Friday, March 27, 2009

ကုလပိုင် ပစ္စည်းများကို အစိုးရရုံးနှင့် အန်ဂျီအိုများက အလွဲသုံးစား လုပ်မှု ပေါ်ပေါက်


NEJ / မတ်လ(၂၇) ရက်၊ ၂၀၀၉

မြန်မာ နိုင်ငံရှိ (UNHCR) ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးခွဲအပြင် အဆိုပါရုံး အတွက် အကောင်အထည် ဖော် လုပ်ကိုင်နေ သည့် အန်ဂျီအိုရုံး (၃) ခုအား ကုလ စာရင်းစစ် အဖွဲ့က စစ်ဆေးရာ ပိုလျှံဝန်ထမ်း ခန့်ထားမှု၊ စာချုပ်မရှိဘဲ ငွေထုတ်ပေးမှု၊ လောင်စာဆီ လက်ကျန် ကွာဟမှု စသည်တို့ တွေ့ရကြောင်း ကုလစာရင်း စစ်အဖွဲ့ အစီရင်ခံစာ တွင် ဖော်ပြထားသည်။


ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါအစီရင်ခံစာကို ၂၀၀၅ ခု သြဂုတ် (၂၆) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စာရင်းစစ် နီကိုလေး ဂရီဂိုရိဗ်နှင့် ဂါမာဂျီနာတို့က ပြုစုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ UNHCR ရုံးကို ၂၀၀၅ ခုနှစ် မေလက စာရင်းစစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၃-၂၀၀၄ ခုနှစ်ကြား ဒေါ်လာ (၄) သန်းကျော်သုံးစွဲခဲ့သည့် လုပ်ငန်းများကို စစ်ဆေးခဲ့သည်။

UNHCR ရုံးနှင့် ဆက်သွယ်လုပ်ကိုင်နေသည့် Bridge Asia-Japan (BAJ) အန်ဂျီအိုရုံးတွင် ၀န်ထမ်းများပိုလျှံစွာ ခန့်ထားသည်။ BAJ ရုံးသည် တနှစ်ကို ဒေါ်လာသန်းဝက်မျှသာ သုံးစွဲသည့်ရုံးဖြစ်သော်လည်း Program မန်နေဂျာ တဦး၊ လက်ထောက်တဦး၊ ဘဏ္ဍာရေးအရာရှိအပြင် စာရင်းစစ်နှစ်ဦး ခန့်ထားသည်ကို တွေ့ရကြောင်း ကုလစာရင်း စစ်အဖွဲ့ အစီရင်ခံစာမှာ ထောက်ပြထားသည်။ ထို့ပြင် BAJ အန်ဂျီအိုသို့ လွှဲပြောင်းပေးသည့် UNHCR ရုံးပိုင် ပစ္စည်းများ စာရင်းမှာလည်း မောင်းတောရှိ BAJ ရုံးစာရင်းနှင့်ကွာနေကြောင်း စာရင်းစစ်များက ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာနက သုံးစွဲနေသည်ဆိုသည့် ရန်ကုန် UNHCR ရုံးပိုင်ဆိုင်သည့် တလုံး ဒေါ်လာ (၃,၀၀၀) နီးပါးတန်သည့် ကွန်ပျူတာ (၁၀) လုံးဆိုသည်ကိုလည်း ရှာမတွေ့ ခဲ့ကြောင်း အစီရင်ခံစာတွင် ရေးထားသည်။

၎င်းပြင် ရခိုင်ပြည်နယ် မောင်းတောအခြေစိုက် မြန်မာကြက်ခြေနီအဖွဲ့ရုံးအတွက် ပေးထားသည့် UNHCR ကားကိုလည်း ရန်ကုန် မြန်မာ ကြက်ခြေနီရုံးက အလုပ်အမှုဆောင်လူကြီးက သုံးနေကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ UNHCR ရုံးအတွက် လိုအပ်သည့် ၀န်ထမ်းများ (အဓိက လုံခြုံရေးဝန်ထမ်းများ) ကို ရန်ကုန်မှ A&A Natural Resources Development ကုမ္ပဏီက ရှာဖွေပေးသည်။ သို့သော် ၂၀၀၄ ခုနှစ်တွင် အဆိုပါ ကုမ္ပဏီနှင့် ရန်ကုန် UNHCR ရုံးတို့ စတင်လုပ်ကိုင်ခဲ့ပြီး ထိုကုမ္ပဏီကို UNHCR မှ ဒေါ်လာ (၁၀၅,၀၀၀) ပေးထားပြီးသည့်တိုင် UNHCR နှင့် A&A Natural Resources Development ကုမ္ပဏီ တို့ကြား စာချုပ်စာတမ်း လက်မှတ်ရေးထိုးထားခြင်း မရှိသည်ကိုလည်း ကုလစာရင်းစစ်များက အပြစ်တင်ထားသည်။

၂၀၀၄ ခုနှစ်တွင် UNHCR ရုံးပိုင် ဒေါ်လာ (၁၀,၇၃၆) တန်ဖိုးရှိပစ္စည်းများအား မြန်မာလူ့အခွင့်အရေး ကော်မရှင်ရုံးသို့ ငှားရမ်း သည့်အနေ ဖြင့် လွှဲပြောင်းပေးခဲ့သည်။ သို့သော် (၂၁) လစာ ဒေါ်လာ (၄,၂၀၀) သာ UNHCR က လက်ခံရခဲ့ပြီး ကျန်ပိုင်ဆိုင်မှုများကို ကုလ စာရင်း စစ်များက စစ်ဆေးနိုင်ခြင်းမရှိခဲ့ကြောင်း၊ အကြောင်းမှာ မြန်မာလူ့အခွင့်အရေး ကော်မရှင်ရုံးကို နိုင်ငံရေးအခြေအနေအရ ပိတ်လိုက်ရ၍ ရုံးပစ္စည်းများကို အခြားသို့ ပြောင်းရွှေ့ထားရကြောင်းသာ မိမိတို့ကို အကြောင်းကြားခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၀၄ ခု ရန်ကုန် UNHCR ရုံးကို စာရင်းစစ်သည့်အချိန် အဆိုပါရုံး၏တာဝန်မှာ ဘင်္ဂဘားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်များ မိမိသဘော ဆန္ဒ အလျောက် မြန်မာနိုင်ငံပြန်သည့်လုပ်ငန်း ပြီးပြတ်စေရေးနှင့် ပြန်လာသူများအား ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေရာချထားရေး၊ ထိုင်းနိုင်ငံမှ ဒုက္ခသည်များကိုလည်း မိမိသဘောဆန္ဒအလျောက် မြန်မာနိုင်ငံ ပြန်ရေးကိစ္စနှင့် အဆိုပါဒုက္ခသည်များအား နေရာချထားရေး အစီအစဉ်များ ရေးဆွဲရေးအပြင် လူအရွှေ့အပြောင်း ကိစ္စ ဆောင်ရွက်နေသည့် အရာရှိများအတွက် ဒုက္ခသည်ဆိုင်ရာဥပဒေနှင့် လူ့အခွင့် အရေးဥပဒေများ နားလည်ရန် ဆောင်ရွက်ရေးတို့ဖြစ်သည်။

No comments: