Tuesday, March 24, 2009

CNG 82 Model နှင့် အောက်ကားများလုပ်ငန်းလိုင်စင်ဖျက်သိမ်းမည်

အောင်ထက် / မတ်လ(၂၄) ရက်၊ ၂၀၀၉

သင်္ကြန် အလွန် ဧပြီလ ကုန်ခန့်တွင် ရန်ကုန်မြို့တွင်း ပြေးဆွဲ နေသော CNG 82 Model နှင့် အောက်အက္ခရာ ကားများ ကို တရားဝင် လုပ်ငန်း လိုင်စင် ဖျက်သိမ်း မည်ဖြစ်ပြီး မကြာမီက ၎င်းတို့ ဆင်ထားသော CNG ပစ္စည်းများ ပြန်သွင်းပါက ထူးထရေဒင်း ကုမ္ပဏီမှ တလုံး (၇) သိန်းဖြင့် ဈေးဖြတ်ပေး မည်ဖြစ်ကြောင်း၊ (၂) သိန်းဦးစွာပေးပြီး ကျန် (၅) သိန်းကို တလ (၁) သိန်း နှုန်းပေးမည်ဖြစ်ကြောင်း ကားဝယ်ရောင်း လောက အတွင်း ပြောဆို နေကြသည်။

“CNG 82 Model နဲ့ အောက်ကားတွေအားလုံး သုံးချင်သုံး မသုံးချင်နေ၊ အကုန်လုံးလိုင်စင်အနက်ပြန်ပြောင်းရမယ်။ 82 Model အောက်ကားမှန်သမျှ လုပ်ငန်းလိုင်စင် သိမ်းမယ့်သဘောပေါ့။ ဟိုတုန်းက ဃ- နံပါတ်တွေဖျက်တဲ့ သဘောလည်း မဟုတ်ဘူး။ လုပ်ငန်းလိုင်စင်ပဲ ဖျက်ပစ်မှာ။ ဓာတ်ဆီ၊ ဒီဇယ်သုံးသုံး၊ CNG သုံးသုံး လုပ်ငန်းလိုင်စင် (အနီ) ကို မပေးတော့ဘူး။ နံပါတ် အနက်ပဲ။ အိမ်မှာထားထား၊ နယ်ပို့ပို့ အိမ်စီးပဲရမယ်။ SE တန်းတွေ အကုန်ပါသွား လိမ့်မယ်။ ဒါကို ကားပိုင်ရှင်အားလုံးနီးနီး ကြိုတင်သိနေပြီးသား” ဟု ကျောက်မြောင်းကားပွဲစားတန်း ၀ယ်ရောင်းသမားများက ဆိုကြသည်။

အဆိုပါ အစီအစဉ်မှာ ထူးထရေးဒင်းအပါအ၀င် လုပ်ငန်းရှင်ကြီးများနှင့် နအဖ ပုဂ္ဂိုလ်တို့၏ ကိုယ်ကျိုးစီးပွားအတွက် အကွက်ဆင်ထားခြင်းဖြစ်ကြောင်း၊ ဘောလုံးအသင်းဖွဲ့ထားသော ထူးထရေးဒင်းအပါအ၀င် လုပ်ငန်းရှင်ကြီး (၈) ဦးကို ကားပါမစ်ချပေးမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ အသုံးပြုလက်စ CNG သုံးပစ္စည်းများကို အောက်ဈေးဖြင့် ၀ယ်ယူရခြင်းဖြစ်ကြောင်း၊ တင်သွင်းမည့် ဓာတ်ဆီ၊ ဒီဇယ်ကားများကို ယခုဝယ်ယူမည့် CNG သုံးပစ္စည်းများ တပ်ဆင်ဦးမည်ဖြစ်ကြောင်း ကားပွဲစားတဦးက ပြောသည်။

“ကျနော်ဆိုရင် old model လေး။ ဟိုတုန်းကတော့ ဂျာမနီနာမည်ကြီးကားပေါ့။ အော်ဒီဆိုတာ။ CNG တပ်ဆင်အပြီး ဘာညာနဲ့ သိန်း (၈၀) လောက်ကျတယ်။ CNG ကတင် (၁၂) သိန်း စွန်းစွန်းကျနေတယ်။ ခု လိုင်စင်အနက်ပြောင်း ရမယ်ဆိုတဲ့သတင်းထွက်လာတော့ အရှုံးခံပြန်ရောင်းနေတာတောင် ဘယ်သူမှ ၀ယ်သူမရှိဘူး။ Black Taxi ဆိုလည်း အဖမ်းခံရဦးမယ်” ဟု ဖေဖော်ဝါရီလကမှ Taxi တစီးဝယ်ထားသူက ညည်းညူသည်။

အတည်မပြုနိုင်သေးသည့် အဆိုပါသတင်းသာ မှန်ကန်ပါက လမ်းကြောပေါ်၌ ပြေးဆွဲနေသော CNG Taxi အားလုံး၏ တ၀က်ခန့်မှာ လုပ်ငန်းလိုင်စင်ဖျက်သိမ်းခံရမည်ဖြစ်ကြောင်း၊ သတင်း မှန် မမှန် ကုန်လမ်းညွှန်ကြားမှု ဦးစီးဌာန (မြင်သာလိုင်စင်ရုံး) သို့ မေးမြန်းသော်လည်း အထက်မှ ညွှန်ကြားချက် မလာသေးကြောင်းဟုသာ ဦးစီးဌာန အရာရှိတဦးက ဖြေသည်။

No comments: