေ ချိုးဖောက်ရင် ရာဇသတ်ကြီး ဥပဒေနဲ့ပဲ အရေးယူလို့ ရတယ်။ အဲဒီလို ရာဇသတ် ကြီး ဥပဒေနဲ့ အရေးယူလို့ ရရဲ့သားနဲ့ နောက်ဥပဒေတမျိုးနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကို ဖိနှိပ်ချုပ်ချယ်တယ်၊ ချေမှုန်းတယ်၊ နှိပ်ကွပ်တယ်ဆိုတာက မဖြစ်သင့်၊ မဖြစ်ထိုက်ဘူး” ဟု NLDမှ လွှတ်တော်အမတ် ဦးဝင်းမြင့်က ဧရာဝတီကို ပြောသည်။
ဦးဝင်းမြင့် တင်ပြသော အရေးပေါ် စီမံမှု အက်ဥပဒေ ပယ်ဖျက်ရေး အဆိုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က တုံ့ပြန်ပြောဆိုရာတွင် ၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေ သည် နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ် အေးချမ်း ရေးနှင့် ငြိမ်းချမ်းရေး ကာကွယ်သော ဥပဒေဖြစ်ကြောင်း၊ ယင်းဥပဒေကို ဖျက်သိမ်းပါက နိုင်ငံတော် တည်ငြိမ် အေးချမ်း ရေး ပျက်ပြားသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ ရှင်းလင်းပြောဆိုခဲ့သည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ အဖွဲ့ဝင်လည်းဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျိုင်းတုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးစတီဖန်က ၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေကို ရုပ်သိမ်း လိုက်ပါက နိုင်ငံတော် ပရမ်းပတာဖြစ်သွားနိုင်ကြောင်း ပြောဆိုသည်။
“ဒီဥပဒေကို ရုပ်သိမ်းမယ်ဆိုရင် အကွပ်မရှိတဲ့ ကြမ်း ပရမ်းပတာ ဆိုသလိုဖြစ်သွားမယ်။ မင်းမဲ့စရိုက်၊ဆူပူမှုတွေ၊ ထကြွမှု တွေ ပေါ်ပေါက်လာမယ်။ ဒီဥပဒေက နိုင်ငံတော်တည်ငြိမ်ရေးအတွက် လိုအပ်တဲ့ဥပဒေဖြစ်တယ်။ လူနည်းစုကို ကြည့်ပြီး ပယ်ဖျက်လိုက်ရင် သန်း ၅၀ ပြည်သူတွေအပေါ် မကြည့်ရာရောက်တယ်” ဟုပြောသည်။
၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၂ နှစ်အကြာတွင် ပြည်တွင်းစစ်ကြောင့် ဦးနု အစိုးရက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး သေဒဏ်အထိ အပြစ်ပေးနိုင်သည့် ပြဋ္ဌာန်းချက် ပုဒ်မများပါဝင်ကြောင်း၊ ပုဒ်မ ၅ (င) မမှန်သတင်းလွှင့်မှု၊ ပုဒ်မ ၅(ည) နိုင်ငံတော်လုံခြုံရေးထိခိုက်အောင် ကြံရွယ်မှုဆိုသော ပုဒ်မများသည် စစ်အစိုးရခေတ်တွင် နိုင်ငံရေးသမားအများစုကို ဖမ်းဆီးထောင်ချခဲ့သော ပုဒ်များဖြစ်ကြောင်း၊ ယင်းပုဒ်မ ၂ ခုသည် ထောင်ဒဏ် ၇ နှစ် ချမှတ် နိုင်သော ပုဒ်မများဖြစ်ကြောင်း သိရှိရသည်။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကမူ “ဒီနေ့ အချိန်အခါမှာဆိုရင် မြေပြန့်ဒေသတလွှား မှာ ဘာတိုက်ပွဲမှ မရှိတော့ဘူး။ ဘာမှလည်း ကြီးကြီးမားမား ဆုံးရှုံးစရာတွေ မရှိဘူး။ ဒီအချိန်မှာ ဒီလို ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေဆိုတာ ပြတိုက်ထဲမှာပဲ ရှိဖို့လိုအပ်တဲ့ မှတ်တမ်းတခု အနေနဲ့ပဲ သုံးရမယ့် ဥပဒေပဲ ဖြစ်တဲ့အတွက် ပယ်ဖျက် သင့်တာပေါ့” ဟု ပြောသည်။
၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ ဖျက်သိမ်းရန် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းညွှန့်က တင်ပြခဲ့ဖူးသော်လည်း ယင်းတင်ပြချက်မှာ ပယ်ချခံခဲ့ရကြောင်း၊ ယင်းနောက် ဦးသိန်းညွှန့်က ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေမှ ပုဒ်မ ၅ (င) နှင့် ပုဒ်မ ၅(ည)ကို ပယ်ဖျက်ပေးရန် ထပ်မံ တင်ပြခဲ့ရာတွင်လည်း ဥပဒေကြမ်း ကော်မတီက စိစစ်လုပ်ဆောင်မည်ဆိုသော ကတိက၀တ်ဖြင့်သာ ကျေနပ်ခဲ့ရကြောင်း သိရှိရသည်။

No comments:
Post a Comment