Monday, March 30, 2009

ဆန္ဒပြသူများကြောင့် ထိုင်းကက်ဘိနက်စည်းဝေးမည့်နေရာ ရှာနေရ

သတင်းထောက် ဟန်တင်အောင် / မတ်လ(၃၀) ရက်၊ ၂၀၀၉


ထိုင်းဝန်ကြီးချုပ်ဟောင်းအား ထောက်ခံသူများက ထိုင်းဝန်ကြီးချုပ်ရုံးကို ယနေ့ တနင်္လာနေ့ထိ (၄) ရက်မြောက် ၀ိုင်းထားသည့်အတွက် ထိုင်းဝန်ကြီးအဖွဲ့ အစည်းအဝေးလုပ်ရန် အရေးပေါ် နေရာ ရှာဖွေနေရသည်။

ဆန္ဒပြသူလျော့သွားပြီ

ထိုင်းဝန်ကြီးချုပ်ရုံးအား ၀ိုင်းထားသည့် ဆန္ဒပြသူများအား တပ်ဆင်က အမည်မသိနိုင်ငံမှ ညတိုင်း ဗီဒီယိုအဆက် အသွယ်ဖြင့် တရားဟောနေသည့်အတွက် ထိုင်းအစိုးရအနေဖြင့် ပိုပြီး စိတ်ပူစရာ ဖြစ်လာသော်လည်း ဆန္ဒပြသူ အရေအတွက်မှာ ပြီးခဲ့သည့် ကြာသပတေးနေ့ညထက် များစွာလျော့နည်းသွားသည်။

တပ်ဆင်အား ၂၀၀၆ ခုနှစ်က အာဏာသိမ်းသည့်ကိစ္စတွင် ထိုင်းဘုရင်၏ နန်းတွင်းရေးရာ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရမ်တင်ဆူလာနွန်ဒါ ဦးဆောင်ကြံစည်ခဲ့ကြောင်း ဆန္ဒပြသူများအား သောကြာနေ့ည တရားဟောသည့် ထဲတွင် တပ်ဆင်ပြောသည့်အတွက် ဗိုလ်ချုပ်ကြီး ပရမ်က ငြင်းဆိုခဲ့သည်။ ပရမ်ထောက်ခံသူများက တပ်ဆင်နှင့် အနီဝတ်ဆန္ဒပြခေါင်းဆောင်များအား ထိုင်းအစိုးရက အရေးမယူလျှင် ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် ဖြေရှင်းလက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ထားသည်။

စနေနေ့ည တရားဟောသည့်အချိန်တွင်မူ တတိုင်းပြည်လုံး ဆန္ဒပြရန် တပ်ဆင်က နှိုးဆော်ခဲ့သည်။

ဆန္ဒပြသူများကို ဘန်ကောက်ပညာတတ်များ အားမပေး

ထူးခြားသည့်အချက်မှာ မနှစ်က ပီအေဒီဆန္ဒပြသူများ ထိုင်းဝန်ကြီးချုပ်ရုံးသိမ်းထားစဉ်က ဘန်ကောက်ရှိ ပညာတတ် လူတန်းစားအလွှာအသီးသီးက ၀င်ရောက်ကူညီဆန္ဒပြကြသော်လည်း အနီဝတ်သူများဆန္ဒပြချိန်တွင် တက္ကသိုလ်များ၊ ဆရာဝန်များ စသည့် အဖွဲ့အစည်းများက ကူညီသည်ကို မတွေ့ရပေ။ ဆန္ဒပြနေသည့် အနီဝတ်အများစုမှာ အထက်ပိုင်းပြည်နယ်များမှ ခေါ်လာသူများဖြစ်ပြီး ဘန်ကောက်နေ လူထု ပူးပေါင်းမှုနည်းပါး သည့်အတွက် ဆန္ဒပြမှု တာရှည်မခံနိုင်ဟု ထိုင်းစာနယ်ဇင်းအချို့က သုံးသပ်သည်။

(၄) ရက်ဆက်တိုက် ဆန္ဒပြခဲ့သော်လည်း အာဘီဆစ်အစိုးရ နုတ်ထွက်ပေးရအောင် ဖိအားပေးနိုင်ခြင်းမရှိသေးဟု ထိုင်းမီဒီယာအချို့က သုံးသပ်သည်။ ဆန္ဒပြသူအရေအတွက် ထိုးကျသွားခြင်းသည် ရာသီဥတုပူပြင်းလွန်းသည့် အချက်လည်းပါသည်ဟု ဆန္ဒပြ ခေါင်းဆောင် ပိုင်းက ပြောသည်။

ယခုတကြိမ် အနီဝတ်ဆန္ဒပြသူအတော်များများ တပ်ဆင်၏ ဓာတ်ပုံကို ဆွဲပြားလုပ်ပြီး လည်တွင် ဆွဲထားကြသည် ကို တွေ့ရသည်။ အဆိုပါ တပ်ဆင်ပုံပါ လည်ဆွဲတခုကို ဘတ် (၃၀) ဖြင့် ရောင်းနေသည်။

အနီဝတ်ဆန္ဒပြသူများအား အစားအသောက် အခမဲ့ကြွေးသည့်တိုင် အ၀ါဝတ်သူများ ဆန္ဒပြချိန်တွင် ဘန်ကောက်ရှိ စီးပွားရေးလုပ်ငန်းကြီးများက အစားအသောက် ရက်ရက်ရောရာ လှူဒါန်းခဲ့မှုကို မမီပေ။



နိုင်ငံရေးသီချင်းခွေတွေ ရောင်းကောင်း

ထူးခြားသည့်အချက်မှာ ထိုင်းဝန်ကြီးချုပ်ရုံးဆန္ဒပြပွဲတွင် လက်ရှိထိုင်းနိုင်ငံရေးအခြေအနေကို ဖွဲ့ဆိုထားသည့် နိုင်ငံရေးသီချင်းစီဒီခွေ အမြောက်အမြားကို ချရောင်းနေကြသည်။ ၎င်းတို့ထဲမှ လူကြိုက်များသည့် သီချင်းတပုဒ်မှာ နာမည်ကြီး ထိုင်းအဆိုတော် နိုင်ယင်းယုံအိုးဖားခွန်း၏ အုံပီယမ်ဆိုသည့် သီချင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာအရ သိမ်မွေ့နူးညံ့သည့်နိုင်ငံအဖြစ် ကျော်ကြားခဲ့သည်။ ယခုထိုအချက်များ ပျောက်ကွယ်ပြီး အချင်းချင်းတိုက်ခိုက်နေကြသည်။ စည်းလုံးညီညွတ်မှု ပျက်သွားသည်။ နိုင်ငံရေးပြဿနာများကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြရန် ရေးဖွဲ့ထားသည့် သီချင်းဖြစ်သည်။

ယခုတေး သီဆိုသူ၏အမည်မှာ နိုင်ယင်းယုံအိုးဖားခွန်းဖြစ်ပြီး ထိုင်းနိုင်ငံ၏ သက်တမ်းရှည် နာမည်ကြီး ခါလာဘောင် တီးဝိုင်း၏ တေးဆိုနှင့် တီးဝိုင်းခေါင်းဆောင်ဖြစ်သည်။ နိုင်ငံရေးသီချင်းများနှင့် ဘ၀သရုပ်ဖော်သီချင်းများကို အဓိက သီဆိုတင်ဆက်သူအဖြစ် နာမည်ကျော်ကြားသူဖြစ်သည်။

၎င်း၏သီချင်းများသည် လူကြီးလူငယ်အရွယ်မရွေး ကြိုက်နှစ်သက်အားပေးကြသည့် သီချင်းများဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသီဆိုသည့် သီချင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ဂုဏ်ပြုစပ်ဆိုသည့် သီချင်း၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-South) နှင့်ပတ်သက်သည့် သီချင်းများကို ထိုင်းဘာသာဖြင့် ဂုဏ်ပြုသီဆိုခဲ့သူလည်း ဖြစ်သည်။

No comments: