Saturday, March 28, 2009

ရဲရင့်ခြင်းနှင့် ကြောက်ရွံ့ခြင်း


ဆရာသော်တာဆွေ၏ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းဆိုသော ကိုယ်တွေ့အဖြစ်အပျက်ကလေးကို ဖတ်ဖူးသည်။ အထူးအာဏာရ သူကြီး ဦးအောင်ဒွန်းနှင့် ဘိန်းစားမိန်းမ၊ သူများမိန်းမကို လိုချင်၍ ယောက်ျားကို ဘိန်းပစ်ပြီး ဖမ်းသည်။ ပြီးလျှင် သူ့မယားကို ယူသည်။ ဤတွင် မတရား အဖမ်းခံရသော သူ၏အမေ အဖွားအိုကြီးက အထူးအာဏာရ သူကြီးကို မကြောက်မရွံ့ အိမ်ရှေ့တွင် သွားပြီးအော်သည်၊ ဆဲသည်၊ ခဲဖြင့် ထုသည်။ နောက်ဆုံး သူကြီး ခေါင်းမဖော်နိုင်ဘဲ တခြားတရွာ ပြောင်းရွှေ့နေထိုင်ပြီး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနှင့် သေဆုံးသွားသည်။

ဆရာသော်တာဆွေက ဤအဖြစ်အပျက်ကို ဖွဲ့ဆိုပြီး မှန်ကန်ခြင်းသည် ရဲရင့်ခြင်းကို ဖြစ်စေကြောင်း မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းသည် တသားတည်းကျနေကြောင်း သူ့အမြင်ကို ဖွဲ့ဆိုခဲ့သည်။ ငယ်စဉ်က ဤဝတ္ထုလေးကို အလွန်ကြိုက်သည်။

သို့သော် ကြီးပြင်းလာသောအခါ စဉ်းစားပုံများ ပြောင်းသွားသည်။ ဤသို့ မတရား အနိုင့်အထက်ပြုနေသည်ကို ကျန်ရွာသားများက အဘယ့်ကြောင့် အဖွားအိုဘက်က မကူညီဘဲ လက်ပိုက်ကြည့်နေရသနည်း။ တရွာလုံး ဖိမ့်ဖိမ့်တုန်အောင် ကြောက်နေရသော အထူးအာဏာရ သူကြီးကို အံတူသူမှာ ဤအိုမင်းမစွမ်း အဖွားကြီးသာ ရှိနေသည်ကို ဘဝင်မကျ။ ဤတွင်မှ ရဲရင့်ခြင်းနှင့် ကြောက်ရွံ့ခြင်း အကြောင်းကို စဉ်းစားမိသည်။

လူတို့၏ အယူအဆတွင် ကိုယ့်ကို မထိခိုက်သမျှ မလှုပ်ကြ။ ကိုယ့်ကို ထိခိုက်လာမှ နာကြသည်။ မည်မျှပင်မှန်မှန် တဖက်လူ၏ အင်အားနှင့် စွမ်းပကား၊ မိမိကြုံတွေ့ရမည့် ဒုက္ခကို နှိုင်းယှဉ်စဉ်းစားကြသည်။ ယခု ဤဝတ္ထုကိုပင် ကြည့်ပါ။ မတရားလုပ်သူ သူကြီးကို အံတုဝံ့သူမှာ သားဇောနှင့် မောနေသော အိုမင်းမစွမ်း အဖွားအိုဖြစ်သည်။

ကျန်သည့် သန်သန်မာမာ ရွာသားများ ရွာမိ၊ ရွာဖများက မလှုပ်ကြ။ အဘယ့်ကြောင့်နည်း။ သူကြီး၏အရှိန်အဝါကို ကြောက်ရွံ့သည်ကတကြောင်း၊ သူတို့ကို မထိခိုက်သေးသည်ကတကြောင်း၊ အမှန်တရားကို သိသော်လည်း မရဲရင့်နိုင်ကြ။ အမှန်တရားအတွက် ရဲရင့်မိပါက မိမိတို့ ထိခိုက်ဆုံးရှုံးမည်ကို စိုးရိမ်သောစိတ်ကြောင့်ဖြစ်သည်။

ဤသည်ကို ရုတ်တရက်ကြည့်လျှင် သူ့ဘာသာသူ နေတာပါပဲဟု ဆိုပြီး လူ့အဖွဲ့အစည်း၏ ပြဿနာကို ခေါင်းရှောင်ခြင်းဟု သာမန်ယူဆ၍ ရသော်လည်း အဖွဲ့အစည်းစိတ်ဓာတ် မရှိခြင်းသည် မတရား အလုပ်ခံရသူအပေါ် ဥပေက္ခာပြုခြင်းဖြစ်ပေရာ မတရားလုပ်သူအတွက် အခွင့်အရေး ရသွားလေတော့သည်။

ဆရာသော်တာဆွေက ရဲရင့်ခြင်းသည် အမှန်တရားကြောင့်ဟု ဆိုသည်။ ကြောက်ရွံ့ခြင်းသည် မမှန်ကန်ခြင်းကြောင့်ဟု ဆိုသည်။ သို့သော် အမှန်ကို သိပါလျက် မရဲရင့်နိုင်သူများ များစွာ ရှိနေခြင်းကြောင့် မှားမှန်းသိပါလျက် အမှားကို ဆုပ်ကိုင်ထားသူများ ခေါင်းထောင်နေခွင့် ရပေသည်။ အုပ်စုစိတ်ဓာတ် ကင်းမဲ့ခြင်း၊ တဖက်လူ၏ အင်အားအရှိန်အဝါကို ကြောက်ရွံ့ခြင်း၊ မိမိကို မထိသမျှ မတုန်မလှုပ် နေကြခြင်းတို့သည် လူသား၏ တန်ဖိုး၊ လူသား၏ သိက္ခာ၊ လူ့အဖွဲ့အစည်း၏ ရပ်တည်မှုကို အယုံအကြည် ပျက်စေလိုသည်။

မှန်လျှင် မှန်သည်၊ မှားလျှင် မှားသည်၊ ပြောရဲသော သူများကြောင့် အသင်းအဖွဲ့စိတ်ဓာတ်၊ သူတို့၏ ယုံကြည်မှုမှ ထွက်လာသော ရဲဝံ့ပြတ်သားသည့် စိတ်ဓာတ်တို့ကြောင့် တခြားတပါးသော သူများကိုပါ ထိုစိတ်ဓာတ်၏ အရှိန်အဝါများ၊ အငွေ့အသက်များ ကူးစက်ကာ ယုံကြည်ရာ၊ ဆောက်တည်ရာ ရလာကြတော့သည်။ မိုးခါးရေ သောက်ခြင်း၊ ဘာသိဘာသာနေခြင်း၊ ကိုယ့်ရှေ့ရောက်နေသော မတရားမှုများကို သွေးအေးအေးဖြင့် လက်ပိုက်ကြည့်နေခြင်း စသော သိမ်ဖျင်းသော စိတ်ဓာတ်တို့သည် လူသားတို့၏ ယုံကြည်မှုနှင့် တန်ဖိုးကို သုညရောက်သည့်တိုင် ပျက်စီးစေနိုင်လေသည်။

ထင်ရာစိုင်းသော အထူးအာဏာရ သူကြီးနှင့် အင်အားချည့်နဲ့သော အဖွားအိုတို့၏ တိုက်ပွဲမှ သူကြီးနှင့် တရွာလုံး၏ တိုက်ပွဲဖြစ်ဖို့ လိုအပ်လှသည်။ ကိုယ့်ရပ်ကိုယ့်ရွာ၏ အကျိုးကို လိုလားသူတိုင်း အဖွားကြီးဘက်မှ ရင်ဆိုင်ဝံ့ရပေသည်။ အဖွားအို၏ ယုံကြည်မှုနှင့် ရဲဝံ့မှုသည် ကျန်ရွာသားများ၏ သွေးကို ပွက်ပွက်ဆူစေမည်မှာ သေချာလှပေသည်။ အမှန်တရားကို မြတ်နိုးသောစိတ် အမှန်တရားတွင် တိုက်ပွဲဝင်ရဲသော စိတ်တို့ကို မွေးဖွားပေးစေလေသည်။ လောက၏ မညီမျှမှု မတရားမှုတို့ကို မတိုက်ယူဘဲ ရရှိလာသော အောင်မြင်မှုဟူသည် မရှိ။ တယောက်ထိလျှင် အဖွဲ့အစည်းတခုလုံးကို ထိခြင်းဟု နှလုံးသွင်းနိုင်ပါမှ အုပ်စု၏ ဖြစ်တည်မှုသည် လုံခြုံစိတ်ချ ရပေလိမ့်မည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆရာသော်တာဆွေ၏ လက်ရာသည် ယခုခေတ် မြန်မာပြည်၏ နိုင်ငံရေးကို တိုက်တိုက်ဆိုင်ဆိုင် ထင်ဟပ်နေပေသည်။ အထူးအာဏာရ သူကြီးနှင့်တူသော စစ်အစိုးရ၊ အမျိုးကိုထိလျှင် မချိသည့် အဖွားအိုနှင့်တူသော ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ဝတ္ထုတွင်မူ သူကြီးသည် ကြီးစွာသော အရှက်ကိုရပြီး ရွာမှပြေး၍ တခြားတပါးတွင် သေလေသည်။ ယခုအပြင်တွင်မူ အထူးအာဏာရ သူကြီးသည် နေပြည်တော်တွင် စံမြန်းလေ၏။ မင်းလိုလိုက် မင်းကြိုက်ခစားသော ပြည်သူ၏ ဘဏ္ဍာတို့ကို ဖြုန်းတီးနေသော မူးကြီးမတ်ရာများနှင့် ကျပ်ပြေးနေပြည်တော်တွင် သဘင်ကြီးစွာ ခံနေလေ၏။ သို့သော် တိုက်ပွဲကား မပြီးသေး။

ဝတ္ထုထဲမှ ရွာသူရွာသားများကား အထူးအာဏာရ သူကြီးကို ရွံ့ကြ၏။ ယခု အပြင်မှ မြန်မာပြည်သူပြည်သားများ အထူးအာဏာရ စစ်အစိုးရကို ရွံ့နေပါမူ ထိုစဉ်က ဝတ္ထုသည် ယခုအထိ အသစ်ထပ်မံ ပြင်ဆင်မရေးသားရသေးဟု မှတ်ယူရပေဦးမည်။

အများအတွက်၊ အုပ်စုအတွက်၊ အမှန်တရားအတွက် ယုံကြည်ချက်ဖြင့် တိုက်ပွဲဝင်နေသူများကို အခါခါ ဦးညွှတ်ပါ၏။ သူတို့၏ စိတ်ဓာတ်အားမာန်များ၊ လူထုတရပ်လုံးကို ကူးစက်ပါစေသတည်း။

No comments: