Wednesday, March 25, 2009

တပ်မတော်ခန်းမ အရောင်းပြပွဲစစ်အစိုးရသတင်းစာတွေ မဖော်ပြ


NEJ / မတ်လ(၂၅) ရက်၊ ၂၀၀၉

မတ်လ (၂ဝ) ရက်မှစပြီး ရန်ကုန် ဦးဝိစာရလမ်း တပ်မတော် ခန်းမတွင် Yangon Expo- ၂ဝဝ၉ ဆိုသည့် ဈေးရောင်းပွဲ တခု ကျင်းပနေ ကြောင်း ရန်ကုန်မြို့ ခံများက ပြောသည်။

ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းတွင် ကွန်ပျူတာ ကုမ္ပဏီ ဖွင့်လှစ်ထားသူတဦးက “တပ်မတော်ခန်းမမှာ အရင်က လုပ်တာ ကုန်စည်ပြပွဲတွေ၊ ထုတ်ကုန်ပြပွဲတွေ၊ အိုင်တီ ပြပွဲတွေ စသဖြင့် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားတွေ လုပ်ခဲ့တယ်။ ခုလို စုပေါင်းပြီး ဈေးရောင်းပွဲ ကျင်းပတာကတော့ ဒီတခါပဲ မြင်ဖူးတယ်။ ကျနော်တို့ကိုလည်း ဆိုင်ခန်းဝယ်ပြီး ဝင်ရောင်းမလား မေးတယ်။ အမျိုးအစားတွေ စုံလွန်းတော့ ဝင်မရောင်းတော့ဘူး” ဟု ပြောသည်။

အဆိုပါဈေးရောင်းပွဲတွင် ပြည်တွင်းထုတ် ကုန်ပစ္စည်း အနည်းငယ်၊ နယ်စပ်သွင်းကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ စသဖြင့် အမျိုးအစားစုံ၊ ပစ္စည်းစုံ ပါဝင်ပြသရောင်းချလျက်ရှိသည်။

ပြည်တွင်းထွက် သနပ်ခါးအချောင်းများ၊ ပြည်တွင်းထုတ် အားဖြည့်အချိုရည်များ၊ ကော်ဖီမစ် အထုတ်များ၊ တိုင်းရင်းဆေးဝါးများ၊ ရှူဆေးများ၊ လက်ကိုင်အိတ်များ၊ ရှပ်အင်္ကျီများ၊ မိတ်ကပ် အပါအဝင် အလှကုန်ပစ္စည်းများ၊ အမျိုးသမီးဝတ် ဘော်လီများ၊ နိုင်ငံခြားမှ တင်သွင်းလာသည့် တီဗွီ၊ ဒီဗွီဒီ စက်များ၊ တရုတ်လုပ် အီးဗွီဒီ စက်များ၊ ကွန်ပျူတာများ၊ ပရိဘောဂများ၊ ဆေးဝါးများ၊ ကြွေပြားများ စသည်တို့အပြင် ကွန်ဒိုတိုက်ခန်း တခန်းဝယ်ပါက လက်ဖ်တော့ ကွန်ပျူတာတလုံး လက်ဆောင်ပေးမည့် ဆောက်လုပ်ရေးလုပ်ငန်းလည်း ပါဝင်သည်။

တနင်္ဂနွေနေ့က ဈေးဝယ်သွားခဲ့သူ အမျိုးသားတဦးက မြန်မာတိုင်းမ် ကုမ္ပဏီကလည်း အခန်းတခန်းယူပြီး ပိဿာချိန်ဖြင့် ရောင်းချရတော့မည့် ၂ဝဝ၈ ခုနှစ်က ဂျာနယ်အဟောင်းများကို လက်ဆောင်ဆိုပြီး ဝေငှပေးကြောင်း ပြောသည်။

ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနှင့်အတူ မြန်မာနိုင်ငံတွင်း၌လည်း စီးပွားရေး ကျဆင်းခဲ့ပြီး ကုန်ပစ္စည်း ရောင်းချရမှုများ လည်း နှေးကွေးလာသည့်အတွက် ကုမ္ပဏီများ စုပေါင်းပြုလုပ်သည့် ဈေးရောင်းပွဲများ ကုန်တိုက်များတွင် မကြာခဏ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်လကလည်း ကုမ္ပဏီကြီးအချို့ စုပေါင်းပြီး မျှော်စင်ကျွန်းတွင် ဈေးရောင်းပွဲတခု ကျင်းပခဲ့သည်။ ယခု အဆိုပါ ဈေးရောင်းပွဲမျိုး တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်လာခြင်းဖြစ်သည်။ ယခင်က တပ်မတော်ခန်းမတွင် ပြပွဲပြုလုပ်ပါက အစိုးရပိုင် သတင်းစာများအပါအ၀င် ပုဂ္ဂလိက ဂျာနယ်များတွင် တခမ်းတနား သတင်းဖော်ပြခဲ့ကြ သော်လည်း ယခုပွဲနှင့် ပတ်သက်ပြီး မဖော်ပြသလောက်ပင် ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

No comments: