ရဲဘော်ဖိုးသံချောင်း
ဗိုလ်သိန်းစိန် အင်ဒိုနီးရှားကို ဆိုင်းမဆင့်ဗုံမဆင့်သွားတာကို သတိပြု မိပါသလား။
အချိန်အခါ၊ အဖြစ်အပျက် တိုက်ဆိုင်မှုတွေကိုရော ဆက်စပ်စဉ်းစား မိပါသလား။
စဉ်းစားစရာတွေများပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။
အခုသွားတာဟာ အမေရိကန်သမ္မတအိုဘားမားက အင်ဒိုနီးရှားသမ္မတ ဆူဆလိုဘမ်ဘမ်း ယူဒိုယူနို နဲ့ ဗမာပြည်ကိစ္စကို တယ်လီဖုန်းနဲ့ ပြောကြပြီးချိန်မှာ ဗိုလ်သိန်းစိန်က ကောက်ကာငင်ကာ သွားလိုက်တာ ဖြစ်နေလို့ စဉ်းစားစရာကောင်းလှတယ်လို့ ပြောရတာဖြစ်ပါတယ်။
ဒီတော့ စဉ်းစားကြည့်ပါမယ်။
ဝါရှင်တန်ဟာ အရှေ့တောင်အာရှ အထူးသဖြင့် အာဆီယံနိုင်ငံတွေရဲ့ကိစ္စများ ဆောင်ရွက်ရာမှာ ဂျကာတာကို စခန်းထောက်တခုလို ရွေးချယ်ခဲ့တာကို တော်တော်စောစောကတည်းကပဲ သတိထားမိပါတယ်။ သူတို့နှစ်နိုင်ငံ အကြား နီးကပ်စွာဆက်သွယ်မှုတွေဟာ ဆူဟာတိုလက်ထက်ကတည်းက တည်ဆောက်ခဲ့တာမဟုတ်လား။
၂ဝဝ၇ ခုနှစ်တုန်းကလည်း အဲဒီတုန်းက သမ္မတ ဖြစ်နေတဲ့ ဂျော့ခ်ျဒဗလျူဘုရှ်ဟာ ဗမာပြည်ကိစ္စမှာ တရုတ်နဲ့ အိန္ဒိယတို့ ပါဝင်စေလိုကြောင်း ဂျကာတာကတဆင့် ပြောခဲ့ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအလယ်လောက်တုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ပထမဆုံး အာရှတိုက်ခရီးစဉ်မှာလည်း သူက ဂျကာတာကို ရောက်တုန်းမှာ ဗမာပြည်နဲ့ပတ်သက်ပြီး ဝါရှင်တန်အနေနဲ့ သူတို့လက်ရှိကျင့်သုံးနေတဲ့ ဗမာပြည်အပေါ် ပိတ်ဆို့ရေး ပေါ်လစီတွေကို ပြန်သုံးသပ်မယ်လို့ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာပဲ သူက ကျမတို့ဟာ ဂျကာတာနဲ့ နီးကပ်စွာ ဆက်စပ်လုပ်ကိုင်သွားမယ်၊ ဗမာပြည်ဆိုင်ရာကိစ္စတွေကို တိုင်ပင်ညှိနှိုင်းသွားမယ်လို့ ပြောခဲ့တာတွေကိုလည်း ပြန်ဆက်စပ်တွေးကြည့်သင့်ပါတယ်။ ဒါတွေက ဖော်ပြနေတာဟာ ဂျကာတာက ထွက်လာတဲ့ ဗမာပြည်နဲ့ ပတ်သက်တဲ့ စကားတွေဟာ ဝါရှင်တန်ရဲ့အသံတွေဖြစ်တယ်ဆိုတာပါပဲ။ မတ်လ (၁၃) ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန် ထားတဲ့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ သမ္မတအိုဘားမားနဲ့ သမ္မတယူဒိုယူနိုတို့ တယ်လီဖုန်းပြောကြရာမှာ ဗမာပြည်ကိစ္စလည်း ပါဝင်တယ်လို့ အတိအလင်း ဆိုထားတယ်မဟုတ်ပါလား။
ဝါရှင်တန်အနေနဲ့ ဗမာပြည်ကစစ်အုပ်စုကို ချဉ်းကပ်ဖို့အတွက် ဂျကာတာကို ရွေးချယ်တာလည်း အင်မတန်မှ သဘာဝကျပါတယ်။ တကယ်က ဗမာပြည်က စစ်အုပ်စုရဲ့ ဘိုးအေကြီးတွေဖြစ်တဲ့ ဗိုလ်နေဝင်းတို့ ဗိုလ်မောင်မောင် တို့အဖို့ အင်ဒိုနီးရှားဟာ ရှေ့ဆောင်းလမ်းပြဖြစ်နေခဲ့တာပါ။ စစ်ဗိုလ်တမတ်သားစနစ်အပါအဝင် သူတို့တတွေ အင်ဒိုနီးရှားကို အတုခိုးခဲ့ကြတာတွေဟာ လက်ချိုးရေလို့မကုန်ပါဘူး။ အဲဒီနိုင်ငံမှာက အခုနောက်ပိုင်းမှာတောင် ဗိုလ်ချုပ်တွေ အရပ်ဝတ်နဲ့ အာဏာရတာတွေရှိနေတယ် မဟုတ်ပါလား။
တကယ်ကျတော့ အင်ဒိုနီးရှားနဲ့ ဗမာပြည်အကြားမှာ လောလောဆယ်အားဖြင့် နှစ်ဦးချင်းဖြေရှင်းရမယ့် ပြဿနာ ဘာမှမရှိပါဘူး။ အရင်ကလည်းမရှိခဲ့ပါဘူး။ သူ့အနေနဲ့ ရိုဟင်ဂျာကိစ္စလိုဟာမျိုးကို အကြောင်းပြပါမယ်၊ ရိုဟင်ဂျာကိစ္စ လက်ရှိအခြေအနေလောက်နဲ့တော့ ဝန်ကြီးချုပ်တဦး ဒီလိုခရီးဝေးမထွက်ပါဘူး။ တခြားဖုံးကွယ်ထားတဲ့ အကြောင်းရင်းတွေလည်း မုချရှိပါမယ်။ နအဖစစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြင်ဆင်နေချိန်၊ ရွေးကောက်ပွဲ ဥပဒေ ကြေညာရတော့မယ့်ကာလမှာ စစ်အာဏာရှင်စနစ်ကနေ တဖြစ်လဲလာတဲ့ အင်ဒိုနီးရှားကို သွားတာဖြစ် ပါတယ်။ ဒါ့အပြင် သူသွားတဲ့အချိန်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ရွေးကောက်ပွဲရာသီ စတင်တဲ့အချိန်လည်း ဖြစ်နေပါ တယ်။
နအဖစစ်ဗိုလ်ချုပ်တွေ ဘယ်လိုပဲပြောနေနေ၊ အမှန်ပြောရရင် နအဖစစ်အစိုးရဟာ ဟိုအရင်ကာလတွေကတည်းက အမေရိကန်နဲ့ အင်မတန်မှကို ပြေလည်နေချင်တာပါ။ သူ့ဘက်က တဖက်သတ်ပိုးသလို တမန်တွေအမျိုးမျိုးလွှတ်ပြီး ကြိုးစားခဲ့တယ်ဆိုတာလည်း အားလုံးအသိပါပဲ။ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဖျက်သိမ်းပေးစေချင်ကြောင်း အခွင့်အခါကြုံတိုင်း နည်းသဏ္ဌာန် မျိုးစုံနဲ့ဖော်ပြနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ တိုက်တိုက်၊ တခြား အတိုက်အခံတွေကိုပဲ ဆဲဆဲ ဒီကိစ္စကို ပြောဖြစ်အောင် ပြောတယ်ဆိုတာကို သတိပြုမိကြမှာပါ။
ဒီတော့ ဖြစ်နိုင်တာက ဗိုလ်သိန်းစိန်ဟာ သူတို့စစ်အစိုးရရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအစီအစဉ်ကို သွားရှင်းပြတာ ဖြစ်ပါလိမ့်မယ်။ ဒါဟာလည်း အင်ဒိုသမ္မတ ယူဒိုယူနိုကို ရှင်းပြတယ်ဆိုတာထက် သူကတဆင့်အိမ်ဖြူတော်ကို ရှင်းပြတာဖြစ်ပါတယ်။ ဒီအခါမှာ ယူဒိုယူနိုကလည်း သူတို့ရဲ့သဘောထား (အမှန်က အိမ်ဖြူတော်ရဲ့သဘောထား) ကို ဗိုလ်သိန်းစိန်သိအောင် ရှင်းပြပါလိမ့်မယ်။ တပါတည်းမှာ ကျွဲကူးရေပါ သူတို့နိုင်ငံရဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေ ကိုလည်း ဆက်စပ်ပြောပြမှာ သေချာပါတယ်။ သူတို့ နိုင်ငံမှာ အာဏာရှင်ဆူဟာတိုကို ဖြုတ်ချပြီးတဲ့ နောက် ကျင်းပတဲ့ ပထမဆုံးရွေးကောက်ပွဲမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်လို့ ပြောရမလိုဖြစ်တဲ့ ဆူကာနိုရဲ့သမီး မီဂါဝတီကို ဝင်အရွေးခံခွင့်ပြုခဲ့တာကိုလည်း သူတို့က ထောက်ပြကောင်း ထောက်ပြပါလိမ့်မယ်။ ဗိုလ်သိန်းစိန်ကတော့ နအဖ အနေနဲ့ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်နိုင်တဲ့အကြောင်းကို ထုံးစံအတိုင်း ကြံဖန်အကြောင်းပြပြီး ရှင်းပြမှာ သေချာပါတယ်။ တဆက်တည်းမှာ အမေရိကန်ကသာ ပိတ်ဆို့မှုတွေ ကို ဖျက်သိမ်းရင် သူတို့ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အသင့်ပဲဆိုတာမျိုးလည်း သူတို့ ပြောနေကျအတိုင်း ပြောနိုင်ပါတယ်။ တကယ်လို့များ ဗိုလ်သိန်းစိန် အင်ဒိုနီးရှားက ပြန်လာပြီးတဲ့အခါမှာ ၂ဝ၁ဝ ရွေးကောက်ပွဲဥပဒေ ပေါ်ထွက်လာရင် တိုက်ဆိုင်မှုလို့ မပြောသင့်ပါဘူး။
သေချာတာကတော့ ဝါရှင်တန်ဟာ သူတို့ပြောနေတဲ့ အမာနဲ့ အပျော့ပေါင်းစပ်တဲ့ သံတမန်နည်းလမ်း (Smart Power) ကို ဗမာပြည်ဆိုင်ရာ သံခင်းတမန်ခင်းမှာ ချသုံးတာပါပဲ။ မကြာမီမှာ ဗမာပြည်ရှိနေတဲ့ အင်ဒိုနီးရှားသံရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတွေ့ဆုံတာ ဒါမှမဟုတ် ဝါရှင်တန်မှာ နအဖရဲ့သံရုံးကို အဆက်အသွယ်ပြုတာတွေ တွေ့ချင်တွေ့လာရနိုင်ပါတယ်။ ဒါက အာဏာရထားသူတွေချင်း လုပ်ကြတာပါ။ အတိုက်အခံအင်အားစုတွေအနေနဲ့ ကတော့ သမ္မတအိုဘားမားရဲ့ အပြောင်းအလဲဆိုတာကို မျှော်ကိုး လုပ်ကိုင်နေကြလို့ မဖြစ်တာ သေချာပါတယ်။ အိမ်ဖြူတော်က အပြောင်းအလဲလုပ်မှာကို တကယ်မျှော်ကိုးနေသူဟာ နအဖစစ်အစိုးရပဲ ဖြစ်ပါတယ်။
နအဖတကယ်တမ်းစားပွဲဝိုင်းမှာ စကားပြောချင်တာဟာ အိမ်ဖြူတော်ကပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ပြည်တွင်းက လူတွေကိုတော့ သူတို့က စာရင်းထဲမထည့်ပါဘူး။ သူတို့အနေနဲ့ ဝါရှင်တန်နဲ့သာပြေလည်ရင် ဘာမဆိုလုပ်လို့ရပြီ၊ လက်ခမောင်း ခတ်လို့ရပြီလို့ တွက်ထားတာဖြစ်ပါတယ်။
၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဗမာပြည်ရဲ့ ၂၁ ရာစုနိုင်ငံရေးမှာ အရေးပါတဲ့ အကွေ့အချိုးတခုဖြစ်လာနိုင်တယ်ဆိုတာ ဒီလိုအချက်တွေကြောင့် ပြောနေတာဖြစ်ပါတယ်။ နအဖအနေနဲ့ သူ့အခက်အခဲတွေအားလုံး၊ သူ့အတွက် အဆီးအတားတွေအားလုံးကို ဖြေရှင်းရတော့မှာပါ။ ဒီအထဲမှာ နိုင်ငံတကာနယ်ပယ်နဲ့ သံတမာန်ရေးရာလည်း ပါဝင်ပါတယ်။
အထက်မှာပြောခဲ့တာတွေဟာ မှန်းကြည့်တာတွေပါ။ ကြက်ဥအရောင်၊ တိမ်တောင်သဖွယ် မင်းရေးကျယ်လေတော့ ဒီလိုမှ ကြိုမတွက်ကြရင် ကိုယ်ကလက်ဦးမှု မဲ့နေမှာစိုးရပါတယ်။
No comments:
Post a Comment