Sunday, March 29, 2009

နယ်စပ် အကြောင်း စုံစမ်းရန် မြန်မာ သံအမတ်အား ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဆင့်ခေါ်

Narinjara News 3/29/2009

မောင်သန်းစိန် (နိရဉ္စရာ) ဘင်္ဂလာဒေ့ရှ်-မြန်မာ နယ်စပ် တလျှောက်တွင်မြန်မာ ဘက်မှ ခြံစည်းရိုး ကာရံ မည့်အစီ အစဉ်နှင့် နယ်စပ်ဒေ သအတွင်း လုံခြုံရေး တိုးမြှင့် ချထားမှု များအပေါ် စုံစမ်း မေးမြန်းရန် ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာ သံအမတ်အား လွန်ခဲ့သော နှစ်ရက်နေ့က ဆင့်ခေါ်တွေ့ဆုံခဲ့ကြောင်း Jai Jai Din ဘင်္ဂလီ သတင်းစာက ဖေါ်ပြသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် တိုဟိဒ်ဟူဆိန်းက လက်ရှိ မြန်မာဘက်မှ ဆောင်ရွက်နေမှုများကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် မြန်မာ သံအမတ် ဦးဖေသန်းဦးကို ၄င်း၏ရုံး၌ ခေါ်ယူ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယခုလ အစောပိုင်းတွင် အိန္ဒိယနှင့်ဘင်္ဂလာဒေ့ရှ် နယ်စပ် တစ်လျှောက်တွင် မြန်မာဘက်မှ တပ်အင်အားများ တိုးချဲ့ ချထားပြီး၊ ခြံစည်းရိုး ကာရံရန် ပြင်ဆင်နေသည့် သတင်းများ ထွက်ပေါ်လာပြီး နောက်ပိုင်း ယခုကဲ့သို့ တွေ့ဆုံ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မြန်မာ သံအမတ်မှ မည်သို့ မည်ပုံ ရှင်းလင်းခဲ့သည်ကို တစ်စုံတစ်ရာ ထုတ်ဖေါ်ပြောကြားခြင်း မရှိခဲ့ပေ။

မြန်မာ၏ လုပ်ရပ်များကို မျက်ခြေမပြတ် စောင့်ကြည့်ရန် ၄င်း၏ နယ်ခြား စောင့်တပ်ဖွဲ့ ဘီဒီအာရ်ခေါ် ဘင်္ဂလာရိုင်ဖယ်အား ညွှန်ကြား ထားပြီ ဖြစ်သည်ဟု ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားသည်။

ဘီဒီအာရ် ဗိုလ်မှူးချုပ် မွိုင်နူဟူဆိန်း၏ ပြောကြားချက်အရ “ နယ်စပ် စည်းမျဉ်း စည်းကမ်များတွင် နယ်စပ်(၅) ကီလိုမီတာ အတွင်း လက်နက်ကြီးများ တပ်ဆင်ခွင့် မရှိကြောင်းနှင့် ကိုက်(၃၀၀) အတွင်း ခြံစည်းရိုး ကာရံခွင့် မရှိကြောင်း” သိရသည်။

ဘင်္ဂလာဒေ့ရှ်မှ နယ်ခြားစောင့်တပ်ဖွဲ့ ဘီဒီအာရ်အနေဖြင့် မြန်မာဘက်မှ စည်းကမ်းချိုးဖောက်မှု ရှိမရှိကို မျက်ခြေ မပြတ် စောင့်ကြည့်လျက် ရှိကြောင်းလည်း သူက ထပ်မံ ပြောကြား ခဲ့သည်။

လွန်ခဲ့သော ၂၀၀၈-ခု နှစ် နှစ်ကုန်ပိုင်းက မြန်မာဘက်မှ ဘင်္ဂလာ ရေပိုင်နက်အတွင်း ရေနံနှင့်သဘာဝဓါတ်ငွေ့ စမ်းသပ် ရှာဖွေခဲ့သဖြင့် နှစ်နိုင်ငံ နယ်စပ် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

No comments: