Tuesday, March 24, 2009

ဗမာနိုင်ငံရဲတပ်ဖွဲ့သက်သာဆိုင်ခန်းများ ဖျက်သိမ်း

သျှမ်းသံတော်ဆင့် အင်္ဂါနေ့၊ 24 မတ်လ 2009

ဗမာ နိုင်င်ငံ ရဲတပ်ဖွဲ့က တစ်နိုင်ငံ လုံးတွင်ရှိသော ၄င်းတို့ ရဲတပ်ဖွဲ့ပိုင် သက်သာ ဆိုင်ခန်းများ အား မတ်ခ်ျလကုန် အပြီး ဖျက်သိမ်း ပစ်ရန် ညွှန်ကြားလိုက်သည်။

အဆိုပါအမိန့်အရ ရဲစခန်းအတွင်းရှိဆိုင်ခန်းများနှင့် ပြင်ပတွင်ဖွင့်လှစ်ထားသည့် ရဲသက်သာဆိုင်ခန်းမှန်သမျှဖျက်သိမ်း ရမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသူ နယ်စပ်ရဲဝန်ထမ်းကသျှမ်းသံတော်ဆင့်သို့အတည်ပြုပြောသည်။

အခြားရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးအားမေးမြန်းရာ ၄င်းက “ သက်သာဆိုင်ဆိုတာ ဒီရဲတပ်ဖွဲ့ဝင် မိသားစုတွေသက်သာ ချောင်ချိအောင် ဖွင့်ထားတဲ့ ကုန်ပစ္စည်းအရောင်းဆိုင်တွေပေါ့။ ဆိုင်မှာက ဆီ ဆန် ဆား ကအစတခြားကုန်ပစ္စည်း မျိုးစုံ တင်ထားပြီး အပြင်ပေါက်ဈေးထက်ကိုလျှော့ရောင်းတာပါ ” ဟုသူကပြောသည်။

ရဲစခန်းအတွင်း ဖွင့်လှစ်ထားသည့်ဆိုင်ခန်းများသည် တပ်ဖွဲ့ဝင်နှင့်မိသားစုများအတွက် တိုက်ရိုက်ရောင်းချပေး သည့် ဆိုင်ခန်းများဖြစ်သော်လည်း ပြင်ပတွင်ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများကိုမူ အခြားသူများထံသို့ အခန်းနှင့်မြေနေရာ ငှားရမ်းပေးကြောင်း သိရသည်။

ကုန်ဈေးနူန်းကျဆင်းရေး ကော်မတီက စစ်တပ်နှင့်ရဲတပ်ဖွဲ့လက်နက်ကိုင် ဝန်ထမ်းများအား သာမန် ပြည်သူလူထု ထက်ပိုမိုသက်သာချောင်လည်စေရန် ပြင်ပပေါက်ဈေးထက် ဈေးနူန်းချိုသာစွာဖြင့် ကုန်ပစ္စည်းများရောင်းသည့် ဆိုင်ဖြစ်သည်ဟု နီးစပ်သူက ပြောကြားသည်။

ယခင်က မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအဆောက်အဦးများရှေ့ လစ်လပ်နေသည့် မြေကွက်လပ်အချို့ကို ရဲတပ်ဖွဲ့ အား အခွင့်ထူးပေးသည့်အနေဖြင့် ဆိုင်ခန်းများဆောက်လုပ်ခွင့်ပေးထားခြင်းဖြစ်သည်။ အဆိုပါ ဆိုင်ခန်းများ ပုဂ္ဂလိက လုပ်ငန်းရှင်များထံ တဆင့်ပြန်လည်ငှားရမ်းထားသဖြင့် ယခုဖျက်သိမ်းပစ်မည်ဆိုလျှင် ဆိုင်ခန်းငှားသူပုဂ္ဂလိက လုပ်ငန်းရှင်များ အခက်အခဲဖြစ်ဖွယ်ရှိကြောင်း စုံစမ်းသိရသည်။

ယခု ရဲတပ်ဖွဲ့သက်သာဆိုင်ခန်းများ ဖျက်သိမ်းရန်ညွန်ကြားချိန်သည် ဗမာစစ်အာဏာပိုင်များ၏ ၂ဝဝဂ-၂ဝဝ၉ ဘဏ္ဍာရေး နှစ်ကုန်ဆုံးချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။

No comments: