Monday, March 30, 2009

အင်တာနက်မှ နိုင်ငံရေးဝေဖန်စာသူရေးတာမဟုတ်ဟု စာရေးဆရာကျော်ဝင်း ငြင်းဆို

NEJ / မတ်လ(၃၀) ရက်၊ ၂၀၀၉

လတ်တလော ပြည်တွင်း ပြည်ပတွင် အီးမေးလ်များ မှတဆင့် ပျံ့နှံ့နေသည့် ကျော်ဝင်း ရေးသားသည် ဆိုသော နိုင်ငံရေး စာတမ်းမှာ ၎င်းရေးခြင်း မဟုတ်သလို ၎င်းနှင့်လည်း မည်သို့မှ မသက်ဆိုင်ကြောင်း စာရေးဆရာ ကျော်ဝင်းက တရားဝင် ငြင်းဆို လိုက်သည်။


ပြည်တွင်းထုတ် The Voice ဂျာနယ် မတ်လ (၂၉) ရက်နေ့ထုတ် စာမျက်နှာ (၉) တွင် ဆရာကျော်ဝင်းက “၎င်းရဲ့အမည်နဲ့ ဘလော့ခ်စာမျက်နှာပေါ်မှာ စာအချို့တင်ထားတယ်လို့ ကြားသိရကြောင်း၊ သူဘာမှ မသိလိုက်ရဘဲ ယခုလို အဖြစ်မျိုးကြုံတာ ယခင်ကလည်း ရှိခဲ့ဖူးကြောင်း၊ သူ့အနေနဲ့ လိပ်ပြာသန့်၍ ဘာတခုမှ မဖြေရှင်းခဲ့ကြောင်း၊ ယခု တကြိမ်မက ဖြစ်လာ၍ စာဖတ်သူများအကြား ရှုပ်ထွေးမှုတွေ ရှိလာနိုင်လို့ တရားဝင် ပြန်ကြားရခြင်း ဖြစ်ကြောင်း၊ သူဟာ ပြည်တွင်းမှာ တရားဝင်ထုတ်ဝေဖြန့်ချိနေတဲ့ မဂ္ဂဇင်း၊ ဂျာနယ် လုံးချင်းတွေမှာမှ လွဲပြီး အခြား မည်သည့်နေရာတွင်မှ စာရေးသူ မဟုတ်ကြောင်း၊ မရေးရုံမက ယခု ဘလော့ခ်မှာ တင်ထားတဲ့ စာတွေဟာ သူ့အနေနဲ့ လုံးဝ မဖတ်ဘူးတာမို့ သူ့အယူအဆနဲ့ တူညီမှုရှိမရှိ သူမပြောနိုင်ကြောင်း၊ သူရေးတဲ့စာတွေအတွက် သူတာဝန်ယူပေမယ့် သူမရေးတဲ့စာတွေအတွက် တာဝန်မယူနိုင်သလို ထင်မြင်ချက်လည်း မပေးလိုကြောင်း” စသဖြင့် ရေးသားထားသည်။

ယခုလက်ရှိ ပြည်တွင်းပြည်ပ အီးမေးလ်များမှတဆင့် ပျံ့နှံ့နေသည့် စာတမ်း (၂) စောင်တွင်မူ ဆရာကျော်ဝင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည်ဆိုသည့် What Matter Most in BURMA’s Politics အမည်ရ (၆) မျက်နှာပါ စာတမ်းနှင့် The World Is Flat by Thomas Friedman, The Argumentative Indian by Amartya Sen တို့ကို ကိုးကားပြီးရေးထားသည့် Change: The Fall of The Berlin Wall အမည်ရ (၂) မျက်နှာပါ စာတမ်းတို့ ဖြစ်သည်။

ယခင် ပြည်တွင်းပြည်ပတွင် ပျံ့နှံ့ခဲ့သည့်စာတမ်းများမှာမူ မြန်မာဘာသာနှင့် စာတမ်းဖြစ်သည်။

ဆရာကျော်ဝင်း၏ စာတမ်း၊ ၎င်း၏ ငြင်းဆိုမှုနှင့် ပတ်သက်၍ ဝါရင့် သတင်းစာဆရာကြီးတဦးက “ကျော်ဝင်းက မြန်မာပြည်အတွင်းမှာ နေနေတာ။ နောက် စစ်အစိုးရ စာပေစိစစ်ရေးကို ဖြတ်သန်းပြီးမှ ဆောင်းပါးတွေ၊ စာအုပ်တွေ ရေးသားထုတ်ဝေနေရတာ၊ သူ့အယူအဆ ဘယ်လိုရှိရှိ သူ့အနေနဲ့ ငြင်းခုံပိုင်ခွင့်မရှိဘူး။ သူငြင်းခုံရင် စစ်အစိုးရ ကြိုက်တာရော၊ မကြိုက်တာရော ပါလိမ့်မယ်။ စစ်အစိုးရ မကြိုက်တာဆိုရင် သူ့စာရေးခွင့်၊ စာအုပ်ထုတ်ဝေခွင့် ပိတ်ပင်ခံရလိမ့်မယ်။ ဒါဆို သူလည်း နစ်နာတယ်၊ စာဖတ်ပရိသတ် တိုင်းပြည်လည်း နစ်နာမယ်။ ဒါကြောင့် သူမရေးဘူး ဆို သူ့အာဘော် မဟုတ်ဘူးလို့ သဘောထားပေးလိုက်ရုံပဲ” ဟု ပြောသည်။

ပြီးခဲ့တဲ့နှစ်၌ ပြည်တွင်း ဂျာနယ်စာမျက်နှာများတွင် ဦးချမ်းအေးခေါ် စာရေးဆရာကြီး မောင်စူးစမ်း၏ မြန်မာနိုင်ငံ နိုင်ငံရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်စာတမ်း ထွက်ပေါ်လာပြီး စစ်အစိုးရက ၎င်းတို့ အကြိုက်ဖြစ်သောကြောင့် ပုံနှိပ်ဖော်ပြခွင့်ပေးခဲ့ခြင်းဖြစ်ကာ အဆိုပါ စာတမ်းကို ဝေဖန်သည့် မည်သည့် စာတမ်းကိုမျှ နောက်ထပ် ပုံနှိပ်ဖော်ပြခွင့် မပြုခဲ့ပေ။

No comments: