Saturday, March 28, 2009
သတ္တိကို မွေးဖွားလာစေခြင်း
ကျနော့်မိတ်ဆွေတဦးက ပြောပြသည်။ သူတို့မျိုးရိုးတွေက ခေတ်အဆက်ဆက် အုပ်ချုပ်သူနှင့် ပြဿနာ မတက်အောင်နေ၊ သို့မှ ရှင်သန်နိုင်မည်။ ဘဝ၏ ဦးတည်ရာတို့ကို အနှောင့်အယှက်မရှိ သွားနိုင်မည်။ အုပ်ချုပ်သူနှင့် အတိုက်အခံ လုပ်မိပါက အာဏာလက်ရှိ သူတို့ကို တိုက်ခိုက်နေရသည်မို့ ကိုယ့်မှာ ထိခိုက်မည်၊ ဆုံးရှုံးမည်။ ထို့ကြောင့် ပြဿနာကင်းအောင်နေ။ ပြီးလျှင် ကိုယ့်ဘဝ ရည်မှန်း ချက်ကို အမိအရ ဆုပ်ယူဆိုပြီး သူ အလွန်ပင် အားကိုးအားထားပြုသော အဆိုအမိန့်များ၊ စကားပုံများကို ကိုးကားပြီး ရွတ်ပြသည်။ သူ အားအကိုးဆုံး စကားတခုက “ကိုယ်မနိုင်သော လက်ကို ငုံ့၍ နမ်းလိုက်ပါ” ဆိုသော အီဂျစ်စကားပုံတခု။
သူက အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်။ သူ့အသိုင်းအဝိုင်းက လက်ရှိစစ်တပ်တွင် ရာထူးရာခံကြီး ရယူထားသူများ၊ ခေတ်မျက်နှာစာအသီးသီးတွင် ထိပ်တန်းရောက်အောင်မြင်သူများနှင့် ပြည့်နှက်နေသည်။ သည်တော့ သူ့စကားက သည်လိုပဲ ဖြစ်မည်။
စစ်တပ်နှင့် အတိုက်အခံလုပ်မိသူများ မည်သို့ဖြစ်သွားကြသနည်း။ နောက် စစ်တပ်နှင့် လိုက်လျောညီထွေနေသူများ မည်သို့ဖြစ်လာကြသနည်း။ အဖြေကို လူတိုင်းသိသည်။ သည်တော့ သူ့လောဂျစ်ကို ယုတ္တိအထောက်အထားနှင့် ခိုင်ခိုင်မာမာ တည်ဆောက်တော့သည်။ သို့သော် ဤသည်က သူ၏ ဘဝအမြင်။
မှန်ပါသည် အာဏာလက်ရှိကို လက်မဲ့က အံတုလျှင် ကိုယ်ပဲ ခံရမည်။ ခေတ်တိုင်းမှာ အုပ်ချုပ်သူနှင့် လိုက်လျောညီထွေ နေပြီး၊ ဘဝကို သက်တောင့်သက်သာ တည်ဆောက်နေသူ များစွာ ရှိပါသည်။ အာဏာရ အဖွဲ့အစည်းက နှစ်လိုသော သူကောင်းမျိုးတွေဟု ဆိုနိုင်ပါသည်။ ဤကဲ့သို့ လူတန်းစား၊ လူ့အလွှာကား ခေတ်တိုင်း၊ အချိန်တိုင်း၊ နေရာတိုင်းတွင် ရှိစမြဲ။
ထို့အတူ မိမိယုံကြည်ရာအတွက် အရာရာကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေသူများလည်း ရှိစမြဲ။
သို့သော် သူက စကားဆက်လာသည်။ “ကိုယ့်ကိုယ်ကို နားလည်တဲ့သူက မဖြစ်နိုင်တာကို မစဉ်းစားဘူး။ ဒီတော့ ဖြစ်နိုင်တဲ့ ကိုယ့်ဘဝ ကိုယ့်အကြောင်းကိုသာ စဉ်းစားရမှာ၊ ကိုယ့်အကြောင်းကို မစဉ်းစားဘဲ သူများအကြောင်း စဉ်းစားနေရင် ဒီလူ ရူးနေပြီလို့ ပြောလို့ရတယ်။ သူ့မှာ သုံးသပ်နိုင်စွမ်း မရှိတော့ဘူး။ ဖြစ်နိုင်မဖြစ်နိုင်ဆိုတဲ့ အမြင်လေးတောင်မှ မစဉ်းစားနိုင်လောက်အောင်ကို ရူးသွပ်နေပြီ” ဆိုလာသည်။ သည်တော့ ကျနော် ပြန်ပြောရတော့သည်။
လူ့ဘဝရဲ့ တကယ့်တန်ဖိုးအစစ်က မင်း ထင်နေတဲ့၊ မင်း ရနေတဲ့ ငွေကြေးတွေ၊ အခွင့်အရေးတွေ မဟုတ်ဘူး။ ကိုယ့်ဘဝကိုယ် လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရှိတဲ့ လူ့အခွင့်အရေးနဲ့ ပြည့်ဝတဲ့၊ စံချိန်မီတဲ့ လူသားဘဝသာ တကယ့်အနှစ်သာရ ပြည့်ဝတဲ့ဘဝ ဖြစ်တယ်
“ငါတို့လည်း ကိုယ့်ဘဝကိုယ် နားလည်လို့ပဲ ဒီလိုဒုက္ခတွေခံပြီး အာဏာရှင်တွေကို အံတုနေတာပေါ့။ ဒီအတိုင်း ဆက်နေလျှင် ငါတို့ဟာ လူမဖြစ်နိုင်ဘူး။ လူ့အဆင့်မီတဲ့လူ မဖြစ်နိုင်ဘူး။ အမြဲတမ်း ကြောက်နေရတဲ့ စိတ်နဲ့ ရှင်သန်နေရတဲ့ အသူရကာယ်သာ ဖြစ်လိမ့်မယ်။ အဲ့ဒါကြီးကို လက်မခံနိုင်လွန်းလို့ ငါတို့ရဲ့ သွေးတွေနဲ့ ဘဝတွေ၊ သာယာမှုတွေကို ဆုံးရှုံးခံပြီး လှေကားတွေတထစ်ချင်း တက်လာခဲ့ရတာ။ အခု နှစ်ပေါင်း ထောင်ချီရှိလာခဲ့တဲ့ မြန်မာ့သမိုင်းမှာ လွတ်လပ်တဲ့လူသား၊ လူ့အခွင့်အရေး ရှိတဲ့လူသား ဆိုတာ အခုထိ ရှိမလာနိုင်သေးဘူး။ ဖြစ်မလာနိုင်ခဲ့သေးဘူး။
ဒါပေမဲ့ ဒီအဆင့်ထိ ရောက်အောင်ကိုပဲ ငါတို့ဟာ စစ်ပွဲတွေ အများကြီး၊ အတွေ့အကြုံတွေ အများကြီး၊ အတွေးအခေါ် အဆင့်တွေ အများကြီးကို ဖြတ်သန်းလာခဲ့ရတယ်။ ဆုံးရှုံးလိုက်သမှ ရေတွက်လို့ကို မရနိုင်ဘူး။ အခု ငါတို့မြန်မာ့သမိုင်းက ခေတ်တွေကို ပြန်ကြည့်စမ်း။ ပဒေသရာဇ်ခေတ်တွေ၊ တိုင်းခြားသားကို ဒူးထောက်ပြီး ဘုရားထူးခဲ့ရတဲ့ ကျွန်ခေတ်တွေ၊ ပါးရိုက်နားရိုက်ခံခဲ့ရတဲ့ ဖက်ဆစ်ခေတ်တွေ၊ ဝါဒရေးရာတိုက်ပွဲတွေနဲ့ ပြည်တွင်းစစ်တွေ၊ လူမျိုးရေးစစ်တွေ ဖြစ်ခဲ့တဲ့ ခေတ်တွေ၊ အခု စစ်အာဏာရှင်ခေတ်တွေအထိ တထစ်ပြီးတထစ်ကို နှစ်ရာပေါင်းများစွာ ဆုံးရှုံးမှုပေါင်းများစွာနဲ့ တရွေ့ရွေ့တက်ခဲ့ရတယ်။
ဒါဟာ ဘာကိုဖော်ပြသလဲဆိုရင် လူတွေ အမြဲလိုချင်နေခဲ့တဲ့ လွတ်လပ်တဲ့လူသားဘဝ၊ နှစ်သာရပြည့်တဲ့ လူ့အခွင့်အရေးကို ပိုင်ဆိုင်နိုင်တဲ့ လူသားဘဝတွေကို ရယူချင်လွန်းလို့ ကြိုးစားခဲ့ရတဲ့ လူတွေရဲ့ တော်လှန်လှုပ်ရှားမှုတွေ၊ ဆန္ဒတွေပဲ။ ဒီအလုပ်တွေကို ငါတို့မှမလုပ်ရင် ဘယ်သူလုပ်ပေးမလဲ။ ဒါဟာ ရှောင်လွှဲမရတဲ့ သမိုင်းပေးတာဝန်ပဲ။ အဲ့ဒီလွတ်လပ်တဲ့၊ အနှစ်သာရပြည့်ဝတဲ့ လူသားဘဝကို ရဖို့အတွက် ကိုယ့်ခေတ် ကိုယ့်လက်ထက်မှာ ကြုံလာတဲ့ တာဝန်ကို ရှောင်လွှဲပြီး ရာထူးတွေ၊ ငွေကြေးတွေ၊ အခွင့်အရေးတွေ ယူပြီး မင်း လူဖြစ်ချင်သလား။ ဒါဆိုရင်တောင် မင်းဟာလည်း တကယ်လူ့အရည်အသွေး၊ လူ့အရသာ မမီတဲ့ နိမ့်ကျတဲ့ လူ့ဘဝကိုသာ ရမှာပါ။ ဘာလို့လဲဆိုတော့ မင်းဘဝက ကိုယ်ပြောချင်တာ၊ ကိုယ်လုပ်ချင်တာတွေ၊ ကိုယ်မြင်တာတွေ၊ ကိုယ်ဖြစ်ချင်တာတွေ လုပ်ခွင့်မရဘဲ မိုးလင်းကတည်းက မင်းသခင်တွေ မျက်နှာသာမှ နေသာရမယ့်ဘဝ၊ အကြောက်တရားနဲ့ ရှင်သန်နေရတဲ့ဘဝ၊ အာဏာရှိသူရဲ့ လက်ထဲက အချိန်မရွေး ဆွဲစုတ်ခံရမဲ့ စက္ကူစလိုဘဝ၊ အာမခံချက်မရှိတဲ့ဘဝ၊ လူ့သိက္ခာ လူ့တန်ဖိုး မရှိတဲ့ ဘဝမျိုးနဲ့ ရှင်သန်နေရမှာပဲ။
လူ့ဘဝရဲ့ တကယ့်တန်ဖိုးအစစ်က မင်း ထင်နေတဲ့၊ မင်း ရနေတဲ့ ငွေကြေးတွေ၊ အခွင့်အရေးတွေ မဟုတ်ဘူး။ ကိုယ့်ဘဝကိုယ် လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရှိတဲ့ လူ့အခွင့်အရေးနဲ့ ပြည့်ဝတဲ့၊ စံချိန်မီတဲ့ လူသားဘဝသာ တကယ့်အနှစ်သာရ ပြည့်ဝတဲ့ဘဝ ဖြစ်တယ်။ တန်ဖိုးရှိတဲ့ ဘဝဖြစ်တယ်။ ဒီအရသာတွေ မပြည့်စုံမချင်း ငါတို့ဘဝတွေ၊ မင်းတို့ဘဝတွေဟာ ဘယ်သွားသွား ဘယ်နေနေ ဘာပဲလုပ်လုပ် တန်ဖိုးမရှိနိုင်ဘူး။ အရသာမရှိနိုင်ဘူး။
ဒီတော့ ငါတို့ အခု အာဏာရှင်တွေကို တော်လှန်နေတာက ကိုယ့်အကြောင်းကို စဉ်းစားလွန်းလို့၊ ကိုယ့်ဘဝကို နားလည်လွန်းလို့ ဆုံးရှုံးနေတဲ့ ကိုယ့်အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ ကိုယ့်ဘဝကိုယ် မေ့နေတဲ့ မင်းသာ တကယ့်အရှိကို မမြင်နိုင်တဲ့၊ လက်မခံနိုင်တဲ့၊ မျက်စိမှိတ်ပြီး ပြောချင်ရာပြောနေတဲ့ အရူးပဲဖြစ်လိမ့်မယ်။ စဉ်းစားဆင်ခြင်နိုင်တဲ့ လူမှန်သမျှ ဒီအကြောင်းကို မစဉ်းစားဘဲ မနေနိုင်ကြဘူး။ မသုံးသပ်ဘဲ မနေနိုင်ကြဘူး။
ဒါ့ကြောင့် နှစ်တွေ ထောင်ချီလာတဲ့တိုင် ဆုံးရှုံးမှုတွေ မရေမတွက်နိုင်အောင် ပေးဆပ်ပြီး၊ ရှေ့ကို တလှမ်းချင်း တိုးခဲ့တာပေါ့။ နောင်လည်း ရှေ့ဆက်တိုးနေရဦးမှာပဲ။ ငါတို့လိုချင်တဲ့ ဘဝအဓိပ္ပာယ်နဲ့ ဘဝအရသာ၊ ဘဝတန်ဖိုး သတ်မှတ်ချက် မပြည့်မချင်း နောင် နှစ်ပေါင်းထောင်ချီကြာပါစေ၊ မျိုးဆက် တဆက်ပြီးတဆက် သမိုင်းပေး တာဝန်တွေကို ပခုံးပေါ်ထမ်းပြီး ဝမ်းပမ်းတသာနဲ့ ကိုယ့်ခေတ်ကိုယ့်သမိုင်းကို ကိုယ်နိုင်ရာအပိုင်းက အကောင်းဆုံး ရေးခဲ့ကြမှာပဲ။ သမိုင်းပေးတာဝန်ကို ရှောင်တဲ့လူနဲ့ ဆောင်တဲ့လူအကြောင်းကိုတော့ သမိုင်းကပဲ မှတ်တမ်းတင်သွားပါလိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့အမြင်တွေပြောင်းပြီး ရောက်ရာအရပ်၊ ရောက်တဲ့အချိန်ကနေ ကိုယ့်တာဝန် ကိုယ်ကျေမယ်ဆိုရင် မင်းဟာ လိပ်ပြာလုံသွားမှာပါ။ သိက္ခာရှိတဲ့၊ တာဝန်သိတဲ့၊ အဓိပ္ပာယ်ရှိတဲ့ တော်လှန်ရေးသမား ဖြစ်သွားမှာပါ။
တော်လှန်ရေးသမားဆိုတာ ကြီးကြီးကျယ်ကျယ်စကား မဟုတ်ပါဘူး။ ကိုယ့်ခေတ်ကိုယ့်သမိုင်းမှာ ကို်ယ်ရောက်ရာ အပိုင်းကနေ မတရားမှုတွေကို အမြဲသတိပြုပြီး ကိုယ်စိတ်နှလုံး သုံးပါးလုံး အံတုနေတာ၊ ဆန့်ကျင်နေတာ၊ ဒါဟာပဲ တော်လှန်ရေးသမားပါပဲ။ မတရားမှုတွေ မမျှတမှုတွေ မဆီလျော်တာတွေ မြင်ပါလျက်နဲ့ ဘေးထွက်ထိုင်နေတဲ့ သူသာ ရေသာခိုအချောင်သမား၊ သမိုင်းတာဝန်ကို ရှောင်လွှဲသွားတဲ့၊ တန်ဖိုးမဲ့တဲ့၊ အရသာမဲ့တဲ့၊ အဓိပ္ပာယ်မဲ့တဲ့ လူဖြစ်သွားမှာ။
တကယ်တော့ ဘဝအရသာ ဆိုတာဟာ အမှန်တရားကို ဖော်ထုတ်ရဲတဲ့၊ သတ္တိရှိတဲ့ တည်ဆောက်ရေးသမား၊ ပြုပြင်ရေးသမား တော်လှန်လူသားတွေသာ ခံစားနိုင်တဲ့ အရာတခုပါ။ အဲ့ဒီတော်လှန်နေခြင်းကိုကပဲ ဘဝရဲ့ အရသာပဲ၊ ဘဝရဲ့ တိုက်ပွဲပဲ။ တိုက်ပွဲမရှိဘဲနဲ့၊ ဆုံးရှုံးမှုတွေ မရှိဘဲနဲ့၊ ဒုက္ခဆိုတာမရှိဘဲနဲ့ ဘယ်လိုလုပ် အရသာ ရှိနိုင်မလဲ။ အရသာဆိုတာကို ဘယ်လိုသိနိုင်မလဲ။ ပူမှ အေးတဲ့ အရသာ၊ ခါးမှ ချိုတဲ့အရသာ၊ ဒုက္ခတွေ့မှ သုခဆိုတဲ့ အရသာကို သိနိုင်ခံစားနိုင်မှာပေါ့။ မိုးလင်းကတည်းက မြက်ခင်းစိမ်းကြီးပေါ်မှာ ပက်လက်လှန်ပြီး ကောင်းကင်ပြာပြာကြီးကို ကြည့်နေရတာ၊ တိမ်ဖြူဖြူလေးတွေ ကြည့်နေခွင့် အမြဲတမ်းရနေရင် ဘယ်လိုလုပ် အရသာရှိနိုင်မလဲ။ သူ့မှာက အားထုတ်ထားမှုမှ မရှိဘဲ။
လွတ်လပ်တဲ့ ကောင်းကင်ပြာ အရသာကို ပြည့်ပြည့်ဝဝ ခံစားနိုင်သူ၊ တိမ်ဖြူဖြူလေးတွေ မျောလွင့်နေတာကို ကြည့်ရင်း အရသာရှိနေတဲ့သူ၊ တိုက်ခတ်နေတဲ့ လေပြေလေးတွေရဲ့ လှုပ်ရှားမှုကို အရသာခံနိုင်တဲ့ သူဟာ သေချာပေါက် အကျဉ်းထဲ အကျပ်ထဲ၊ မွန်းကြပ်လှောင်ပိတ်မှုတွေထဲ၊ အမှောင်ထုတွေထဲ၊ အထီးကျန်မှုတွေထဲ၊ ခါးသီးမှုတွေထဲ နေခဲ့ဖူးသူပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် တော်လှန်တိုက်ပွဲဝင်နေသူတွေသာ ကိုယ့်ခေတ်ကိုယ့်သမိုင်း၊ ကိုယ့်အပိုင်းမှာ ကိုယ့်တာဝန်ကျေတဲ့၊ လိပ်ပြာလုံတဲ့၊ လူသားအရည်အသွေး ပြည့်ဝတဲ့ လူတွေ၊ ဘဝအဓိပ္ပာယ်နဲ့ ဘဝအရသာကို ပြည့်ပြည့်ဝဝ ခံစားနိုင်တဲ့ လူတွေ ဖြစ်နိုင်တယ်။
ငါ့စကားတွေတော့ ရှည်သွားပြီ။ မင်းရဲ့ခံယူချက်၊ မင်းရဲ့အမြင်တွေအတွက် ပြောင်းလဲနိုင်တဲ့ နောက်ထပ် အချက်အလက်အသစ်တွေ စဉ်းစားစရာအသစ်တွေ လုံလောက်ပြီလို့ ထင်တယ်။ မင်းရဲ့လက်ရှိ ဘဝအမြင် ပြောင်းတာ မပြောင်းတာကတော့ မင်းရဲ့ အရည်အသွေးပေါ်မှာတည်နေတဲ့ ဆုံးဖြတ်ချက်ပဲ။ ငါ့ဘက်ကတော့ မင်းကို အားပေးချင်တာက တော်လှန်ရေးဆိုတာ ခေတ်တိုင်းမှာ ရှိနေဦးမှာပဲ၊ အချိန်တိုင်းမှာ ရှိနေဦးမှာပဲ။ လူသားတွေရဲ့ ရပိုင်ခွင့်တွေ မပြည့်ဝမချင်း နောင်လည်း ပြုပြင်ပြောင်းလဲရေးတွေ ရှိနေဦးမှာပဲ။ ဒီတော့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ မင်းတတ်နိုင်တဲ့အပိုင်းက မင်းရဲ့သမိုင်းပေးတာဝန်ကျေရင် မင်းဟာ မင်းခေတ်ရဲ့ သားကောင်းရတနာ ဖြစ်မှာပဲ။ လိပ်ပြာလုံသွားမှာပဲ။ ချုပ်ပြောရရင် ခေတ်အဆက်ဆက်မှာ၊ အချိန်တိုင်းမှာ ထိုးဖောက်တော်လှန် ပြုပြင်ပြောင်းလဲနေသူတွေအတွက် နောက်ကျတယ်ဆိုတာမရှိဘဲ တာဝန်မကျေခဲ့ဘူးဆိုတာပဲ ရှိလိမ့်မယ်”။
ကျနော် သူ့ကို စိုက်ကြည့်နေသည်။ အရသာရှိလှပါသည်ဆိုသော၊ ဇိမ်ကျလှပါသည်ဆိုသော၊ အောင်မြင်မှုတွေ ရရှိနေပါသည်ဆိုသော၊ တောင့်တသမျှ အလိုပြည့်ဝသည်ဆိုသော သူ့ကို ကြည့်နေမိသည်။ သူတင်ပြခဲ့သော သူ့ဘဝအမြင်ကို ပြန်စဉ်းစားနေပေလိမ့်မည်။
ကျနော်တို့ခေတ်၏ သမိုင်းဖြစ်စဉ်၊ တော်လှန်ရေးဖြစ်စဉ်သည် လက်ရှိတွင် စိတ်လှုပ်ရှားဖွယ်မရှိ၊ လေးလံနေသည်ဟု ထင်ရပေလိမ့်မည်။ တစုံတရာသော အကျိုးသက်ရောက်မှုကိုလည်း မခံစားရသေး။ မြင်သာထင်သာရှိသည့် တိုးတက်မှုကိုလည်း မတွေ့ရသေးဟု ဆိုကြသည်။ အမှန်မှာက ကျနော်တို့ ခေတ်သမိုင်းစဉ်သည် မြန်မာ့သမိုင်းတလျှောက်လုံးတွင် မြန်မာတမျိုးသားလုံး၏ သမိုင်းတလျှောက် တောင့်တလာခဲ့သော၊ အလိုဆန္ဒအတွက် အကြီးမားဆုံးသော ခြေလှမ်းဖြစ်သည်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးဆိုသည့် ကြီးကျယ်ခမ်းနားလှသော တိုက်ပွဲကို စတင်လိုက်သော ခြေလှမ်းဖြစ်သည်။ ဤခြေလှမ်းသည် မြန်မာ့သမိုင်းတလျှောက်လုံးတွင် အတိုးတက်ဆုံးသော ခြေလှမ်းသစ်တခုဖြစ်သည်။
ယခု ကျနော်တို့ခေတ် တော်လှန်ရေးဖြစ်စဉ်တွင် ဤခြေလှမ်းသစ်အတွက် အနှစ် ၂ဝ သာ အချိန်ယူရသေးသည်။ မြင်သာထင်သာသော တည်ဆောက်မှု အသစ်မျိုးစုံ၊ ခြေလှမ်းသစ်မျိုးစုံ၊ နယ်ပယ်စုံတွင် စတင်နိုင်ခဲ့သည်။ လူ့အခွင့်အရေး၊ မီဒီယာအခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ ဥပဒေအခွင့်အရေး စသော ကဏ္ဍအသီးသီးတွင် ခြေလှမ်းသစ်များ စတင်နိုင်ခဲ့သည်။ သမိုင်းစဉ် တလျှောက်လုံးတွင် တခါမှ မရှိခဲ့ဖူးသည့် မြန်မာတိုင်းရင်းသား လူမျိုးပေါင်းစုံ၏ တခဲနက်သော ဒီမိုကရေစီတောင်းဆိုမှုများ၊ ကောင်းမြတ်လှသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသော တော်လှန်အင်အားစုများ၊ မီဒီယာအသစ်များ၊ ပြည်တွင်းပြည်ပတွင် ထိရောက်စွာ တည်ဆောက်နိုင်ခဲ့သည်။ ကွဲပြားလှသော လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးစံ၊ အစဉ်အလာများပေါ်တွင် ခိုင်မာသော အခြေခံမူများ တည်ဆောက်နိုင်ခဲ့သည်။ ပုံဖော်နိုင်ခဲ့သည်။ ဤသည်မှာ နှစ်ထောင်ချီရှည်ခဲ့သော မြန်မာ့သမိုင်းတလျှောက်လုံး တခါမှ မပေါ်ခဲ့ဖူးသော အသီးအပွင့်ဖြစ်သည်။
နှစ် ၂ဝ ဆိုသော မျိုးဆက်တဆက် မရှိတရှိ အချိန်သည် မြန်မာ့သမိုင်းကြီးနှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်သော တိုတောင်းလှသော ကာလအပိုင်းအခြားဖြစ်သည်။ ဤအပိုင်းအခြား အတိုလေးအတွင်း ဤမျှ ဖော်ဆောင်နိုင်ခဲ့သည်မှာ ကြီးမားလှသော အောင်မြင်မှု မဟုတ်ပါသလော။ သို့သော် ယနေ့ခေတ်တွင် ကြုံကြိုက်လာရသော ဒီမိုကရေစီ တောင်းဆိုနေသည့်၊ လူ့အခွင့်အရေး တောင်းဆိုနေသည့် မျိုးဆက်၏ အမြင်တွင်မူ အနှစ် ၂ဝ သည် ကာလရှည်တရပ် ဖြစ်နေပေလိမ့်မည်။ အားမရနိုင်ဖြစ်နေပေလိမ့်မည်။ ဤကာလသည် မည်သို့သော ပုံပန်း အဓိပ္ပာယ်ကို ဆောင်ယူပါသနည်း။
အမှန်ဆိုရပါလျှင် ဤကာလသည် ရှည်လျားလှသော၊ ပုံသဏ္ဍာန်စုံလှသော တော်လှန်ရေးဖြစ်စဉ်ကြီးတွင် ဖြစ်နေကျ၊ အားယူနေရသော ကာလဖြစ်သည်။ အရှိန်တင်နေရသော ကာလဖြစ်သည်။ လုံလောက်သည့် ပြင်ဆင်မှုတို့ မပြည့်စုံမချင်း တရွေ့တရွေ့ အားဖြည့်နေရဦးမည်။ ဤဖြစ်စဉ်ကို ငြီးငွေ့ပါသည်ဆိုပြီး ရှောင်လွှဲမရနိုင်။ တော်လှန်ရေးသမားသည် ရေရှည်တိုက်ပွဲ၏ အခင်းအကျင်း၊ မဟာဗျူဟာ၊ နည်းဗျူဟာများကိုလည်း နားလည်သဘောပေါက်နိုင်အောင် လေ့လာနေရပေမည်။ သုံးသပ်နေရပေမည်။ ဤသည်မှာ ခရီးရှည်တိုက်ပွဲကို ချီတက်နေသော တော်လှန်ရေးသားကောင်းတို့အတွက် အရည်အချင်းစစ်ပွဲ၊ မှတ်ကျောက်တင်ပွဲ ဖြစ်လေသည်။ ကျနော်တို့ခေတ်၊ ကျနော်တို့သမိုင်းတွင် ကျနော်တို့အရည်အချင်း မှတ်ကျောက်အတင် ခံနိုင်ပါမည်လော။
အခက်အခဲမျိုးစုံကို ကျော်လွှားနေရခြင်းသည်သာ တော်လှန်ရေး၏ အရသာဖြစ်တော့သည်။ မှတ်ကျောက် ဆိုသည်မှာ ရှောင်လွှဲမရနိုင်သော၊ ထို့ပြင် ဖြတ်သန်းနေစဉ်၊ စစ်ဆေးနေစဉ် အပမ်းကြီးခဲ့သလောက်၊ ကိုယ်စွမ်းကိုယ်စ ညှစ်ထုတ်ခဲ့ရသလောက် တင်ကျန်ရစ်ခဲ့သောအခါ၊ ကျော်လွှားနိုင်သောအခါ အချိုမြိန်ဆုံးသော အရသာ၊ တံခွန်စိုက်ခဲ့သော အောင်မြင်မှုမျိုး ဖြစ်တော့သည်။
ဤမှတ်ကျောက်သည်ပင် တော်လှန်ရေး ခရီးစဉ်တလျှောက်လုံးအတွက် အဓိကကျသော ခံနိုင်ရည်၊ ခံနိုင်စွမ်းကို အရောင်တင်ပေးသော တန်ဖိုးကြီးလှသည့် ရတနာတပါးပင်ဖြစ်သည်။ ရေရှည်ခံနိုင်ရည် ရှိခြင်းသည် တော်လှန်ရေးအတွက် အလိုအပ်ဆုံးသော တော်လှန်အရည်အသွေး၊ တော်လှန်အမြင်၊ တော်လှန်အတွေးအခေါ် ဖြစ်တော့သည်။ ထိုအတွေးအခေါ်နှင့် အမြင် ရင့်ကျက်သလောက် တော်လှန်ရေးအတွက် အကျိုးသက်ရောက်ပေလိမ့်မည်၊ ထိရောက်ပေလိမ့်မည်၊ အားအင်ဖြစ်ထွန်းနိုင်ပေလိမ့်မည်။
ထို့ကြောင့် ကိုယ့်ခေတ်ကိုယ့်တာဝန် ကျေပွန်သော၊ အတားအဆီးများကို ကျော်ဖြတ်နိုင်သော တော်လှန်ရေး သားကောင်းများ ဖြစ်လာပြီး မှတ်ကျောက်တင်အရသာကို ခံစားနိုင်ကြပါစေသတည်း။ ခံနိုင်ရည်၊ ခံနိုင်စွမ်း ပြည့်ဝနိုင်ကြပါစေသတည်း။
လူ့သမိုင်းသည် ခေတ်တိုင်းခေတ်တိုင်းတွင် လိုအပ်ချက်များစွာ ဖြည့်တင်းနေရဦးမည်။ သို့သော် အဓိက က ကိုယ့်ခေတ်၊ ကိုယ့်သမိုင်း၊ ကိုယ့်အပိုင်းကို တာဝန်ကျေဖို့သာ လိုသည်။ သည်အခွင့်အရေး လူတိုင်းတွင် ရှိသည်။ သည်အခွင့်အရေး အမြဲပွင့်နေသည်။
စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း၊ နေ့ရက်တိုင်းတွင် သမိုင်းတာဝန် ကျေပွန်နိုင်ခြင်းဆိုသည့် သမိုင်းတွင်ရစ်မည့် ထူးမြတ်သည့် အခွင့်အရေး အမှန်တကယ် ပေးနေလေသည်။ ကိုယ့်လက် ရောက်လာသည့် အခွင့်အရေးကို လက်လွတ်မခံဘဲ စီးစီးပိုင်ပိုင် ရအောင်ကိုင်၍ ယူနိုင်ကြပါစေသတည်း။
သို့မှသာ မြန်မာတမျိုးသားလုံး၏ အမျိုးဂုဏ်၊ သမိုင်းဂုဏ်၊ လူ့ဂုဏ်သိက္ခာသည် အစဉ်ထွန်းပြောင်နေပေလိမ့်မည်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment