Tuesday, March 31, 2009

အစီရင်ခံစာတင်သွင်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုဆိုးရွာ မစ္စတာကင်တာနာပြော

ဒေလီထက်/မတ်လ ၃၁၊ ၂၀၀၉

မြန်မာ နိုင်ငံနှင့် ပတ်သက်ပြီး လူ့အခွင့် အရေးကောင်စီသို့ အစီရင် ခံစာတင်သွင်း ပြီးနောက် လူ့အခွင့် အရေး ချိုးဖောက်မှု အခြေအနေ ပိုမိုဆိုးရွား လာသည်ဟု ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စတာ တောမတ် အိုဟေး ကင်တားနားက ဆိုပါသည်။


ဂျာနီဗာမြို့တွင် ကျင်းပပြုလုပ်သည့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးပွဲတွင် မစ္စတာ ကင်တားနားအား မြန်မာနိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် မတ်လ ၂၇ ရက်နေ့က ဆက်လက်၍ တာဝန်ပေးလိုက်ပါသည်။

အဖွဲ့ဝင် ၄၇ ဖွဲ့ရှိသည့် အတွင်းမှ တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အာရှ နိုင်ငံအချို့မှ ကန့်ကွက်မဲ ပေးသည်ဟု သိရပါသည်။

ယခုလို မြန်မာနိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ဆက်လက် ဆောင်ရွက်ရသည်နှင့် ပတ်သက်ပြီး မစ္စတာ ကင်းတာနားက “မြန်မာနိုင်ငံထဲမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်ဖို့အတွက် လမ်းကြောင်းတွေ ပွင့်လာအောင် ကျနော် ကြိုးစား နေပါတယ်။ ဒါဟာ ခက်ခဲတဲ့ လုပ်ငန်းပါ။ ကျနော်အတွက် စိန်ခေါ်မှုပါ။ ကျနော်ကို လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် ခန့်ထားတာဟာ အဓိကက မြန်မာနိုင်ငံထဲက လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန်လာစေဖို့ပါ။ ဒါဟာ ကုလသမဂ္ဂ ပဋိညာဉ်နဲ့အညီ လုပ်နေတာပါ။ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် နအဖ အစိုးရအနေနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်နဲ့ ပူပေါင်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်” ဟု ဘီဘီစီ သတင်းဌာနသို့ ပြောသွားခဲ့ပါသည်။

မစ္စတာ ကင်တားနားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံသို့ မြန်မာစစ်အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် သတင်းထွက်ပေါ်သည့်အတွက် သွားရောက် လေ့လာခြင်း ဖြစ်ပါသည်။

မစ္စတာ ကင်တားနား မြန်မာနိုင်ငံသို့ ရောက်သည့်အချိန်တွင် အင်းစိန်ထောင်အပါအ၀င် အကျဉ်းထောင်အချို့သို့ သွားရောက်လေ့လာခဲ့ပြီး အခြေအနေအရပ်ရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းဝေးတွင် တင်ပြရာ မြန်မာစစ်အစိုးရကိုယ်စားလှယ်မှ ငြင်းဆိုခဲ့ပါသည်။

No comments: