Friday, March 27, 2009

မိထွေးဆိုပေမယ့် ဂေါတမီ


နွေဦးမှာ ဥသြတို့ တွန်ကြပြီ။ အကောင်မမြင်ရဘဲ အသံသာကြားရတဲ့ ဥသြငှက်ကလေးရဲ့အသံကို ကျမ လွမ်းမိပါရဲ့။ ဥသြဆိုတာ နွေကိုကြိုတဲ့ ငှက်ပေါ့။ ဥသြငှက်သံ မကြားရပေမယ့် နွေကိုတော့ ရောက်ရပြီ။

ကျမရောက်နေတဲ့ နို့ဖိုးစခန်းထဲမှာ ဥသြတွန်သံ မကြားရပါဘူး။ နွေဦးရဲ့ လေရူးတွေနဲ့ တတောလုံးက သစ်ပင်တွေ ရွက်ဟောင်းကြွေပြီး ရွက်သစ်ထွက်လို့သာ နွေဦးရောက်ပြီလို့ သိရတာ။

ကျမ မြန်မာပြည်ကို ခွဲခွာခဲ့ရစဉ်က ဆောင်းရာသီ။ နှင်းမှုန်တွေကြားကနေ ဒေါနတောင်တန်းကြီးကိုကြည့်ပြီး အလွမ်းဖြေခဲ့ရတာ သိပ်မကြာသေးဘူး။ အဲဒီ မြန်မာပြည်ထဲမှာ ဥပဒေဆိုတာ မရှိပေမယ့် မိသားစုဘဝတွေရဲ့ ချစ်ခြင်းမေတ္တာတွေ ရှိတယ်။ မတရားဖမ်းဆီး နှစ်ရှည်ထောင်ဒဏ်တွေချပြီး ဝေးလံခေါင်သီတဲ့ အကျဉ်းစခန်းတွေ ရှိပေမယ့် မြန်မာ ဒေသခံလူထုရဲ့ အားပေးကြိုဆိုမှုတွေ ရှိပါတယ်။ ဒီမိုကရေစီကို မကြိုက်တဲ့ စစ်အစိုးရရှိပေမယ့် ဒီမိုကရေစီလိုလားသူ မြန်မာပြည်သား သန်း ၆ဝ လောက် ရှိတယ်။ ကျမ ချစ်တဲ့ အမိမြန်မာပြည်ရဲ့ ရင်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်နေသလို ကျမတို့ ပြည်သူလူထုရဲ့ ရင်ထဲမှာလည်း ဒဏ်ရာတွေပြည့်လို့။

ကျမရဲ့ ခရီးတထောက်က မဲဆောက်ပါ။ မဲဆောက်က မြန်မာနိုင်ငံသား ၉ဝ ရာခိုင်နှုန်း ရှိတယ်လို့ ပြောပေမယ့် ကျမ စိတ်ထဲမှာ မလုံခြုံသလို လက်တွေ့ဘဝမှာလည်း မလုံခြုံခဲ့ပါဘူး။ “ကတ်ဘိဘန်း” ရွာလေးထဲမှာ အိမ်ထဲမှာ ဘယ်မှ မထွက်ဘဲ နေခဲ့ရတာ တလ ကြာခဲ့တယ်။ ထိုင်းရဲ မရှိဘူးလို့ ထင်ရတဲ့ ညနေဘက် နေဝင်ရီတရော အချိန်လေးမှာ ခြံတံခါးဝကနေ ခေါင်းလေးပြူပြီး ဒေါနတောင်ကြီးကိုကြည့်ပြီး အလွမ်းဖြေရတာပေါ့။

မနက်စောစော ဓာတ်တိုင်ပေါ် စပီကာကနေ ထိုင်းစကားသံတွေနဲ့ နေ့စဉ် နိုးရပါတယ်။ ထိုင်းရဲ့ နိုင်ငံရေး အခြေအနေ၊ ယနေ့ ကုန်ဈေးနှုန်းကို ရွာသူကြီးက ကြေညာပေးတာလို့ အရင်ရောက်နှင့်သူတွေက ပြောပါတယ်။ ကျမ နေတဲ့ ခြံထဲမှာ နတ်ကွန်း ရှိတယ်။ မင်းသမီးရုပ်၊ ရာမ၊ မယ်သီတာ နတ်ရုပ်ရှေ့မှာ အမွှေးတိုင်မီးခိုးက ခြံထဲမှာ မနက်တိုင်း လွင့်နေတယ်။ ကိုယ့်ရိုးရာနတ် မဟုတ်ပေမယ့် နတ်ဆိုတာ လူကို စောင့်ရှောက် မစဖို့ပဲလို့ UN ဒုက္ခသည်ကဒ် ရထားတဲ့ အမျိုးသမီးက တွေးပုံရတယ်။ သူ့ရဲ့ဆုတောင်းက အမွှေးတိုင် မီးခိုးငွေ့နဲ့အတူ အမေရိကန်က “ဒိုနာဆီ” အရောက်သွားမယ်လို့ တထစ်ချ ယုံကြည်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒုက္ခသည်ရဲ့ ခွန်အားဟာ လက်ရှိအခြေအနေအရ ဆုတောင်းခြင်းပါပဲ။

နွမ်းညစ်တဲ့ ဘဝနဲ့ တောက်ပတဲ့ ဘဝများကို နှိုင်းယှဉ်ခံစားနိုင်တဲ့ မဲဆောက်ပါ။ “ကတ်ဘိဘန်း” က မဲဆောက်ရဲ့ ကျေးလက်လို့ ပြောကြတယ်။ လယ်ကွင်းတွေရှိလို့သာ ကျေးလက်လို့ပြောပေမယ့် အိမ်တွေက မြန်မာပြည်ရဲ့ လူကုံထံအိမ်တွေ လိုပါပဲ။ ကျွန်းတိုင်ကြီးတွေကို တိုင်အလုံးလိုက် အလှဆင် ဆောက်ထားတာများ ကျမရင်ထဲ မချိအောင် နာရတယ်။ ကိုယ့်ပြည်တွင်းက ကျွန်းသစ်ကို ကိုယ့်ပြည်သူပြည်သားများ သုံးစွဲရင် လက်ဝယ်တွေ့ရှိရင် ထောင်ဒဏ် အပြစ်ပေးခံရတာမို့လား။ ဒီကြားထဲကပဲ သစ်တောတွေပြုန်းပြီး တောင်တွေ ကတုံးဖြစ်သွားရတာ။ ခုတော့ အိမ်နီးချင်း ထိုင်းနိုင်ငံက သူတို့ သစ်တောပြုပြင်စောင့်ရှောက်ပြီး မြန်မာပြည်ရဲ့ ကျွန်းသစ်ကို တင့်တင့်တယ်တယ် လှလှပပ ဆောက်ထားတယ်။

“ရှင်ဘုရင် ဘယ်က ထွက်၊ မင်းကြီးတာက ထွက်” ဆိုတဲ့ မြန်မာစကားပုံနဲ့ပဲ နှိုင်းရမလား၊ ဒါမှမဟုတ် မြို့စားကြီးက မီးရှို့ပိုင်ခွင့်ရှိပြီး ပြည်သူပြည်သားကတော့ မီးခွက်ထွန်းခွင့် မရှိဘူးဆိုတဲ့ တရုတ်စကားပုံနဲ့ ပြောရမလား။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ မြန်မာပြည် ကျွန်းသစ်တွေနဲ့ အလှဆင်ထားကြတဲ့ ထိုင်းအိမ်တွေ လှပတင့်တယ်နေတာတော့ အမှန်ပါပဲ။

အဲဒီအိမ်တွေကို အားကျစိတ်နဲ့ နာကျင်ငေးမောရတာ။ ခြံကျယ် ဝင်းကျယ်တွေထဲမှာ အိမ်တွေက စိတ်ကူးယဉ်စရာ။ အဲဒီအိမ်တွေထဲမှာ ထွန်တုံးတွေ၊ တံစဉ်တွေ ချိတ်ဆွဲထားလို့သာ တောင်သူတွေအိမ်လို့ ထင်ရတာ။ ဘုရားစူး လယ်သမားတွေပါပဲ။ ကားတွေ ဆိုင်ကယ်တွေလည်း ရှိသေးတယ်။ နေ့စဉ် ကောက်ရိတ်ဖို့ ကားနဲ့ ဆိုင်ကယ်နဲ့ ထွက်သွားရင် ကျမအမျိုး တောင်သူလယ်သမားတွေကို သတိရမိတယ်။

လယ်ထဲ၊ ကိုင်းထဲကို ဘယ်လောက်ဝေးဝေး ခြေလျင်လျှောက်ရတဲ့သူတွေ။ သမန်းဆီ တက်နေတဲ့ ဖိနပ်မပါ၊ ခြေဖနောင့် ကွဲနေတဲ့ သူတို့ဘဝတွေနဲ့ ယှဉ်ကြည့်မိတယ်။ လက်ကိုင်ဖုန်းကို အိတ်ထဲထည့်ပြီး လယ်ထဲက ကောက်ရိတ်ရင်း ဆက်မလား၊ ကောက်လှိုင်းစည်းရင်း ဆက်မလား - အဆင်ကို ပြေလို့။ ကျမတို့ အမျိုးများလို လယ်ကန်သင်းရိုး တာရိုးပေါ်ကနေ ထန်းရွက်လေတိုးသံကြားက အော်ဟစ်ပြောဖို့ မလိုဘူး။ ထိကရုန်းအဆူးခံပြီး လယ်ကွင်းထဲအထိ သွားပြောစရာ မလိုဘူး။ ဘယ်လောက်များ ကံကောင်းကြသလဲလို့။

ကျမ ဘကြီး၊ ဘဒွေးကြီးဒေါ်များ၊ အကိုအမများ၊ လယ်သမားဘဝနဲ့ ဆိုင်ကယ်ဟန်ဒယ်၊ ကားစီယာတိုင် ကိုင်ဖို့နေနေသာသာ တာဝန်ကျေ စပါးပေးနိုင်ဖို့၊ လုပ်အားပေးလိုက်ရလို့၊ လယ်ခွန်၊ မြေခွန်၊ သီးခွန်ဆောင်ရလို့ နအဖ လူကြီးသားသမီးရဲ့ မြေဆီအိတ် မဝယ်မနေရ ဝယ်ဖို့နဲ့ ကိုယ့်ခိုင်းနွားရဲ့ နဖားကြိုးကို ကိုင်နိုင်ဖို့ အနိုင်နိုင် ကြိုးစားရတဲ့ နင်းပြားဘဝတွေ။ ဘယ်လောက်များ ကြေကွဲစရာကောင်းလိုက်သလဲ။

ထိုင်းပြည်သူပြည်သားတွေ သူတို့ရေမြေတောတောင်မှာ သူတို့မိသားစုတွေနဲ့ ဘဝကို တင့်တင့်တယ်တယ် ဖြတ်သန်းနေရတဲ့ အချိန်မှာ ကျမတို့ မြန်မာပြည်သူတွေ ကျီးလန့်စာစား။ ဘဝက မတည်မငြိမ်။

ဆိုင်ကယ်တွေ ကားတွေစီးပြီး၊ လန်းဆန်းတက်ကြွ ပျော်ရွှင်နေတဲ့ ထိုင်းလူမျိုးတွေကို ခြံစည်းရိုး တံခါးနောက်ကနေ ကျမ ခိုးကြည့်ရတယ်။ သူတို့ကို ဘယ်အချိန်ကြည့်ကြည့် ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ်၊ ပျော်ပျော်ရွှင်ရွှင်။ သူတို့ပခုံးပေါ်မှာ၊ ကျောပေါ်မှာ အုပ်ချုပ်သူရဲ့ ဝန်ထုပ်ဝန်ပိုး မရှိဘူး။ ကျမတို့မှာတော့ ကျောပေါ်မှာ ပခုံးပေါ်မှာ စစ်အာဏာရှင်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေထမ်းပြီး ပြေးခဲ့ရတာလေ။ လွတ်မြောက်နယ်မြေ ရောက်ရင်တော့ ဒုက္ခတဝက် သက်သာပြီဟဲ့လို့ ကျမ တွေးခဲ့တာ။ ဒါပေမဲ့ ထိုင်းရဲကို ကြောက်ပြီး အပြင်မထွက်ရဲ မြန်မာစကားသံကြားလို့ ထိုင်းအိမ်နီးချင်းက တိုင်ရင် လာဖမ်းတယ်ဆိုပြီး စကားမပြောရတဲ့ ဒုက္ခကလည်း ဘယ်လွယ်ပါ့မလဲ။ ဒီတော့ စခန်းထဲသွားဖို့ စဉ်းစားရပါတော့တယ်။

ကျမပေါက်ဖွားရာက လူမှုလက်တွေ့ဘဝက ပေါက်ဖွားတာမို့ ဒုက္ခဆိုတာ ကျမနဲ့ ဖွားဖက်တော် ဖြစ်နေပြီ။ ကျမကို ကျမဖြတ်သန်းခဲ့ရတဲ့ ဘဝများက ရိုက်ပုတ်သင်ကြားပေးလိုက်တာမို့ ရန်သူမိတ်ဆွေ ခွဲခြားသိခဲ့ပြီ။ ရန်/ငါ စည်းကို သိနေပြီ။ အဲဒီအသိလေးပဲ ချမ်းသာတဲ့ကျမ ဒုက္ခသည်စခန်းမှာ သဘာဝတရားကို မှီခိုနေထိုင်ရပါတော့တယ်။

နို့်ဖိုးနဲ့ မဲဆောက်ခရီးက ၆ နာရီ ခရီးကြာပါတယ်။ အုန်းဖျန်၊ အုန်းဖန် တောင်တက်တောင်ဆင်း ခရီးတွေ ဖြတ်ရတော့ ကလေးခရီး ချင်းတောင်ခရီးကို သွားသတိရတယ်။ မဲဆောက်နို့ဖိုးလမ်းတလျှောက် တောတောင်ကို ထိန်းသိမ်းတာ၊ လမ်းကို ထိန်းသိမ်းတာ ကောင်းမှကောင်း။ ညို့မှိုင်းနေတဲ့ တောတောင်တွေကို မြင်ရတော့ မြန်မာပြည်က တောင်ကတုံးတွေကို သတိရတယ်။ လမ်းတလျှောက် မုဒ်ဦးတွေမှာ ထိုင်းဘုရင်နဲ့ ဘုရင်မပုံတွေ အများကြီးတွေ့ခဲ့ရတယ်။ တိုင်းပြည်ကို ကောင်းမွန်အောင် လုပ်ပေးတော့ ပြည်သူတွေက ချစ်ခင်ကြည်ညိုကြတယ်။ အတွေ့အကြုံအသစ်၊ အမြင်သစ်၊ ဒေသသစ် အားလုံးအားလုံး ကျမအတွက် အသစ်တွေချည်းပါပဲ။

ဒုက္ခသည်စခန်းထဲ ရောက်တော့ ကျမ အိပ်မက်ထဲ လမ်းလျှောက်နေရသလိုပါပဲ။ ဒုက္ခသည်ဆိုတဲ့ စိတ်အသိက လူ့တကိုယ်လုံး ညှိုးနွမ်းသွားရတယ်။ စခန်းထဲက တဲအိမ်ကလေးတွေက စီစီရီရီ ဝါးအိမ်ကလေးတွေ။ အင်ဖက်မိုး အပေါက်အပြဲ ဝါးကြမ်းခင်း ကျိုးတိုးကျဲတဲက ဒုက္ခသည်ရဲ့ တဲစခန်းဆိုတာကို ပုံဖော်ပေးပါတယ်။

ဒုက္ခသည်စခန်းကနေ တတိယနိုင်ငံကိုရောက်ဖို့ ကျမတို့ ဝင်ရောက်တန်းစီရပြီ။ ဒီတော့ တတိယနိုင်ငံ ထွက်ရေးအတွက် ဒုက္ခသည်စခန်းထဲကိုရောက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားလာကြတာတွေ ဖြစ်လာပါတယ်။ ဝါးတဲလေးတွေထဲမှာ ငွေထုတ်ပိုက် နေနိုင်သူရှိတယ်။ တတိယနိုင်ငံက မိဘဆွေမျိုး၊ ဇနီးခင်ပွန်း မိတ်ဆွေ အကူအညီနဲ့ နေကြသူတွေ ရှိတယ်။ အဲဒီထဲကမှ ငွေသုံးနိုင်သူတွေကို မှီပြီး ဈေးရောင်းစား၊ ထင်းခွေစား၊ အဝတ်လျှော်၊ သဲကျုံးရသူတွေ ရှိပါတယ်။

UN က ရိက္ခာအဖြစ် ဆန်၊ ဆီင်္၊ ပဲ၊ ငါးပိ၊ မီးသွေး ပေးတယ်။ ကျမတို့က ရောက်တာ မကြာသေးလို့ ရိက္ခာမရပါဘူး။ ဒါကြောင့် အစစအရာရာ အားလုံး ဝယ်စားရတာပေါ့။ ဒုက္ခသည်စခန်းထဲမှာ နေ့စဉ် ဝင်ငွေရဖို့ အလုပ်မရှိပေမယ့် နေ့စဉ် သုံးနိုင်ဖို့ ငွေရှိရပါတယ်။ မဖြစ်မနေ ဝယ်ရမယ့် ဆန်၊ ဆီ ဝယ်ပြီး လောင်စာအတွက် ကျမတို့မိသားစု တောထဲမှာ ထင်းကောက်ရပါတယ်။ ထင်းခုတ်လို့ မရပါဘူး။ ကျမတို့ အနီးအနား တောတောင်တွေက ထိုင်းဘုရင့် ဘေးမဲ့သစ်တောမို့ ဓားတွေ့တာနဲ့ ပါမိုက် (တောခေါင်း) က ဖမ်းပါတယ်။ ဒီတော့ ကျမတို့က သဘာဝအတိုင်း ဆွေးမြေ့ပြီး ကျိုးကျတဲ့ သစ်ကိုင်းစ၊ ဝါးစတွေကို ရွေးပြီး ကောက်ရပါတယ်။ ကျမတို့အတွက် လောင်စာဆိုတာ နေစွမ်းအင် လျှပ်စစ် ဂက်စ် မဟုတ်ဘူး။ ထင်းပါပဲ။

ကျမတို့လို ထင်းကောက်သူတွေ ရှိတာမို့ တောကို နက်နိုင်သမျှ နက်အောင် တိုးရတယ်။ ကျမတို့ လက်ရှိဘဝကို မေ့နိုင်ဖို့ ထင်းကောက်တာက စိတ်ကုထုံးတမျိုးပဲ ဖြစ်ပါတယ်။ တောင်တက် တောင်ဆင်းရလို့ မောရင် အမောဖြေ။ ပြီးမှ ထင်းကောက်၊ ရင်ထဲ မွန်းကျပ်နေတာကို ထွက်ပေါက်အဖြစ် အော်ဟစ်နိုင်ဖို့ သီချင်းဆို၊ လင်မယား ရန်ဖြစ် ရှင်းတန်းထုတ် ဘယ်သူ့မှ ရှက်စရာ၊ အားနာစရာ မလိုဘူး။ ရင်ထဲပေါ့သွားပြီဆို ထင်းထုတ်ကို တောင်အောက်လိမ့်ချ မြေပြန့်ရောက်မှ ကျောပိုး ခေါင်းရွက် ပြန်ခဲ့ရုံပဲ။

ငွေပြတ်လပ်သွားရင် တောထဲမှာ ဟင်းရွက်ခူး၊ လွယ်အိတ်ထဲထည့် ပြန်လာ။ အိမ်ရောက်တော့ စားခါနီး ထင်းမီးမွှေး၊ ဒန်အိုးထဲ ရေထည့် ဆားခတ်၊ အချိုမှုန့်ခတ်ပြီး ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်၊ ပွက်ပွက်ဆူတော့မှ ဟင်းရွက်ခတ်လိုက်ရင် စိမ်းစိုလို့။ တခါတရံ ကရင့်လူမျိုးတွေဆီက ဆူးပုတ်ရလို့ ဟင်းအိုးချကာနီး ထည့်လိုက်ရင် ဆူးပုတ်နံ့ သင်းသင်းက အိုး .. ဘာပြောကောင်းမလဲ မောမောနဲ့ စားလို့ကောင်းလိုက်တာ။ ဟင်းချိုအိုးထဲ ရေချိုငါးလေး ဆင်းနိုင်ရင်တော့ ပိုကောင်းတာပေါ့။

သောက်ရေက ကျမတို့စခန်းထဲမှာ ထုံးများတာမို့ ထုံးနည်းတဲ့ စမ်းချောင်းရှိတဲ့ နေရာကို သွားရတယ်။ အသွားအပြန် တနာရီကြာအောင် လျှောက်ရတယ်။ ခေတ်ပေါ်ဆံပင်၊ ခေတ်ပေါ်အဝတ်အစား ဝတ်ထားတဲ့ လူငယ်၊ ပန့်၊ ရော့ခ်တွေ၊ ရက်ပါတွေလည်း ပုံးလေးတွေနဲ့ ရေထမ်းရတာပဲ။ ရေခပ်ရင်း ထင်းခြောက်ကောက်သူ၊ ဟင်းရွက်ခူးသူ၊ ကျန်းမာရေးအတွက် လမ်းလျှောက်သူ စုံလို့ပါပဲ။ ဟင်းချိုရွက်ကတော့ အသက်ရှိရင် ငိုလောက်တယ်။ ဒီဟင်းချိုရွက်ကလည်း ကျမတို့ကိုကြောက်ပြီး အရွက်၊ အညွှန့် ထွက်ရမှာတောင် မဟုတ်ဘူး။

ကျမတို့ ဒုက္ခသည်အိမ်လေးတွေက နီးနီးကပ်ကပ်မို့ တအိမ်နဲ့တအိမ် သက်ပြင်းချသံ၊ လေလည်သံကိုတောင် ကြားရတယ်။ ဟိုဘက်အိမ်က တံခါးဖွင့်ရင်၊ ခြေနင်းရင် ကိုယ့်အိမ်က ထင်ပြီင်္း ခေါင်းထောင်ကြည့်ရတာလည်း အမောပဲ။ ကျမတို့ခစန်းထဲမှာ ကလေးမွေးဖွားနှုန်းကလည်း များမှများ။ UN အစီစဉ်နဲ့မို့ ကိုယ်ဝန်ဆောင်သည်တွေ မြန်မာပြည်မှာ မရတဲ့ အခွင့်အရေး အကုန်ရတယ်။ ဗိုက်ကြီးသည် ရိက္ခာသက်သက် ရတယ်။ အနှီး၊ ကလေးသေးခံ၊ အင်္ကျီ အကုန်ပေးတယ်။ မွေးရင် မီးဖွားစရိတ် မပူရဘူး။ တတိယနိုင်ငံစောင့်ရင်း ကန့်ထဲမှာ ကလေးတွေမွေးကြတယ်။ နိုင်ငံမဲ့ ကလေးတွေ သူတို့မိခင်တွေကလည်း သားချော့တေးအသစ်တွေနဲ့ ချော့မြူကြတယ်။

ကလေးကို အမေက “ပြောစကား နားထောင်နော်၊ ပြောစကား နားမထောင်ရင် သြစတြေးလျား မခေါ်ဘဲ နေလိုက်မယ်” တဲ့။ အင်ဖက်အမိုးအပျက်၊ မီးဖိုချောင်ထဲက ထမင်းရည်ငှဲ့ရင်း ကလေးကို လှမ်းချော့နေတဲ့ မိခင်ရဲ့ စကားသံကို ကြားတော့ ကျမမှာ ရင်ထဲ ထိထိခိုက်ခိုက်နဲ့ ရယ်ရခက်ခက်ပေါ့။ စိတ်ထဲမှာတော့ ကလေးမြို့လေးက အုတ်ဖုတ်တဲ့ မိန်းခလေး သူ့ကလေးဗိုက်စားလို့ ပူဆာတာကို မာန်လိုက်တဲ့စကား သွားသတိရတယ်။

“အခု မင်ရည်ဆို အခု မင်ရည်၊ အခု ဖန်ခါးဆို အခုဖန်ခါး၊ ကျွေးထားရဲ့သားနဲ့ ပူဆာရလား” တဲ့။ မင်ရည်ဆိုတာ ထမင်းရည်ကို ပြောတာပါ။ ဖန်ခါးကတော့ ဖန်ခါးသီး တောထဲမှာ သိပ်ပေါတယ်။ ဒါပဲ ကျွေးနိုင်တာမို့ ကလေးအမေရဲ့စကား ကြားတော့ ကျမနားထဲ ကျင်သွားရတယ်။ လူတွေက မိမိဖြတ်သန်းရတဲ့ မိမိတွေ့ကြုံရတဲ့ အရာတွေက မိမိဘဝကို ပြဋ္ဌာန်းတယ်ဆိုတာ အမှန်ပါပဲ။

သဘာဝတရားက အလှတရားနဲ့ မျှော်လင့်ခြင်းတွေကို ဒုက္ခသည်စခန်းမှာ လက်ဆောင် ပေးထားသေးတယ်။ ညဘက် လသာရင် ကျမတို့ ခံစားရတဲ့ ဒုက္ခအခက်အခဲတွေကို အဟုတ်မေ့သွားပါတယ်ဆို။ အင်ဖက်မိုး အပေါက်ကြားထဲက လရောင်က ထိန်ထိန်သာလို့။ “အုန်းရွက်ကြို၊ အကြိုအကြား၊ ပျောက်ပျောက်ကြားကြား … ငွေမှင်ရွှေရည် လူးသည့်နှယ်” ဆိုတဲ့ အဆိုတော် ဒေါ်မာမာအေးရဲ့ သီချင်းကို ညည်းရင်း ခံစားတာပေါ့။ အုန်းလက်နဲ့ လရောင်ဆိုတာ သိပ်လိုက်ဖက်ပါတယ်။ လရောင်က အင်ဖက်အမိုးနဲ့လည်း လိုက်တာပါပဲ။

လရောင်က ကျမတို့နေတဲ့ တဲအိမ်ကလေးကို ဖြာကျနေရင် သဘာဝတရားကြီးကို ကျေးဇူးတင်ရပြန်ရော။ နေ့ခင်း နေ့လယ်ကြည့်ရင် အကျည်းတန်တဲ့ အင်ဖက်တွေကလည်း နှင်းစက်နဲ့လရောင်ကြောင့် စိုအိနေတယ်။ လေနဲ့အတူ ပါလာတဲ့ ညမွှေးပန်းရနံ့ကလည်း သင်းပျံ့မွှေးကြိုင်လို့။ မြေသင်းရနံ့လေးတွေ၊ သစ်ခွပန်းရနံ့လေးတွေကလည်း ညလေညင်းနဲ့အတူ ကျမတို့ကို ချော့သိပ်ပြန်တယ်။ ဒီလိုသဘာဝရဲ့ အလှတရားတွေကို ကျမတို့ တတိယနိုင်ငံ မရောက်မချင်း တဝကြီး ခံစားရမယ်။ ဒီလိုရနံ့နဲ့ ဒီလိုလရောင်နဲ့ အိပ်ရတဲ့ညမျိုး တတိယနိုင်ငံမှာ ခံစားရမှာ မဟုတ်ဘူး။

ကျမတို့ ကလေးအကျဉ်းထောင်ကို ထောင်ဝင်စာ သွားတွေ့လို့ တောထဲတောင်ထဲ ကားပျက်ရင် ခံစားရတဲ့ ခံစားမှုမျိုးနဲ့လည်း တူတယ်။ ကောင်းကင်တခုလုံး ကြယ်တွေ လင်းလက်လို့ ဖိတ်ဖိတ်တောက်နေတယ်။ ကောင်းကင်ကို အကာကွယ်မဲ့ ကြည့်ခဲ့ရတယ်။ တောနံ့တောင်နံ့ မြေသင်းနံ့တွေကလည်း မွှေးလို့ပေါ့။ “ဒီလိုနေရာမျိုး တကူးတကရောက်ဖို့ ဘယ်လွယ်မလဲ ညဥ့်နက်သန်းခေါင် အခုလို ကားပျက်လို့နေရတာ နေချင်လို့ပါ ဆိုရင်တောင် ကားသမားက ဘယ်ရပ်ပေးမလဲ” လို့ ပြောပြီး အချင်းချင်း ဖြေသိမ့်ကြတယ်။ ဒီလိုမျိုးပြောတော့ ကိုအေးအောင် ဖခင် ဦးသောင်းစိန်က ကျမကို ပြန်ပြောပါတယ်။

“ဒါပေါ့ သမီးရယ်၊ အမေအရင်း မရှိတော့လည်း မိထွေးနဲ့ပျော်အောင် နေရတာပေါ့” တဲ့။

ဟုတ်ကဲ့။ ကျမလည်း မိထွေးနဲ့ ပျော်အောင် နေနေရပါတယ်။

No comments: