Tuesday, March 24, 2009

ဒေါ်အောင်ဆန်းစုကြည့်ကို ဖမ်းထား ခြင်းသည် စစ်အစိုးရ ကိုယ့်ဥပဒေကို ချိုးဖောက်ရာရောက်


မင်းနိုင်သူ / မတ်လ(၂၄) ရက်၊ ၂၀၀၉

ဒေါ်အောင်ဆန်း စုကြည်အား ဖမ်းဆီး ထိန်းသိမ်း ထားခြင်းသည် မြန်မာ စစ်အစိုးရ ဘက်က ကိုယ့်ဥပဒေကို ကိုယ်ချိုး ဖောက်ရာ ကျသကဲ့ သို့ နိုင်ငံတကာ ဥပဒေကိုလည်း ချိုးဖောက်ရာ ကျကြောင်း ကုလသမဂ္ဂက ထုတ်ဖော် ပြောဆိုသည်။

တရားလက်လွတ် ဖမ်းဆီးမှုဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့၏ ဥပဒေရေးရာ သုံးသပ်ချက်တွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံအား ကိုယ့်ဥပဒေကို ကိုယ်ချိုးဖောက်ကြောင်း ဝေဖန် သည်မှာ ပြောရိုးပြောစဉ်မဟုတ်ဟု ဆန်းစစ်သူများက ပြောသည်။

ယင်းသို့ ကုလသမဂ္ဂက ထုတ်ဖော်ပြောဆိုခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် လွတ်မည်ဟု မထင်သော်လည်း နအဖအား ကာကွယ်ပေးနေသည့် တရုတ်၊ ရုရှ စသည့် နိုင်ငံများအပေါ် ဖိအားပေးနိုင်ရန် ကုလသမဂ္ဂအပေါ် အရေးပါသည့် ဂယက်ဖြစ်နိုင်သည်ဟု ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်အတွက် အခမဲ့ရှေ့နေလိုက်ပေးနေသူ ၀ါရှင်တန်ဒီစီမှ ရှေ့နေ ဂျရတ် ဂျင်ဆာက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်လုံခြုံရေး သို့မဟုတ် ပြည်သူအများ တည်ငြိမ်အေးချမ်းမှုအတွက် အန္တရာယ်ဖြစ်နိုင်သူလားဆိုသည်ကိုလည်း အဆိုပါ ဥပဒေသုံးသပ်ချက်တွင် မေးခွန်းထုတ်ထားသည်။

“အခုဟာက အစိုးရက ကိုယ့်ဥပဒေကိုတောင် မလေးစားဘူးလို့ ပြောလိုက်တာပေါ့။ တနည်းအားဖြင့် ပြောမယ်ဆို ရင် ထဲထဲဝင်ဝင်ကို ဝေဖန်လိုက်တာဖြစ်တဲ့အတွက် နအဖစစ်အစိုးရအတွက် အင်မတန်မှ ရှက်စရာကောင်းပါတယ်။ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိတော့ဘူးဆိုတာကို ပြောလိုက်တာပေါ့။ အဲဒီအချက်ကို နိုင်ငံတကာက အသိအမှတ်ပြုလာရတဲ့ အနေအထားဖြစ်လာတာပေါ့။ နိုင်ငံတကာအသိုင်းအ၀န်းကြားမှာ နအဖအစိုးရအနေနဲ့ အရှက်တကွဲဖြစ်ရတဲ့ ကိစ္စတွေဖြစ်လာတော့ အနည်းနဲ့ အများဆိုသလို အရေးယူဖြေရှင်းပေးရမယ့် အနေအထား ဖြစ်လာမယ်လို့ ကျနော်ထင်တယ်” ဟု ပြည်သူလွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ အတွင်းရေးမှူး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဦးက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှုကို ဆောင်ရွက်ပေးနေသူ ရှေ့နေဦးကြည်ဝင်းကမူ ယခုလ (၁၃) ရက်တွင် အယူခံကိုကြားနာပေးပါရန် ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာကို ပေးပို့ထားသည်ဟု ပြောသည်။ အယူခံကို
၉-၁၀-၂၀၀၈ ခုနှစ်ကတည်းက တင်သွင်းခဲ့ခြင်းဖြစ်သော်လည်း နအဖစစ်အစိုးရဘက်က ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိသဖြင့် မေတ္တာရပ်ခံစာများ ပေးပို့ခဲ့သည်မှာ လေးကြိမ်ထက်မနည်းရှိပြီ ဖြစ်သည်ဟုလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ချထားမှုနှင့်စပ်လျဉ်း၍ စုံစမ်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်ကင်တားနားက မတ်လ (၁၇) ရက်၌ လူ့အခွင့်အရေးကောင်စီတွင် အစီရင်ခံခဲ့သေးသည်။ ယင်းအစီရင်ခံစာတွင် ယင်းအမှုကို အစိုးရဘက်မှ လက်ခံရရှိကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရားသူကြီးချုပ်နှင့် ပြည်ထဲရေးအား စုံစမ်းရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ရှင်းပြခဲ့သည်ဟု ဖော်ပြထားသည်။

ရှေ့နေကြီး ဦးကြည်ဝင်းကမူ ယင်းအမှုသည် တရားသူကြီးချုပ်နှင့် မဆိုင်တော့ဘဲ အစိုးရအဖွဲ့တာဝန်ရှိသူ ၀န်ကြီးချုပ် သို့မဟုတ် အစိုးရအဖွဲ့က ဗဟိုအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားသူကသာ ကိုင်တွယ်ဆောင်ရွက် ရတော့မည် ဖြစ်သည်ဟု ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သက်တမ်းထပ်တိုးတုန်းက အစိုးရအဖွဲ့ တာဝန်ပေးမှုအရ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးနဲ့ သူ့အဖွဲ့ဝင်တွေချထားတဲ့ အမိန့်ကို ကျနော်တို့က ပြန်အယူခံတာဗျ။ အဲဒါကို သူက သူ့အောက်ကို ပြန်ရှင်းခိုင်းနေလို့ မဖြစ်ဘူးလေ။ တရားသူကြီးချုပ်ဆိုတာကလည်း ပုဒ်မ (၂၁) ကို ၁၉၉၁ ခုနှစ်မှာ ဖျက်သိမ်းလိုက်ကတည်းက တရားရုံးချုပ်ရဲ့ကဏ္ဍမပါတော့ဘူးဗျ။ တရားသူကြီးချုပ် ၀င်ရောက်ကိုင်တွယ်ရမယ့် အမှုမျိုးလည်း မဟုတ်တော့ဘူးဗျ။ အဲတော့ အဲလိုပြောဆိုခဲ့တယ်ဆိုရင်တော့ ပြောဆိုမှုတွေကိုက လွဲနေတယ်ဗျ” ဟု ဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်အယူခံကို ကြားနာပေးရန် ရှေ့နေကြီး ဦးကြည်ဝင်းက နအဖ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာပေးပို့ပြီး (၆) ရက်အကြာတွင် အန်အယ်လ်ဒီက ပါတီဗဟိုအလုပ်အမှုဆောင် စုံညီအစည်းအဝေး ကျင်းပလိုသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နှင့် တွေ့ခွင့်ပေးရန် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တင်ပြခဲ့သည်။ ယင်းသို့တောင်းဆိုမှုကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ အတွင်းက ပြုလုပ်ခဲ့ဖူးသော်လည်း နအဖစစ်အစိုးရဘက်မှ တစုံတရာအကြောင်းပြန်ကြားမှုမရှိခဲ့ပေ။

အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ကျနော်တို့ အတွေ့အကြုံတွေအရတော့ အကြောင်းမပြန်တာ များတာပေါ့လေ။ သို့သော်လည်းပဲ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို ကျနော်တို့ အားမလျော့ဘဲ လုပ်သွားမယ်။ ပြောစရာရှိတာပြောမယ်။ တင်ပြစရာရှိတာတင်ပြမယ်။ မလုပ်ရင် သမိုင်းအရ၊ နိုင်ငံရေးအရ ဘယ်သူက တာဝန်ရှိလဲ ဆိုတာမျိုး သူ့ဟာသူဖြစ်လာပါလိမ့်မယ်” ဟု ဆိုသည်။

No comments: