Thursday, March 26, 2009

ဒေါ်စုဖမ်းဆီးခံထားရခြင်းအပေါ် ပထမဆုံးအကြိမ် ကုလပြောဆို

ဒေလီထက်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ဆက်လက် ဖမ်းဆီး ထိန်းသိမ်းခြင်း နှင့် ပတ်သက်ပြီး ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီ အလုပ် အမှုဆောင် အဖွဲ့တဖွဲ့က မြန်မာ စစ်အစိုးရ ကို ပေးပို့သော သုံးသပ်ချက်တွင် ပထမဦးဆုံး အကြိမ် ပြောသွား ပါသည်။

ကုလသမဂ္ဂအဖွဲ့ကြီးတဖွဲ့အနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ သူ့ပြည်တွင်း ဥပဒေချိုးဖောက်မှု ရှိနေသည်ကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြောသွားခြင်း ဖြစ်ပါသည်။

ဒေါ်စုအား မြန်မာစစ်အစိုးရမှ ဆက်လက် ထိန်းသိမ်းထားခြင်းသည် မိမိပြည်တွင်း၏ ဥပဒေကို ပြန်လည် ချိုးဖောက်နေသည့်အပြင် နိုင်ငံတကာ ဥပဒေနှင့်လည်း ကိုက်ညီမှုမရှိဟု မတရား အရေးယူ ဖမ်းဆီးမှုများဆိုင်ရာ အမှုဆောင်အဖွဲ့ (UN Working Group on Arbitrary Detentions) က ဆိုပါသည်။

နိုင်ငံတကာမှ ဥပဒေပညာရှင်များ တင်ပြလာသည့်အချက်နှင့် မြန်မာစစ်အစိုးရ၏ တုန့်ပြန်ချက်များကို သုံးသပ်ပြီး ထုတ်ဖော်ခြင်းဖြစ်သည်။

ယခုလို တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ခြင်းသည် သမိုင်းဝင်သွားသည့် တိုးတက်မှုဖြစ်ပြီး မြန်မာစစ်အစိုးရမှ ဒေါ်စုအား ရုတ်တရက် လွတ်ပေးမည်မဟုတ်သော်လည်း စစ်အစိုးရကို ကာကွယ်ပေးနေသည့် ရုရှား၊ တရုတ် စသည့် နိုင်ငံများအပေါ် ဖိအားပေးနိုင်ရန် အရေးပါသည့် ဂယက်ဖြစ်နိုင်သည်ဟု ဒေါ်စု၏ အမှုတွဲကို တင်ပြခဲ့သည့် ရှေ့နေ မစ္စတာ Jared Genser က ပြောပါသည်။

မစ္စတာ Jared Genser က “အရင်တုန်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုတို့က ဒေါ်စု လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပြီးပြီ။ စစ်အစိုးရက မျက်နှာပြောင်တိုက်နေတာကို နိုင်ငံတကာက ဘယ်လောက်ကြာအောင် သည်းခံနေဦးမှာလဲလို့ပဲ မေးစရာ ကျန်တော့တယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောဆိုသွားပါသည်။

ဒေါ်စုသည် ပြီးခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကြာ ချုပ်နှောင်ခံထားရသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အဖွဲ့တဖွဲ့ဖြစ်သည့် မတရာအရေးယူ ဖမ်းဆီးမှုများဆိုင်ရာ အမှုဆောင်အဖွဲ့(WGAD) သည် ချီလီ၊ ပါကစ္စတန်၊ ရုရှ၊ ဆီနီဂေါ၊ စပိန် စသည့် နိုင်ငံများမှ ကျွမ်းကျင်သူများ ပါဝင်သည့် လုပ်ငန်းအဖွဲ့ဖြစ်သည်။


No comments: