Wednesday, March 25, 2009

ပုခုံးလမ်း ခင်းပေးနေသူများ

ကြည်ဝေ

တောင်ပေါ်က ဘုရားကို စိတ်မှန်းဖြင့် ကန်တော့ လိုက်ပြီးမှ အထုပ်အပိုး တို့ဖြင့် တင်းကား နေသော ၀ါးခြင်း ကြီးကို စွေ့ခနဲမလိုက်ပြီး ခြင်းမှာ တပ်ထားသော လက်ကိုင်ကွင်း ၂ ခုကို ပုခုံးပေါ်သို့ အလိုက်သင့် ကျစေရန် စွပ်ချလိုက် လေသည်။ ရုတ်တရက်တော့ ခန္ဓာကိုယ်မှာ ယိုင်သွား သယောင် ရှိသော်လည်း အချိန်မီ ပြန်ထိမ်း နိုင်ခဲ့သည်။

အခေါက်ပေါင်း မရေမတွက်နိုင်ပြီ ဖြစ်သော ကျိုက်ထီးရိုး ဆံတော်ရှင်ဘုရား၏ တောင်ပေါ်လမ်းသို့ သူသည် ခြေလှမ်းမှန်မှန်ဖြင့် စတင် လှမ်းတက် လေတော့သည်။

ရာဘာဖိနပ် အမြီးပြတ်ကို စီးထားသော သူ့ခြေဖမိုးများသည် ညစ်ထေးပြီး အကြောပြိုင်းပြိုင်း ထနေသည်။ ခြေသလုံးကလည်း ပိန်ကပ်ကာ အရိုးများ ငေါထွက်နေ သယောင် ရှိသည်။

သို့သော်လည်း သူ့ကိုချည့်နဲ့ သည်ဟူ၍ အထင်သေးလို့မရ၊ အရိုးကြားထဲကပင် အားတွေ ထွက်နေသည်လား မသိ။ သူသည်လည်း အခြားသော အထမ်းသမား များလိုပင် အချိန် တဆယ်ကျော်ကျော် လေးသော အထုပ်အပိုး အပြည့်နှင့် ခြင်းတောင်းကို ထမ်းပိုးပြီး ခြေလှမ်းမှန်မှန်ဖြင့် တောင်ပေါ် တက်နိုင်သည့် အသက် ၁၄ နှစ်အရွယ် လူငယ်လေး တယောက် ဖြစ်သည်။ သူ့အမည်က မောင်သန်းနိုင်ဟု ခေါ်သည်။

ရသေ့တောင်ကနေ တောင်ပေါ်အထိ ၁ နာရီခန့် တက်ရသော တောင်တက် ခရီးတွင် ဘုရားဖူးများ အနေနှင့် ပါလာသော အထုပ်အပိုးများကို မသယ်နိုင်ပါက မောင်သန်းနိုင်လို အထမ်းသမားများကို ငှား၍ ရသည်။

အထမ်းသမားများသည် ဘုရားဖူးတို့၏ အထုပ်အပိုးများကို ၀ါးခြင်းတောင်းကြီး ထဲတွင်ထည့်ပြီး တောင်ပေါ်အထိ သယ်ယူသွားပေးသည်။ အချို့ စေတနာ ကောင်းသော အထမ်းသမားများကတော့ တည်းခိုရာ နေရာအရောက်ထိ သယ်ယူ သွားပေးကြသည်။

ထိုအထမ်းသမားများမှာ အလုပ်သမားရုံးတွင် မှတ်ပုံတင်ထား ရသော အထမ်းသမားများ ဖြစ်ပြီး သူတို့ ၀တ်ရသော အလုပ်သမား ယူနီဖောင်း အင်္ကျီပြာ ရင်ဘတ်တွင် သူတို့၏ မှတ်ပုံတင် နံပါတ်များကို မြင်နိုင်သည်။

ပစ္စည်း ပျောက်ရှမည်ကို စိတ်ပူစရာ မလို၊ အကယ်၍ ပျောက်ခဲ့သည်ရှိသော် အလုပ်သမားရုံးသို့ နံပါတ်ပြောကာ တိုင်ကြားနိုင်လေသည်။

ထိုသို့ တာဝန်ယူရသည့် အတွက်ဟုဆိုကာ အလုပ်သမားရုံးက အထမ်းသမား များဆီကနေ တခေါက် အထမ်းလိုက်ရတိုင်း ငွေ ၅၀၀ ကျပ် ယူလေသည်၊ ထို့ကြောင့် အထမ်းသမား တဦး၏ တခေါက် ထမ်းခနှုန်းမှာ ၄၅၀၀ ကျပ် ဖြစ်သော်လည်း အမှန်တကယ် အထမ်းသမားများ ရရှိသည်က ၄၀၀၀ ကျပ်သာ ဖြစ်သည်။

အထမ်းသမားများမှာ ရသေ့တောင် စခန်းရှိ အလုပ်သမားဂိတ်မှ စီစဉ်ပေးသည့် အတိုင်း အလှည့်ကျ လိုက်ရခြင်း ဖြစ်ပြီး ထမ်းခများမှာ တဦးလျှင် ကျပ် ၄၅၀၀ ဈေးပုံသေ သတ်မှတ်ထားသည့် အတွက် အထမ်းသမားများမှာ ပိုတောင်းလို့ မရကြောင်း၊ ပိုတောင်းပါက တိုင်ကြားနိုင်ကြောင်း၊ ပိုတောင်းသူများကို ဒဏ်ပေးသည့် အနေနှင့် ၁၀ ရက် အထမ်း မလိုက်ရဘဲ နားခိုင်းလေ့ ရှိကြောင်း သိရသည်။

ထို့ပြင် မောင်သန်းနိုင်ကဲ့သို့ ပစ္စည်းထမ်းသော အထမ်းသမားများ ရှိသလို ဘုရားပေါ်သို့ ခြေလျင် မတက်နိုင်သူများ အတွက် ထမ်းစင်ဖြင့် ထမ်းခေါ်ပေးသော လူအထမ်းသမား များလည်း ရှိသည်။ သူတို့ကိုလည်း လူတဦးလျှင် ကျပ် ၈၀၀၀ သာယူရမည်ဟု အလုပ်သမားအဖွဲ့က ဈေးနှုန်း သတ်မှတ်ပေးထားသည်။

လူထမ်းစင် သမားများမှာ ထမ်းစင်တခုလျှင် လေးယောက် ထမ်းရခြင်းဖြစ်ပြီး တဦးလျှင် တခါထမ်းရပါက ၂၀၀၀ ကျပ် ရမည်။ ထိုအထဲမှ လေးဦးပေါင်း ငွေ ၅၀၀ ကျပ်ကို အလုပ်သမားရုံးသို့ ပေးရမည် ဖြစ်သည်။

ဘုရားဖူးသူများတွင် သက်ကြီးရွယ်အို တယောက်လောက် ပါလာလျှင် အထမ်းသမားတွေ ၀ိုင်းနေတတ်ပြီး သူတို့သည် သက်ကြီးရွယ်အိုများ အနားတွင် ကပ်လျှောက်ကြရင်း ဆက်မတက်နိုင် တော့သည့်အခါတွင် သူတို့ကို ငှားမှာပဲ ဆိုသည့် ရည်ရွယ်ချက်ဖြင့် အထမ်းငှားမည့် အချိန်ကို စောင့်မျှော်ပြီး တောင်ပေါ်သို့ လိုက်တက်ကြသည်။

တခါတရံတွင် သူတို့ထင်သလို မဟုတ်ဘဲ ဇွဲကောင်းသော သက်ကြီးရွယ်အိုများက နားနားနေနေဖြင့်ပင် ရောက်အောင် တက်သွား ကြသည့်အခါ ထိုအထမ်း သမားများသည် တောင်ပေါ်ကို အသားလွတ် တက်ရခြင်းသာ အဖတ်တင်တာမျိုးလည်း ရှိသည်။

အထမ်းသမား ၄၀၀ ကျော်ရှိသည့်အထဲ အမြဲတမ်း ဧည့်သည်ရဖို့ ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ပါ၊ ဘုရားဖူး ဧည့်သည် ပါးချိန်ဆိုလျှင် ပိုသိသာတတ်ပြီး အထမ်းမငှားဘဲ တနိုင်သယ်၍ တက်သည့် ဘုရားဖူးများလည်း ရှိသည့် အတွက် အထမ်းသမားတိုင်း အလုပ်ဖြစ်ကြသည် မဟုတ်ပါ။ တနေ့တခေါက် ပုံမှန်ဆင်းတက် နေရရုံဖြင့်ပင် ကျေနပ် ခဲ့ရသည့် ရက်တွေရှိသည်။

ကျိုက်ထီးရိုး ဘုရားဖူးများမှာ ပွဲတော်ရက်ဖြစ်သော တန်ဆောင်မုန်း လပြည့်နေ့များတွင် အများဆုံးဖြစ်ပြီး ကျန်အချိန် ကာလများတွင်လည်း ဘုရားဖူးမပြတ်ဘဲ မိုးတွင်းကာလတွင်သာ ဘုရားဖူး မရှိချေ။

ထို မိုးတွင်းကာလတွင် ဘုရားဖူးများ မရှိသည့်အတွက် အထမ်းသမားများနှင့် ဘုရားဖူးများကို မှီပြီး ဈေးရောင်းရ သူများမှာ ၀င်ငွေ လုံးဝ မရှိဖြစ်ကြရသည်။ အများစုမှာ တနှစ်ပတ်လုံး အလုပ်လုပ်မှ မိသားစု စားလို့ရရုံရှိသည့် အတွက် ထိုကာလများတွင်လည်း မနားနိုင်ဘဲ ရရာ အလုပ်လုပ်ကြရသည်။

တောင်ပေါ်လမ်းသည် မိုးရေအရှိဖြင့် ကြမ်းတမ်းပြီး အန္တရာယ်များ သော်လည်း တချို့မှာ သည်တောင်ပေါ်တက်ကာ ၀ါးရှာကြသည်၊ ဆေးဖက်ဝင် သစ်ဥ၊ သစ်ဖုရှာသည်။ မိုးထဲလေထဲမှာ ခိုက်ခိုက်တုန်အောင် ချမ်းအေးနေလည်း စွန့်စွန့်စားစား သွားကာ ရလာသော ဆေးဖက်ဝင် သစ်ဥ၊ သစ်ဖုတွေကို ဆေးဆိုင်တွေမှာ ပြန်သွင်းရင်း ငွေရှာကြရသည်။ တချို့ကလည်း တောင်ယာ ပြန်လုပ်ကြသည်။

မောင်သန်းနိုင်ကတော့ ၀ါးရှာသည်၊ ပြီးတော့ လက်ဆောင် ပစ္စည်း ရောင်းသည့် ဆိုင်ကလေး တွေမှာ ပြန်သွင်းသည်။ ၀ါးတချောင်းလျှင် ၁၀၀ ကျပ်ဈေးရှိပြီး တနေ့လျှင် ၅ ချောင်းထိသာ သူရှာနိုင်ကြောင်း ပြောပြသည်။ မိသားစု ၆ ဦး ရှိသော မောင်သန်းနိုင်တို့မိသားစု အတွက် တနေ့ စားစရိတ် လိုအပ်ငွေမှာ ငွေကျပ် ၃၀၀၀ သုံးထောင်ဟု သူက ဆိုသည်။

ဘုရားဖူးရှိသည့် ကာလတွေမှာတော့ သူသည် တနေ့လျှင် ငွေ ၄၀၀၀ ကနေ ငွေ ၈၀၀၀ အထိ ရတတ်သည်။ ဒါက လည်း နေ့တိုင်း ရတတ်သည်တော့ မဟုတ်ပါ။ အထမ်း တခေါက်မှပင် မရဘူးသော နေ့များလည်းရှိကြောင်း သူက ပြောပြပါသည်။

သူ့မိဘများသည်သူ့ကို မမွေးခင်ကတည်းကပင် ကင်ပွန်းစခန်းရွာ ကလေးတွင် နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ သူ့ဘိုးဘွားတွေက တောင်ယာ အလုပ်ဖြင့် အသက်မွေးခဲ့ ကြသည်ဟု သိရသော်လည်း သူ့ဖခင်ကိုတော့ သူ လူမှန်းသိတတ်စ အရွယ်ကတည်းက အထမ်းသမား အဖြစ်သာ သူတွေ့ခဲ့ရခြင်း ဖြစ်သည်။

သူငါးတန်း တက်သည့်နှစ်မှာပင် သူ့အဖေ အသည်းခြောက် ရောဂါဖြစ်ပြီး အိပ်ရာထဲလဲတော့ သူသည် အဖေ့ကို နားစေကာ အဖေ့နေရာကို လူစားဝင် ရလေသည်။ သူတို့ ညီအစ်ကိုကတော့ မလွဲမသွေ ကျရောက်လာသော တာဝန် ကို ထမ်းဆောင်ရန် ၀န်မလေးပါ။ သူနှင့် သက်တူရွယ်တူ ကောင်လေးတွေ၊ ကောင်မလေးတွေသည် တောင်ပေါ် နှင့် တောင်ခြေကို အထုပ်အပိုးတွေ သယ်ပိုးကြရင်း ပျော်ရွင်တက်ကြွစွာနှင့် ကူးသန်းနေခဲ့ကြသည်။

“ကျိုက်ထီးရိုး ဘုရားရှိနေသရွေ့ ကျနော်တို့ ဘယ်တော့မှ ထမင်းမငတ် နိုင်ပါဘူး”ဟု အသက်ရှုသံ မမှန်သည့် ကြားက ပြောလိုက်သော သူ့ အသံသည် ယုံကြည်စိတ်ဖြင့် မာလျက်ရှိသည်။

အထမ်းသမားပေါင်း ၄၀၀ ကျော် ရှိသည့်အထဲတွင် အများစုမှာ ဒေသခံများ ဖြစ်ကြပြီး မောင်သန်းနိုင်လို အသက် ၁၃ နှစ် ၁၄ နှစ်အရွယ် ကလေးသူငယ် များလည်း ပါဝင်သလို ဦးဘိုအေးလို အသက် ၇၀ ၀န်းကျင်အရွယ် သက်ကြီး ရွယ်အိုများလည်း ပါဝင်သည်။

ငယ်သူ ရွယ်သူတို့ တက်ကြွစွာ တောင်ပေါ်သို့ အထုပ်အပိုးများနှင့် တက်နေကြစဉ် အလုပ်သမားရုံး အနီး အရိပ်ကောင်းသော သစ်ပင်အောက်မှာ စောင့်ကြောင့်ထိုင်ပြီး လာငှားမည့် ဧည့်သည်ကို သော်လည်းကောင်း၊ အလုပ် သမားရုံးမှာ မိုက်နှင့် ခေါ်မည့် ကိုယ့်နံပါတ်နှင့် အမည်ကို သော်လည်းကောင်း စောင့်မျှော် နားထောင်ရင်း အလုပ် မျှော်နေသည့် အသက် ၆၀ နှင့်အထက် အထမ်းသမားကြီးများလည်း ရှိသည်။

သူတို့မှာ ဟို ယခင် ကတည်းက ထမ်းလာခဲ့သော အထမ်းသမား ဟောင်းကြီးများ ဖြစ်ပြီး ဆင်းရဲခြင်းနှင့် အိုမင်းခြင်း တို့ကြောင့် တောင်ပေါ်အထိ သယ်ယူနိုင်စွမ်းလည်း လျော့ကျနေပေပြီ။

ဘုရားဖူးများကလည်း အသက်ကြီးသူ အထမ်းသမားများထက် အရွယ်ကောင်း အထမ်းသမားများကိုသာ ရွေးချယ်ကြသောကြောင့် သူတို့မှာ အထမ်းသမားပျိုများလို အလုပ်မရ တတ်ကြပေ။

အထမ်းသမားပျိုတို့က တနေ့ အတက်အဆင်း၂ ကြိမ်၊ ၃ကြိမ်ခန့်အထိ လုပ်နေနိုင်သော်လည်း အသက် ၆၀ ၀န်းကျင် နှင့်အထက် အထမ်းသမားအိုတို့မှာမူ တနေ့ တခေါက်သာ မှန်မှန် တက်နိုင် ဆင်းနိုင်ကြပြီး၊ အလေးချိန်လည်း များများ မသယ်နိုင်ကြ တော့သောကြောင့် သူတို့သည်၂ ရက်ခြားတခါ၊ ၃ ရက်ခြား တခါမှသာ သူတို့ကို သနားသဖြင့် ငှားရမ်းသော ခရီးသည်မျိုးနှင့် တွေ့ရတတ်ကြသည်။

“ကျုပ်တို့ ထမ်းလာတာ နှစ် ၄၀ ကျော်ပြီ၊ အရင်ကဆို ကင်ပွန်းစခန်းကနေ တော်ပေါ်ထိ ထမ်းပြီးလာတာပဲ၊ အခု လည်း ရသေ့တောင်ကနေ တောင်ပေါ်အထိကို ထမ်းနိုင်ပါသေးတယ်၊ ဒါပေမယ့် ဧည့်သည်တွေက ကျုပ်တို့ကို သိပ်မငှားကြတော့ဘူး” ဟု အသက် ၆၈ နှစ်အရွယ် အထမ်းသမားကြီး ဦးဘိုအေးက အလုပ်သမား ၀တ်စုံပြာအောက်မှ ပြားကပ်နေပြီ ဖြစ်သော သူ့လက်မောင်းကို ပုတ်ပြရင်း အသံတိမ်တိမ်ဖြင့် ပြောသည်။

လွန်ခဲ့သော နှစ် ၅၀ ၀န်းကျင်ကတည်းက မိသားစုဝင် ၄ ဦးကို အထမ်းသမား ဘ၀ဖြင့် ရှာဖွေကျွေးမွေးနိုင်ခဲ့သော ဦးဘိုအေးသည် ယခုအချိန်မှာတော့ သူနှင့် မကျန်းမာသော ဇနီးအတွက်ပင် ရှာဖွေစားသောက် ရသည်မှာ ခက်ခဲ လှကြောင်း ပြောဆိုသည်။

သူသည် နှစ်ရက်တခါ၊ သုံးရက်တခါမျှသာ ရသော ထမ်းခငွေ ၄၀၀၀ ကျပ်နှင့် ခြိုးခြံလှစွာ စားသောက်ရသူ ဖြစ်သည်။ သူ၏ သားကြီးမှာ အသက် ၁၇ နှစ်အရွယ် ကတည်းကပင် စစ်ထဲ ၀င်သွားခဲ့ပြီး အသက် ၂၀ အရွယ်တွင် ရှေ့တန်းမှာ ကျဆုံးခဲ့ကြောင်း ပြောပြသည်။

နောက် သားတယောက်ကတော့ သူ့လိုပင် အထမ်းသမား လုပ်နေကာ၊ မိန်းမရပြီး ကလေး ၂ ယောက်နှင့် အိမ်ထောင်ခွဲနေပြီ ဖြစ်ရာ အဆင်ပြေလျှင်တော့ မိအိုဘအိုကို ငွေ ၁၀၀၀ ကျပ် တရက်ခြား ပေးတတ်သော်လည်း မိုးတွင်းကာလ များတွင်တော့ သူ့ဆီက အထောက်အပံ့ ပုံမှန်မရသည့်အတွက် အခက်အခဲ ဖြစ်ကြောင်း ၊ သူ့အနေနှင့် ငွေရင်းအနှီး အနည်းငယ်ရှိပါက ဈေးရောင်းသည့် အလုပ်ကို ပြောင်းလဲ လုပ်ကိုင်လိုကြောင်း ပြောပြသည်။

အသက် ၃၀ ကျော် အမျိုးသမီး အထမ်းသမား တဦးက သူ့ပုခုံးပေါ်မှ ခြင်းလက်ကိုင် နှစ်ခုကို နေရာပြင်၍ ခပ်တင်းတင်း ဆုပ်ကိုင်ရင်း “အသက်ကြီးတဲ့ အထမ်းသမားတွေ တော်တော် များများကလည်း အလုပ်ပြောင်းချင် ကြတယ်၊ ဒါပေမယ့် အရင်း အနှီးမရှိတော့ မပြောင်းနိုင် ကြဘူးပေါ့။ ဒီလိုပဲ လုပ်နေရတော့ တခါတလေ လမ်းမှာမောပြီး ဆက်မတက်နိုင်လို့ အခြား အထမ်းသမားတွေက ကူပြီး သယ်သွားပေးရ တာမျိုးလည်းရှိတယ်၊ သူတို့ အလုပ်သိပ်မလုပ် နိုင်ကြတော့ပါဘူး”ဟု ပြောသည်။

ဘုရားဖူးတို့၏ ပစ္စည်းများကို လိုက်လံသယ်ယူ ပို့ဆောင်ပေးခြင်းမှာ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝသော အလုပ်ဟု ဂုဏ်ယူတတ်ကြသော အထမ်းသမား တို့သည် ထိုအလုပ်ကို တော်တော်နှင့်ပင် မစွန့်လွှတ်နိုင်ကြဘဲ နောက်ဆုံး အချိန်ထိပင် လုပ်သွားခဲ့သူများလည်း ရှိခဲ့ကြောင်း သူမက ပြောပြသည်။

“ကျမကတော့ အဲဒီလိုမျိုး နောက်ဆုံး အချိန်ထိ ပင်ပင်ပန်းပန်း ရှာစားရတဲ့ ဘ၀မျိုး မရောက်ချင်ပါဘူး၊ အခု လုပ်နိုင် ကိုင်နိုင်တဲ့ အရွယ်မှာတင် ဒီဘ၀ထက်ပိုပြီး ကောင်းမွန် မြင့်မားတဲ့ ဘ၀မျိုး နောက်ဆုံး ဈေးရောင်း လောက်အောင် အရင်းအနှီး စုဆောင်းနိုင်တဲ့ ဘ၀မျိုး ရောက်ရပါလို၏လို့ ဘုရားပေါ်ရောက်တိုင်း ဆုတောင်းတာပဲ”ဟု သူမက တောင်ပေါ်မှ ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားကို မော့ကြည့်ရင်း ပြောပြခဲ့သည်။ ။

No comments: