Friday, March 27, 2009

ရွှေ့ပြောင်းမြေနေရာအင်းစိန်မယက ပွဲစားလုပ်

မင်းနိုင်သူ / မတ်လ(၂၇) ရက်၊ ၂၀၀၉

အမှတ် (၃) သံမဏိ စက်ရုံ ကုန်ကြမ်း သယ် ရထားလမ်း ဖောက်လုပ်ရန် အတွက် နေရာရွှေ့ ပြောင်းပေး ခဲ့ကြရသော အင်းစိန်ဖော့ကန် ရပ်ကွက်မှ မိသားစုအချို့အိမ်မရ ရှိသေးမှုကို အထက်အာဏာ ပိုင်များထံ တိုင်ကြားထား သော်လည်း ဖြေရှင်း ပေးခြင်း မပြုသည့်အပြင် အင်းစိန်မယက အဖွဲ့ဝင်တချို့က အိမ်ပွဲစား လုပ်နေကြ ကြောင်း ရွှေ့ပြောင်း ရပ်ကွက်သား တဦးက ပြောသည်။

“အခုနေရာကတော့ ရွှေပြည်သာပိုင်ပေါ့နော်။ ဒါပေမယ့် အင်းစိန်မယကက ဒီဘက်ကို စာရွက်စာတမ်းတွေနဲ့ လွှဲပြောင်းပေးတာမရှိသေးတော့ အခုကိစ္စတွေကို အင်းစိန်မယကတွေက လာရှင်းပေးတယ်။ ရှင်းပေးတာကလည်း အိမ်နံပါတ်ထပ်တဲ့ မိသားစုနှစ်စုကိုခေါ်ပြီး (၁၅) သိန်းတန် မြေနဲ့အိမ်ကို (၁၂) သိန်းနဲ့ရောင်းခိုင်းပြီး တဦး (၆)သိန်းစီ ခွဲပေးတာတဲ့။ ၀ယ်လက်ပါ သူတို့က ခေါ်လာပြီးသား။ ဟိုဘက်မှာတုန်းက လေးတိုင်စင်သမားတွေကတော့ လက်ခံ နိုင်တာပေါ့။ အိမ်ပိုင်နေခဲ့ရတဲ့သူတွေက ဘယ်လက်ခံနိုင်မလဲဗျာ။ အခုထိလမ်းပေါ်မှာ နေနေကြရတယ်” ဟု ၎င်းက ပြောသည်။

ရွှေ့ပြောင်းခံအိမ်ခြေ (၄၀၀) ကျော်မှ အိမ်ထောင်စုအချို့ ရယကအဖွဲ့ဝင်များ၏ မသမာမှုများကြောင့် အိမ်မရရှိခဲ့ကြ ၍ အထက်တိုင်ကြားရာ မယက က ယခုကဲ့သို့ ဖြေရှင်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ရယကအဖွဲ့ဝင်တွေက သူတို့ပဲ အိမ်နေရာတွေ ပိုယူထားကြတာလေ။ တချို့ဆို ရွေ့ပြောင်းနေရာမှာ အိမ်မရှိဘဲ ဒီဘက်မှာလာပြီး နေရာယူထားကြတယ်။ ရပ်ကွက်က တိုင်တယ်၊ တောတယ် ကြားတော့ ပြီးခဲ့တဲ့ စနေနေ့ နေ့လယ်က ရာအိမ်မှူး ဗလ၊ ၀င်းနိုင်နဲ့ မီးသတ်က တင်လှတို့က သူတို့အပိုယူထားတဲ့ မြေကွက်တွေလာရောင်းတာ ရပ်ကွက်သားတွေက တွေ့တော့ ခဲနဲ့ဝိုင်းထုကြတာ။ သူတို့လည်း ထွက်ပြေးကြရတယ်” ဟု ရွှေ့ပြောင်းသူတဦးက ပြောသည်။

ရယကအဖွဲ့ဝင်များ ခဲနှင့်ထုခံရသော်လည်း ရဲစခန်းသို့တိုင်ကြားခြင်း မရှိကြောင်း၊ ထိုကဲ့သို့မပြုခဲ့သည်မှာ ၎င်းတို့လုပ်ထားသော မသမာမှုများ ပေါ်ပေါက်မည်စိုး၍ ဖြစ်နိုင်ကြောင်း ရပ်ကွက်သားအချို့က သုံးသပ်ကြသည်။

အဆိုပါကိစ္စများအတွက် မတ်လ (၈) ရက်တွင် ရွှေပြည်သာမြို့နယ်မှ မယကအဖွဲ့ဝင်များနှင့် စရဖများက ရပ်ကွက်သားအချို့အား လာရောက်စုံစမ်းမေးမြန်းမှုများပြုခဲ့သော်လည်း နောက်ပိုင်းတွင် အရေးယူခြင်း၊ ရှင်းပေးခြင်း မရှိဘဲ အင်းစိန်မယကမှသာ လာရောက်အိမ်ပွဲစားလုပ်နေသည်ဟု ရပ်ကွက်သားများက ဆိုသည်။

No comments: