Saturday, March 28, 2009

တရုတ်တီဗွီက ဗမာစစ်ခေါင်းဆောင်များအား ဝေဘန်သည့် သတင်း ထုတ်လွင့်

သျှမ်းသံတော်ဆင့် စနေနေ့၊ 28 မတ်လ 2009

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ဆက်လက် ဖမ်းဆီးထား ခြင်းအပေါ် ကုလသမဂ္ဂလူ့ အခွင့်အရေး ကောင်စီ မတရား ဖမ်းဆီးခြင်း ဆိုင်ရာ အလုပ်အဖွဲ့က ထုတ်ဖေါ်ပြောကြား ချက်အပေါ် တရုတ် ယူနန်ပြည်နယ် ရုပ်သံ လှိုင်းက မတ်လ ၂၅ရက်နေ့ ညတွင် ထုတ်လွင့် သွားသည်။

ဗမာစစ်အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းသည် လက်ရှိ မြန်မာနိုင်ငံဥပဒေနှင့်နိုင်ငံ တကာ ဥပဒေ နှစ်ရပ်စလုံးကို ချိုးဖေါက်ခြင်း ဖြစ်ကြောင်း မတရားဖမ်းဆီးခြင်း ဆိုင်ရာအလုပ်အဖွဲ့ (UN Working Group On Artitarary Detention ) ကထုတ်ဖေါ်သောပြောကြားချက်များ ဖြစ်သည်။

“ဗမာပြည်အစိုးရက နိုင်ငံတကာဥပဒေကိုမပြောနဲ့ သူ့ရဲ့၁၉၇၅ က ထုတ်ပြန်ထားတဲ့ ပြည်တွင်း ဥပဒေကို တောင်ချိုး ဖေါက်နေတယ်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ မေလကတည်းက လွတ်ပေးရမှာ။ အခု ထက်ထိမလွတ်ပေး သေးဘူး။ ဒါကကုလသမဂ္ဂက ပြောတယ်။ အဲဒီသတင်းကို ပဲပြန်လွင့်တာပါ” ကိုယ် တိုင်ရုပ်မြင်သံကြား ကြည့်ရသည့် ရွေလီအခြေစိုက် စာနယ်ဇင်းသမား တစ်ဦးက သျှမ်းသံတော်ဆင့်ပြောသည်။

ယခုကဲ့သို့ ယူနန်ရုပ်သံဌာနမှ သတင်းလွင့်နေချိန်တွင် ဒေါ်စု၏လှုပ်ရှားမှု နောက်ခံဓါတ်ပုံများနှင့်ပါ ဝေေ၀ဆာဆာ တင်ဆက်ပြသ သွားခြင်း ဖြစ်ကြောင်း သိရသည်။

“ဘက်ကရောင်းတွေက အဲလိုသတင်းပြောနေတုန်းမှာ ဒေါ်စုရဲ့ လူထုလှုပ်ရှားမှုပုံ တွေပြန်ပြတယ်၊ ဂမ်ဘာရီ လာတဲ့အချိန် တွေ့တဲ့ပုံ တွေပြတယ် ” လို့ သူကဆက်ပြောသည်။

တရုတ်ပိုင်သတင်းဌာနများက ဗမာစစ်အာဏာပိုင်များအား ဝေဘန်သည့် အကြောင်းအရာများကို မည်သည့် အခါမှ ဖေါ်ပြလေ့မရှိပဲ ယခုတစ်ကြိမ်သာ မြန်မာနှင့် နယ်စပ်ချင်း ကပ်လျှက်ရှိသည့် ယူနန်ပြည်နယ် ရုပ်သံလှိုင်း က ထူးထူးခြားခြား မတ်လ ၂၅ ရက်ညပိုင်းနှင့် ၂၆ ရက်မနက်ပိုင်းတို့တွင် ဆက်တိုက် ထုတ်လွင့်သွားခြင်း ဖြစ်သည်။

၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်လိုက်သ ဖြင့် တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Cheng- Rui-Sheng က (NLD) ပါတီဋ္ဌာနချုပ်သို့ သွားရောက်ခဲ့ပြီး ပါတီအားဂုဏ်ယူ ပါကြောင်းနှင့် ဒေါ်အောင်ဆန်း စုကြည်အား လွတ်ပေးရန် တောင်းဆိုခဲ့ဘူးသော်လည်း နောက် ပိုင်းတွင်အတိုက်အခံများနှင့် ပတ်သက်၍ ရေငုံနူတ်ဆိတ်နေခဲ့သည်။

နောက်ပိုင်းတွင် တရုတ်နိုင်ငံသည် ဗမာစစ်ဗိုလ်ချုပ်ကြီးများ အပေါ် အရင်းနှီးဆုံးမိတ်ဆွေအဖြစ် ဆက်ဆံရေးထားရှိပြီး အကာ အကွယ် ပေး လေ့ရှိကာ ဗမာနိုင်ငံရေးနှင့်ပတ်သက်လျှင် ပြည်တွင်းရေး ပြဿနာတစ်ရပ်အဖြစ် ထုတ်ဖေါ်ပြောကြား လေ့ရှိသဖြင့် အများက ဝေဘန်ခြင်း ခံနေရသည့် နိုင်ငံလည်းဖြစ်သည်။

ယခုလပိုင်းအတွင်း ဂျနီဖာတွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Mr.Quintana နှင့်ဆွေး နွေးပွဲတွင် တရုတ်ပြည်မှ ကိုယ်စားလှယ် Yan- Jia- Rong က ဗမာပြည်အရေးနှင့်ပတ်သက်၍ ဒီမိုကရေစီ ဖြစ်စဉ်များ နှင့်လူ့အခွင့်အရေး ကိစ္စများ တွင် တိုးတက်မှု့ရှိလာကြောင်း အကျဉ်းသားများလွတ်ပေးမှု များ လမ်းပြ မြေပုံ အကောင် အထည်ဖေါ်နေမှု့များကို ထောက်ပြ၍ စစ်အဏာပိုင်များဘက် ထောက်ခံပြောကြားခဲ့ကြောင်း၊ အခြား တစ်ဘက်တွင် လည်း ဗမာပြည်အရေးသည် ဒေသတွင်းသာမကတော့ပဲ အပြည်ပြည်ဆိုင်ရာ အရေးတစ်ခု ဖြစ်လာ နေကြောင်းထုတ်ဖေါ် ပြောကြားခဲ့သည်။

ထိုသို့ ဒေါ်စုအဖမ်းဆီးခံထားရသည့် အပေါ် ကုလသမဂ္ဂက စစ်အာဏာပိုင်များအား ဝေဘန်ပြောကြားသည့် သတင်း ထုတ်လွင့်ခြင်း သည် တရုတ်နိုင်ငံ၏ မြန်မာပြည်ဆိုင်ရာ ပေါ်လစီအပြောင်းအလဲ တစ်ခုဖြစ်နိုင်သလားဟု တရုတ်နယ်စပ်ရှိ စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား မေးမြန်းကြည့်ရာ သူ အခုလို ပြောသည်။

ရက်ပိုင်းအတွင်း တရုတ် နံပတ်အဆင့် (၅)ရှိ ခေါင်းဆောင်တစ်ဦးလည်းဖြစ် ယဉ်ကျေးမှု နှင့်ပြန်ကြားရေး ၀န်ကြီး လည်း ဖြစ်သော မစ္စတာ လီချန်ချွင်းသည် ဗမာစစ်ခေါင်းဆောင်များနှင့်တွေ့ဆုံချိန်နှင့်လည်း တိုက်ဆိုင်နေသဖြင့် ယခုသတင်း ထုတ်လွင့်မှုသည် အဆက်အစပ်ရှိရှိ ဖြစ်ပေါ်နေမှုတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

တရုတ်နှင့်ဗမာအတိုက်အခံများဆက်ဆံရေး အေးစက်နေဆဲ

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ပတ်သက်လာလျှင် အခြေခံအားဖြင့် ပြောင်းလဲခြင်းမရှိသည့် ဖေါ်ပြချက်မျိုးစုံရှိသည်။ အခြေခံမူဝါဒဒာားဖြင့် နယ်စပ်ဒေသတည်ငြိမ်မှု ရှိရေး ကုန်သွယ်စီးပွားရေးဖွံ့ဖြိုးရေး လုံခြုံရေး ကိစ္စများပင် ဖြစ်ကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။

“အဆက်အစပ်မရှိတဲ့အရာတွေမဟုတ်ဘူး။ အဆက်အစပ်ရှိရှိပေါ်လာတဲ့ ကစားကွင်းကြီးတစ်ခုဖြစ်တယ်။ ဗမာစစ်အုပ်စုက လည်း တရုတ်ကိုကစားပြနေတယ်။ ဒီလိုအကွက်ကိုထွင်ပြီး ကစားပြနေတာဖြစ်တယ်။ ထူးထူးခြားခြား အတိုက်အခံ တွေအပေါ် ပြောင်းလဲ လာတာတော့မဟုတ်ဘူး ” သူကပြောသည်။

၂၀၀၁ မတိုင်မှီ တရုတ်သမတကျန်ဇီမင်း ဗမာပြည်သို့အလည်အပတ် သွားရောက်ခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီ အင်အားစုများနှင့် တရုတ် ကင်းကွာသွားခဲ့ကြောင်း ပြောသည်။ ယခုအချိန်အထိတော့ တရုတ်နှင့်ဒီမိုကရေစီအင်အားစု၏ ဆက်ဆံရေး နီးစပ်သည့် အနေ အထား မရှိသေးဟု သူက ဆက်ပြောသည်။


တရုတ်မဟာဗျူဟာ မပြောင်းလဲ နည်းပရိယာယ်ပိုင်းသာ ကစားခြင်းဖြစ်

ယခု အမေရိကန်သမတသစ်တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီပြောင်းလဲတော့မည်ဆိုသည့် အသံများထွက်လာကာ ရက်ပိုင်းအတွင်း မစ္စတာ ဘလိတ် စစ်ခေါင်းဆောင်များနှင့်ရော အတိုက်အခံများနှင့်ပါ တွေ့ဆုံခဲ့သည့်အပေါ် တရုတ်တို့အတော်စိတ်ဝင်စားကြောင်း ဦးအောင်ကျော်ဇော ကပြောသည်။

အတိုက်အခံတွေဘက်ကတော့ အကောင်းကြီးမျှော်လင့်လို့မရကြောင်း၊ တရုတ်သည် နိုင်ငံတကာ အရေးအခင်းများ ကစားကွက်များ နည်းပရိယာယ်ပိုင်းများတွင် လွန်စွာကြွယ်ဝကျွမ်းကျင်ကြောင်း ထောက်ပြသည်။

“တရုတ်က အမေရိကန်နဲ့ဗမာစစ်အစိုးရ ပလူးပလဲဖြစ်နေမှာကို စိုးရိမ်တယ်။ နောက်တစ်ခုက ဗမာစစ်တပ်က လည်း ရုရှားနဲ့ အတော်လေး နီးစပ်နေတယ်။ မြောက်ကိုးရီးယား နဲ့ဗမာက နီးစပ်နေတယ် ဒါကဗမာက ကစားနေတာ မြောက်ကိုးရီးယားက တရုတ်အိမ်နီးချင်း၊ ဗမာ ကလည်း အိမ်နီးချင်း ဖြစ်တယ်။ မြောက်ကိုးရီးယားက အခုလက်နက် အင်အားကြီးလုပ်ပြီး ရမ်းရမ်းကားကားလုပ်နေတာ တရုတ်က သူ့တာဝန်မကင်း သလိုဖြစ်နေတယ်။ ဗမာ ကလည်း ဒီလိုဖြစ်လာမှာ သူက စိုးရိမ်တယ် ” ဟုသူကပြောသည်။


No comments: