Saturday, March 21, 2009

မုန်းတိုင်းသင့်ဒေသ လယ်သမားများထံမှ လက်တွန်းစက်ဖိုး တောင်းယူနေသည့်အတွက် အခက်ကြုံနေရ

ရိုးမ ၃ Saturday, 21 March 2009

နာဂစ်မုန်တိုင်း သင့်ဒေက လယ်သမား တွေကို ထုတ်ပေး ထားသည့် လက်တွန်း စက်များ ကျသင့်ငွေကို ယခင်က သုံးနှစ်အထိ အရစ်ကျ ပေးဆပ်ရ မည်ဟုပြောပြီး ယခုအခါ ပြန်လည်တောင်း ယူမှုများ ပြုလုပ်နေ သည့်အတွက် ဒေသခံ လယ်သမားများ အခက်ကြုံ နေရသည်။


ဘိုကလေးမြို့နယ်အတွင်းက မဂူအုပ်စုမှာ စက်ပိုင်ရှင်များအသင်းက ထုတ်ပေးထားသည့် လက်တွန်းစက်များအတွက် ပထမ အရစ်အနေ ဖြင့် ၇ သိန်းခွဲ ပေးရမည်ဖြစ်ပြီး ယခင်လကတည်းက ကျေးရွာဥက္ကဋ္ဌများက လာရောက်တောင်းယူ နေခြင်းဖြစ်ကြောင်း ဒေသခံ လယ်သမား တဦး ပြောသည်။

“နာဂစ်ပြီးတော့ ကျွဲနွားတွေကလည်းမရှိတော့ စက်ပိုင်ရှင်များအသင်းက ပေးတယ်ဆိုတော့ စာချုပ်တွေနဲ့၊ သုံးရစ် သုံးနှစ်ပေးရမယ်ပေါ့၊ အားလုံးပေါင်း ၁၂ သိန်းခွဲလောက်ကျမယ်ပေါ့၊ ပထမအရစ်ကို ၄ သိန်းလောက်ပေးရမယ်ဆိုလို့၊ အခုကျတော့ နှစ်ရစ်နဲ့အပြီးဆိုပြီး ပထမအရစ်ကို ၇ သိန်းခွဲတောင်းတယ်၊ လယ် ၇ ဧကမှာ စပါးက ၅၀ ကျော်ပဲထွက်တော့ ငွေလေးတသိန်းလောက်နဲ့ ဘယ်လိုပေး လို့ရမှာလဲ၊ အဲလိုတွေဖြစ်နေတာ” ဟု ဒေသခံလယ်သမားတဦးက ပြောသည်။

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် စက်မှုလယ်ယာနှင့် အခြားက လယ်သမားများအတွက် စက်များကို အခမဲ့ပေးဝေနေပြီး မဂူအုပ်စု အတွင်းမှ လယ်သမား များမှာမူ ယခုကဲ့သို့ အရစ်ကျပေးနေရသည့်အတွက် ဒုက္ခရောက်တာချင်းအတူတူ မိမိတို့အနေဖြင့် ပိုပြီး ကံဆိုး နေရသည်ဟု အဆိုပါလယ်သမားက ဆက်ပြောသည်။

“အခြားဌာနက ပေးတဲ့ဟာတွေက အလကားပေးတာ၊ စက်ပိုင်ရှင်များအသင်းကပေးတာက သုံးရစ်ကနေ နှစ်ရစ်ဖြစ်သွားတယ်၊ အဲဒီအခါကျတော့ လယ်သမားတွေကို သက်သက်နစ်နာအောင် လုပ်တာ၊ နာဂစ်ဒေသမှာ ဝေတာချင်းအတူတူ အဘတို့ကျမှ ဒီလိုဖြစ်တယ်ဆိုတော့၊ ဥက္ကဋ္ဌတွေကို မေးကြည့်တော့လည်း ဒေါင်ဖန်းကုမ္ပဏီက တောင်းခိုင်းလို့ဆိုပြီး ပြောတယ်” ဟု ပြောသည်။

မဂူကျေးရွာအုပ်စုအတွင်း စက်ပိုင်ရှင်များအသင်းမှာ တာဝန်ယူထုတ်ပေးထားသည့် စက်အလုံးပေါင်း ၄၀ ခန့်ရှိပြီး ဘိုကလေး တမြို့ နယ်လုံး အနေဖြင့် အလုံး ၇၀၀ ကျော်ရှိသည်ဟု ဆိုသည်။

ဒေသခံလယ်သမားများမှာ မိုးစပါးကအထွက်နည်းပြီး ကုန်ကျစရိတ်ပိုများသည့် နွေစပါးမှာလဲ မှိုလိုက်နေသဖြင့် မျှော်လင့်၍ မရနိုင် ကြောင်း ဒေသခံလယ်သမားတဦးက ပြောသည်။

“မိုးစပါးတုန်းကလဲ ဈေးမကောင်းတာနဲ့၊ ပြီးတော့ စပါးကလဲ မရဘူးလေ၊ နောက်ထပ် သုံးနှစ်လောက်အထိတော့ မြေတွေမကောင်း သေးဘူး၊ ဆားပေါက်ထားတာ၊ နွေစပါးက အခု မှိုတွေကျနေတယ်၊ ကမောက်ကနီတို့၊ ဥသျှစ်တို့၊ စက်ဆန်းဘက်ရွာတွေမှာ တော်တော်ဆိုးတယ်” ဟု ပြောသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သေသေချာချာ ပြန်မလုပ်နိုင်ခင် ယခုကဲ့သို့ လက်တွန်းစက်အတွက် ငွေတောင်းယူနေခြင်းကြောင့် လယ်သမားများအနေဖြင့် လာရောက်တောင်းတိုင်း ပေကပ်နေရကြောင်း ၎င်းက ဆက်လက်ပြောသည်။

No comments: